သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောင်မြို့နယ် မိန်းကလေးတဦး အဓမ္မပြုကျင့် အသတ်ခံရမှု စစ်ဆေးနေဆဲ


လုံခြုံရေး ရဲများ
လုံခြုံရေး ရဲများ

မြောင်မြို့နယ်မှာ အသက် ၁၀ နှစ် အရွယ် မိန်းကလေးငယ် တဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံလိုက်ရပါတယ်။ အမှုကို စစ်ဆေးနေဆဲ ဖြစ်ပြီး တရားခံကိုတော့ မဖမ်းမိသေးဘူးလို့လည်း မြောင် ရဲစခန်းက ပြောပါတယ်။ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အဓမ္မပြုကျင့်ခံရမှုတွေ ခပ်စိပ်စိပ် ဖြစ်လာနေပြီး ဒီကိစ္စတွေကို ကိုင်တွယ်နိုင်ဖို့ အတွက် တရားဥပဒေကြောင်းအရရော လူမှု အသိုင်းအဝိုင်းရဲ့ ထောက်ပံ့မှုတွေပါ လိုအပ်တယ်လို့လည်း ဥပဒေရေးရာ ကျွမ်းကျင်သူတို့က ထောက်ပြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ ပြီးခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ညက ၁၀ နှစ် အရွယ် မိန်းကလေးငယ် တဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပြီး အခုတော့ တရားခံကို အာဏာပိုင်တို့ လိုက်လံ ရှာဖွေနေဆဲ ဖြစ်တယ်လို့ မြောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် အမတ် ဒေါ်အေးမြတ်မွန်က ပြောပါတယ်။

“တန်ဆောင်မုန်းလပြည့်ညမှာခေါ်ပြီးတော့ အဲလိုမျိုးအနိုင်ကျင့်ခံရတယ်ပေါ့။ ပြီးတော့ ကလေးကို သတ်သွားတယ်၊ လိုက်ရှာကြည့်တော့ အလောင်းပဲတွေ့တယ်ပေါ့ သတ်တဲ့လူတော့မတွေ့သေးဘူး၊ တရားခံတော့ မပေါ်သေးဘူးပေါ့နော်။ ကျမတောင်မှာ ဟိုတနေ့က တရားဥပဒေစိုးမိုးရေးကော်မတီ လာလို့လေ ကျန်တဲ့မြို့နယ်တွေဖြစ်လို့ ၊ မြောင်မြို့နယ်မှာကော ဒါမျိုးတွေမရှိဘူးလားလို့မေးတော့ ကျမက ဂုဏ်ယူဝင့်ကြွားပြောလိုက်တာပေါ့နော် ။ ကျမတို့မြို့နယ်မှာတော့ မရှိဘူး ၊အဲဒါမျိုးနဲ့ ပတ်သက်လို့ အေးချမ်းတယ်လို့ဆိုတော့ ၊ အော် မြောင်မြို့နယ်က တော်ပါတယ်။ ဟုတ်တယ် အခုနောက်ပိုင်းမှ ဖြစ်လာတာပါ။”

မြောင်မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ရဲမှူး ဦးသောင်းငွေကတော့ အမှုကို စုံစမ်းစစ်ဆေးနေပါတယ်လို့ ပြောပါတယ်။

“ကျနော်တို့ စုံစမ်းဆဲပါပဲ၊ လုပ်တုန်းပဲ ရှိပါသေးတယ်။”

နိုင်ငံတဝန်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အထူးသဖြင့် မိန်းကလေးငယ်တွေ အဓမ္မပြုကျင့်ခံရတာတွေ၊ တချို့ဆိုရင် အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရတာတွေက ခပ်စိပ်စိပ် ဖြစ်လာနေလို့ တရားရေး မဏ္ဍိုင်ဘက်က တည်ဆဲ ဥပဒေတွေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်း ရှေ့နေကြီး ဦးသိန်းသန်းဦးက ပြောပါတယ်။

“တကယ်ကတော့ ရှိပါတယ်ခင်ဗျာ၊ မုဒိမ်းလူသတ်တို့ဘာတို့ ။ ပြစ်မှုပြစ်ဒဏ်တွေက ရှိပြီးသားပါ ၃၇၆ မှာရှိတယ် လူသတ်မှုပါတဲ့ မုဒိမ်းမှုပေါ့နော် ဒါမျိုးတွေပေါ်မှာ ပြင်းပြင်းထန်ထန် ချနိုင်တဲ့အခြေအနေကတော့ ရှိပြီးသားပါ။ အခုကတော့ လက်ရှိမှာ ကျနော်တို့က အကြောင်းကြောင်းကြောင့် မကျင့်သုံးနိုင်သေးတာပါ။ ကျနော်ထင်ပါတယ် ဒီကိစ္စကတော့ သိပ်ပြီးကျယ်ပြန့် နေပြီ၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ကို များလာနေပြီ ဒီ သက်ငယ်မုဒိမ်းက။ များလာတဲ့အပေါ်မှာတော့ တရားရုံးတွေကတော့ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချတော့မယ်လို့ ယုံကြည်ပါတယ်။”

ကသာမြို့က အသက် ၈ နှစ် အရွယ် မိန်းကလေးငယ် တဦး အဓမ္မပြုကျင့်ခံရမှုကို တရားဥပဒေကြောင်း အရ အရေးယူနိုင်ဖို့ ကိုယ်တိုင် ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးသိန်းသန်းဦးက သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

“အဲဒီအမှုကတော့ ကလေးမလေးက ၈ နှစ်သမီးလေး ပေါ့နော်။ ၈ နှစ်သမီးလေးကို ကာယကံရှင်ကတော့ အသက် ၄၀ လောက်ရှိတယ် ရွာမှာဆိုတော့ သူက ကလေးမုဒိမ်းလုပ်တဲ့အခါကျတော့ ကလေးမလေးက သားအိမ်ပျက်သွားရှာတယ်။ သူက abduction ၃၆၆ လည်းပါတာပေါ့ ၊ လူခိုးသွားတယ် နောက် Rape သွားတယ်။ အဲဒီအတွက် သူက ဒီ ၃၆၆ ကို လူခိုးမှုအတွက်က ၇ နှစ် ၊ နောက်တခုက သက်ငယ်မုဒိမ်းအတွက် အပြင်းအထန်ပေးလိုက်တာပါ အဲဒါကတော့ တသက်တကျွန်းချတယ်။ အဲဒါကို ကသာခရိုင်တရားရုံးက အတည်ပြုတယ်။ စစ်ကိုင်းတိုင်းတရားရုံးရောက်တဲ့အခါကျတော့ အဲဒီပြစ်ဒဏ် ၂ ခုကို ပေါင်းပေးလိုက်တယ်။ တကယ်တော့ ၃၆၆ နဲ့ ၃၇၆ က သီးခြားခေါင်းစဉ်တွေဖြစ်တယ် ၊ ဥပဒေကြောင်းအရ ပေါင်းလို့မရဘူးခင်ဗျ။ ဒါပေမယ့် ကျနော်တို့ကလည်း ဒါကိုအကြယ်တပွင့်မလုပ်တော့ဘူး တကျွန်းသွားတာပဲဆိုပြီးတော့။ တကယ်တော့ အဲဒီအမိန့်က ဥပဒေနဲ့ မညီပါဘူး။ အဲဒီကလေးမလေးအတွက် ကျနော်တို့က ဒီလျော်ကြေး တောင်းတာပေါ့နော်။ လူမှုရေးအရ social compensation တောင်းတဲ့ အခါကျတော့ ဘာလုပ်သလဲဆိုတော့ ကသာခရိုင် က ဒုတိယ ခရိုင် တရားသူကြီးက အဲဒီအမှုမှာ ကလေးမလေးက အသက် ၁၈ နှစ်မပြည့်သေးတော့ တရားစွဲလို့မရဘူးတဲ့၊ ၁၈ နှစ်ပြည့်မှစွဲဆိုပြီးတော့ အမိန့်ချတာ၊အင်မတန်မှ အံသြစရာကျနော်တို့ တွေ့ခဲ့ရပါတယ်။”

တရားဥပဒေ စိုးမိုးရေး အတွက် အစိုးရဘက်က ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးတဲ့ အနေအထားမှာ လူထုနဲ့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတို့ သတိရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း တရားရေးဆိုင်ရာ ကျွမ်းကျင်သူတို့က ပြောပါတယ်။ ကလေးငယ်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ အခြေအနေတွေကို ဆွေးနွေးကြမယ့် အမျိုးသား အဆင့် ကလေးသူငယ်များ တွေ့ဆုံပွဲကိုလည်း လာမယ့် နိုဝင်ဘာလ ၁၈ ရက်ကနေ ၂၀ ရက်နေ့ အထိ နေပြည်တော်မှာ ကျင်းပပြုလုပ်ဖို့ NGOs Child Right Working Group (NCRWG) အဖွဲ့က စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG