သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြဝတီ နယ်စပ်လုံခြုံရေး တင်းကြပ်


ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုမြင်ကွင်း။
ထိုင်း-မြန်မာနယ်စပ်ဂိတ်တခုမြင်ကွင်း။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်နဲ့ မြန်မာစစ်တပ်တို့ ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် ထိုင်းမြန်မာ နယ်စပ်မြို့တွေ ဖြစ်ကြတဲ့ မဲဆောက်နဲ့ မြဝတီမြို့တွေမှာလည်း လုံခြုံရေးတင်းကြပ်ထားပါတယ်။ ကုန်စည်စီးဆင်းမှုဟာ နယ်ခြားစောင့်ဂိတ်တွေကနေ သွားကြတာဖြစ်လို့ ကုန်သည်ငယ်တွေအတွက်တော့ စီးပွားရေးထိခိုက်မှု သိပ်မရှိကြောင်းဆိုပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် DKBA နဲ့ မြန်မာအစိုးရတပ်တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်နဲ့ မြဝတီမြို့တွေမှာ လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားပါတယ်။ ဒါပေမယ့် မဲဆောက်-မြဝတီ ကုန်ကူးသန်းသွားလာနေသူတွေဟာ နယ်ခြားစောင့်တပ် ဂိတ်တွေကနေ သွားနေကြတာဖြစ်လို့ စီးပွားရေးမှာတော့ သိသိသာသာ ထိခိုက် ရပ်တန့်သွားတာမျိုး မရှိပါဘူး။

အရောင်းအဝယ်တွေ ပုံမှန်အနေအထားမှာရှိနေတဲ့အကြောင်း ကုန်သည်တဦးက အခုလို ပြောပြပါတယ်။

“စီးပွားရေးတွေကတော့ အေးအေးဆေးဆေးပဲ၊ သူ့ဟာသူဖြစ်မယ်။ အရောင်းအဝယ်တွေကတော့ ပုံမှန်ပဲ။ ဟိုဘက်အခြေအနေတော့ ကျမ မသိဘူးရှင့်။ ဒီဘက်ကတော့ အေးအေးဆေးဆေးပဲ။”

ကရင်ပြည်နယ်အတွင်းမှာ မတည်ငြိမ်မှုတွေ ရှိနေပေမယ့် နယ်စပ်ကုန်သည်ငယ်တွေအတွက်တော့ သိသာထင်ရှားတဲ့ ထိခိုက်မှုမျိုး မတွေ့ရသေးပါဘူး။ များသောအားဖြင့် လမ်းပိတ်တဲ့ရက်တွေမှာတောင် တခြား တောလမ်းတွေကနေ ကုန်ပစ္စည်းတွေ သယ်ဆောင်လေ့ ရှိကြပါတယ်။ မြန်မာပြည်ဘက်ကို ပလပ်စတစ်နဲ့ သံထည်ပစ္စည်းတွေ ပို့နေတဲ့ ထိုင်းကုန်သည်တစ်ဦးကတော့ အရောင်းအဝယ်ပါးနေတဲ့အတွက် စီးပွားရေးလုပ်ရတာ အကျိုးဖြစ်ထွန်းမှု နည်းတယ်လို့ ဆိုပါတယ်။

“ပစ္စည်းသိပ်မသွားရဘူး၊ ကြာပြီ။ အရောင်းအဝယ်သိပ်မကောင်းလို့ အမတို့ သိပ်မထွက်ရဘူး။”

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ဘက်မှာတော့ ထိုင်းစစ်တပ် အာဏာသိမ်းပြီးကတည်းက လုံခြုံရေးချထားရာကနေ စနေနေ့က မြဝတီမြို့မှာ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးကို တိုးချဲ့ချထားခဲ့ပါတယ်။ ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ ပြီးခဲ့တဲ့ရက်က ပစ်ခတ်မှုတွေရှိခဲ့အပြီး မြန်မာစစ်တပ်ဘက်ကလည်း မြဝတီမြို့မှာ လုံခြုံရေးတင်းကြပ်ထားသလို ကရင်လက်နက်ကိုင် နောက်တဖွဲ့ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ နေရာတွေကို မြန်မာစစ်တပ်ဘက်က နေရာယူ တပ်စွဲထားခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ အပစ်ရပ်နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်မိသားစုနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ ဈေးဆိုင်တချို့ကို ဝင်ရောက်ရှာဖွေ ဖျက်ဆီးမှုတွေ လုပ်ခဲ့တဲ့အကြောင်း မြို့ခံတစ်ဦးကလည်း အခုလို ပြောပြပါတယ်။

“တမြို့နယ်လုံးလောက်ကိုတောင် တပ်တွေချထားတယ်။ မြေနီကုန်းအဆက်တွေ၊ အောင်မြေ ရေဘိုကျေးရွာအဆက်တွေ၊ နောက်ပြီးတော့ ဗိုလ်တိုက်ဂါး ဝန်း တဝန်းလုံးကိုတော့ ရဲဘော်တွေ အကုန်လုံး ဝင်နေလိုက်ကုန်ပြီလေ။ လမ်းပေါ်မှာရောင်းတဲ့ အသီးအနှံအပင်တွေ၊ နောက်ပြီးတော့ ပန်းပင်ရောင်းတဲ့ဆိုင်တွေလည်း မရှိတော့ဘူး။ မနေ့တုန်းက ရှိတယ်။ ဒီနေ့ဆိုရင် မရှိတော့ဘူး။ မနေ့ညနေကတည်းက ဖြစ်သွားတယ်လို့ ပြောတယ်။ အဆောက်အအုံတွေ၊ လမ်းမတန်းဖွင့်ထားတဲ့ဆိုင်တွေ ဖျက်လိုက်တာတို့ အဲဒါမျိုးတွေတော့ ကျနော် သိတယ်။”

မနေ့ကအထိ မွန်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေသလို တနင်္လာနေ့မှာလည်း ကရင်ပြည်နယ်ဘက်မှာ တိုက်ပွဲပြန်ဖြစ်နေတယ်လို့ မြဝတီမြို့DKBA ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်ကြီးစိုးမြင့်က ပြောပါတယ်။

“အခုလည်းဖြစ်နေတယ်။ တောက်လျှောက်ပဲလို့လည်း သိရတယ်။ ငြိမ်အောင်တော့ ထိန်းနေပါတယ်။ ထိန်းလို့လည်း မရသေးပါဘူး။ ဒီမနက်ကတော့ -- တကြိမ်ဖြစ်ပါတယ်။ ပြီးတော့ ဒီနေ့လည်း တောင်ကြာအင်းဘက်မှာလည်း တကြိမ်ထပ်ဖြစ်ပါတယ်။”

အခုဖြစ်နေတဲ့ DKBA နဲ့ မြန်မာစစ်တပ်တို့ရဲ့ ပဋိပက္ခဟာ နိုင်ငံရေးကိစ္စတွေပါလာရင် ပိုပြီးတော့ ကြီးထွားလာနိုင်တယ်ဆိုပြီး မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစုရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်ထက်က သုံးသပ်ပါတယ်။

“ဖြစ်တာက DKBA နဲ့ စစ်တပ်နဲ့ဖြစ်နေတဲ့ကိစ္စမှာ အခြေခံ နိုင်ငံရေးကိစ္စတွေပါလာမယ်ဆိုလို့ရှိရင်တော့ ဒါကတော့ ပိုပြီးတော့ ကြီးလာနိုင်တယ်။ ဒီနေ့အချိန်အခါမှာတော့ အကုန်လုံး တိုင်းရင်းသားတွေ၊ လက်နက်ကိုင် အင်အားစုတွေ အပစ်အခတ် ရပ်ထားတာရော၊ မရပ်ထားတာရော အကုန်လုံးကတော့ ညီညီညွတ်ညွတ်နဲ့ စုစုစည်းစည်းနဲ့ ဖြစ်လာတဲ့ပြဿနာတွေအပေါ်မှာ ဝိုင်းကြိုးစားရမယ်လို့ ထင်တယ်။ DKBA နဲ့ဖြစ်တာနဲ့ DKBA ကိစ္စပဲလို့ အကုန်လုံးက စဉ်းစားလို့တော့ မရဘူး။ အကုန်လုံးနဲ့ ပတ်သက်ဆက်နွယ်နေတယ်လို့ ကျနော် အဲဒီလိုပဲမြင်တယ်။ အချိုးတွက်က မညီမျှမှုတွေလေဗျာ။ ဟုတ်တယ်မို့လား၊ သူတို့စစ်တပ်ကျတော့ လုပ်ချင်ရာလုပ်လို့ရတယ်၊ သူတို့ကျတော့ သွားချင်တိုင်းမသွားရ၊ ဟိုနားလက်နက်မကိုင်ရ၊ ဒီနား လက်နက်မကိုင်ရဆိုရင် အပစ်ရပ်ထားပြီဆိုရင် နှစ်ဘက် ယုံကြည်မှုတည်ဆောက်ရမှာပေါ့ဗျာ။”

လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်လို့ ကရင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ ဖားအံမြို့က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဆက်သွယ်ခဲ့ရာမှာလည်း တာဝန်ရှိသူတွေ မအားကြတဲ့အတွက် ဖြေဆိုဖို့ ငြင်းဆိုသွားပါတယ်။

XS
SM
MD
LG