သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေကြီးမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးထိခိုက်


မြန်မာပြည်က ရေကြီးရေလျှံတဲ့သဘာဝဘေးဒဏ်တွေကြောင့် ထိုင်းမြန်မာ နယ်စပ် ကုန်သွယ်ရေးကို အဓိကလုပ်ကိုင်နေကြတဲ့ မြဝတီ-မဲဆောက် ကုန်သွယ် စီးဆင်းမှုတွေ ရပ်တန့်နေပါတယ်။ အဲဒီအတွက် နှစ်နိုင်ငံ ကုန်သွယ်မှုက ဘတ်ငွေ သန်းပေါင်း ၅ ထောင်လောက် နစ်နာနေတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံဘက်ကနေ အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေ၊ သံထည် ပစ္စည်းတွေကို အဓိကတင်ပို့နေပြီး မြန်မာဘက်ကတော့ နွားနဲ့ကွမ်းလို ပစ္စည်းမျိုး တွေကိုသာ တင်ပို့နေတာ ဖြစ်ပါတယ်။ အခုအခါမှာ ကရင်ပြည်နယ်မှာ သီတင်း နှစ်ပတ်ကြာ ရေကြီးနေတဲ့အတွက် ထိုင်းဘက်က တင်သွင်မယ့် ကုန်စည်တွေကို ရပ်နားထားရပါတယ်။ ကုန်သည်တဦးကတော့ ရေကြီးတာအပြင် မြန်မာငွေဈေး ကျတာကြောင့်ပါ ကုန်စည်စီးဆင်းမှုတွေ ရပ်တန့်နေတာဖြစ်ကြောင်းနဲ့ အရောင်း အဝယ်လုပ်မရကြောင်း အခုလို ပြောပြပါတယ်။

“အဲဒါတွေ ရပ်ထားတယ်။ ကုန်သွယ်မှုက ကားကြီးတွေဆင်းလို့ မရဘူး။ အကုန် ပိတ်ထားတယ်။ အဆင်းမရှိဘူး။ ကုန်စည် မစီးဆင်းဘူး။ ငွေဈေးကလည်း တအား ပြုတ်တယ်။ (တအားကျတယ်။) ၂၂၈၀ ဆို တသိန်းရတာပေါ့။ အခုလောလော ဆယ် အရောင်းအဝယ် လုပ်မရဘူး။ ငွေဈေးကလည်း ကျတယ်။ ရေကလည်း ကြီးတယ်။ ကုန်သည်ကလည်း ပစ္စည်းမဆင်းတော့ဘူး။ ကြောက်တာပေါ့။ ရေကြီး နေတော့ ဘာမှ လုပ်မရဘူး။ မြန်မာဘက်ကလည်း မလာနိုင်ဘူး။ ဒါက သဘာဝ ဘေးအန္တရာယ်ဆိုတော့လည်း ဘာမှ လုပ်မရဘူး။ မသွားရဲဘူး၊ ကြောက်တယ် လေ။ ရေကြီးတော့ ထိုင်းကတော့ ထိခိုက်တာပေါ့။ ဂယက်ရိုက်တာပေါ့။ ကုန်စည် စီးဆင်းမှု အဝင်အထွက် မရှိတော့ဘူး။”

ထိုင်းနဲ့မြန်မာမှာ မြန်မာဘက်က ကုန်ပစ္စည်းတင်ပို့နိုင်မှုနည်းပြီး ထိုင်းကတော့ အစားအသောက်ကအစ မြန်မာပြည်ဘက်ကို ကုန်ပစ္စည်းတွေ တင်သွင်းနေတာ ပါ။ အခုလို ရေကြီးရေလျှံနေတာတွေကြောင့် ကုန်စည်စီးဆင်းဖို့ မလွယ်သေး ကြောင်း ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

“လတ်တလောကတော့ သွားလာမှုတွေ ရပ်နေတယ်။ ကျနော်တို့ဒီဘက်မှတော့ ထိုင်းကပဲ ပစ္စည်းဝင်တာများတယ်။ မြန်မာကုန်သည်တွေကလည်း လတ်တလော မှာတော့ သယ်ယူပို့ဆောင်ရေး ခက်နေတာပေါ့။ ရေကြီးနေတော့ ခက်နေတာပေါ့။ ကားကြီးလောက်ပဲ သွားလို့ရတယ်။ ရေကတော့ ကျစ ပြုနေပါပြီ။”

ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီ ကုန်စည်စီးဆင်းမှုက တနှစ်ကို ဘတ်ငွေ သန်းပေါင်း ၁ သိန်း၊ ၂ သောင်းကျော် ရှိကြောင်း ထိုင်းဘက်က တွက်ချက်ထား ပါတယ်။

အခုလို ကုန်စည်စီးဆင်းမှုတွေ ရပ်နားနေတဲ့အတွက် သီတင်းနှစ်ပတ်အတွင်း ဘတ်ငွေ သန်းပေါင်း ၅ ထောင်ဖို့လောက် နစ်နာနေရကြောင်း ကုန်သည်တွေက ပြောပါတယ်။ မြန်မာဘက်ကလည်း တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် မဲဆောက် -မြဝတီ ကုန်သွယ်စီးဆင်းမှု ပမာဏက ပိုများကြောင်း ပြောပါတယ်။ အခုအခါ မှာတော့ မြန်မာပြည်ရဲ့ ရေဘေးကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုတွေ ရပ်နားထားရဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG