သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဆင့်ခေါ်သတင်းကြောင့် မြဝတီဒေသခံလူငယ်တချို့ တိမ်းရှောင်


ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့ ယခင်မှတ်တမ်းဓာတ်ပုံ။
ထိုင်းမြန်မာနယ်စပ် - မဲဆောက်ဖက်ကနေ လှမ်းမြင်နေရတဲ့ မြဝတီမြို့ ယခင်မှတ်တမ်းဓာတ်ပုံ။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ဖို့ ခေါ်ယူနေတာကြောင့် လူငယ်တွေဟာ ကိုယ့်အိမ်တွေမှာကိုယ် မနေရဲတော့ဘဲ ရှောင်ပြေးနေရတယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့မှာ လူငယ်လူရွယ်တွေကို စစ်မှုထမ်းဖို့ မဲနှိုက်ဖို့ ခေါ်ယူနေတာကြောင့် မြဝတီမြို့မှာ မိဘတွေကော လူငယ်တွေပါ စိုးရိမ်ပူပန်ပြီး တချို့နေအိမ်တွေကနေ ရှောင်ပြေးနေရကြောင်း ဒေသခံတဦးကအခုလိုပြောပြပါတယ်။

"အခုဟာက မြဝတီမြို့ပေါ်မှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ စစ်မှုထမ်းဥပဒေအရ မဲနှိုက်ရမယ်ဆိုပြီးဖြစ်နေတယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းသူကလွဲရင် ကျန်းမာသန်စွမ်းသူတွေအားလုံး မဲနှိုက်ရမယ်။ အဲဒီလိုဖြစ်လို့ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ သွားနိုင်လာနိုင်သူအားလုံး မဲပေါက်ရင် သွားရမယ်ဆိုပြီး ပြောလာတယ်။ ရပ်ကွက် အမှတ်(၁), (၂)(၃), (၄) ရေလယ်ကျွန်းဆိုတာ ရှိတယ်။ အဲဒီမှာ ရေလယ်ကျွန်းမှာ အိမ်ခြေ ၅၀ လောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေဖယ်ရင် အိမ်ခြေ ၄၀ လောက်ရှိတယ်။ အဲဒီထဲက မဲပေါက်တဲ့အိမ် ၂၀ လောက်ကသွားရမယ်။ သူတို့ (စစ်တပ်) ဆီသွားမယ့်အစား တောခိုတာပဲကောင်းတယ်လို့ ပြောကြတယ်။ အဲဒီလိုပဲစဉ်းစားကြတယ်၊ သူတို့ (စစ်တပ်) ဆီကိုလုံးဝဝင်စရာအကြောင်းမရှိဘူး။"

မတ်လ ၇ ရက်နေ့ကစလို့ မြဝတီခရိုင်အတွင်းမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး မြဝတီခရိုင်အတွင်းက စစ်တပ်ရဲ့စခန်းဖြစ်တဲ့ခမရ ၃၅၅ နဲ့သင်္ကန်းညီနောင်ရဲစခန်းကို KNLA /PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်သလို နောက်ထပ် ဖလူးစစ်စခန်းကိုလည်းသိမ်းပိုက်လိုက်ပါတယ်။ ဒီနောက်မှာတော့ မြဝတီအတွင်းမှာ မတည်မငြိမ်ဖြစ်လာပြီး စစ်တပ်ကလည်း ၆ ရက်ဆက်တိုက် လေကြောင်းကတိုက်ခိုက်ခဲ့ပါတယ်။ အခုလိုမြို့ခံလူငယ်တွေသာမက ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီကြား ရေလယ်ကျွန်းကလူတွေကိုပါ စစ်မှုထမ်းစေဖို့ လုပ်ဆောင်လာတာဖြစ်လို့ ဒါဟာ မြဝတီကို ခုခံကာကွယ်ဖို့ဖြစ်နိုင်တယ်လို့ ဒေသခံတွေကယူဆနေကြပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ဒီတိုက်ပွဲတွေဖြစ်နေပြီးနောက်ပိုင်းမှာ သူတို့ ဟိုဘက်ကနေ စစ်အင်အားတွေ တက်လာလို့မရတော့ဘူး၊ ဒီဘက်က ကလေးတွေ၊ လူငယ်တွေ၊ လူအင်အားကို စစ်တပ်ထဲသွင်းပြီး၊ စစ်ယူနီဖောင်းဝတ်ခိုင်းပြီး မြဝတီမြို့ကိုကာကွယ်ဖို့လားမသိဘူး၊ ခလရ ၂၇၅ တို့ မြဝတီတို့ ကျရှုံးမှာစိုးလို့လားတော့မသိဘူး။ သူတို့က လေတပ်ကပဲလာလို့ရတယ်၊ ကုန်းကြောင်းကနေကလာလို့မရဘူး။ ဒီဘက်ကလူငယ်တွေကို မြဝတီခံစစ်အတွက် ကာကွယ်ဖို့၊ မြဝတီမကျရေး အဲဒီလိုပုံစံပေါ့။"

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်းကတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်ကို စစ်ဘေးရှောင်တဲ့သူ ထောင်နဲ့ချီထွက်ပြေးလာကြပြီး ထိုင်းဘက်ကိုလည်း တံတားကိုဖြတ်ကျော်ပြီး ၇ ရက်နေထိုင်ခွင့်လက်မှတ်နဲ့တရားဝင်လာရောက်သူတွေလည်း များလာကြပါတယ်။ ထိုင်းဘက်ကလည်း နယ်စပ်တလျှောက် လုံခြုံရေးတင်းကြပ်ပြီးကင်းလှည့်နေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG