မြန်မာအာဏာပိုင်တွေက မြဝတီအမည်နဲ့ နေ့စဉ် သတင်းစာသစ်တစောင်ကို ဒီကနေ့ပဲ စတင် ထုတ်ေ၀ ပါတယ်။ အရပ်သားအစိုးရသစ် လက်ထက်မှာ စတင်ထုတ်ဝေတဲ့သတင်းစာဖြစ်ပေမဲ့ အရင် ရှိနေပြီးသား အစိုးရသတင်းစာတွေနဲ့ ကွာခြားမှုမရှိတာမို့ အခွန်ထမ်းပြည်သူတွေရဲ့ ပိုက်ဆံတွေ ကုန်ရုံသာရှိပြီးတော့ ဒါဟာ အစိုးရရဲ့ ဝါဒဖြန့်ချိရေးလက်နက် နောက်တခုဖြစ်တယ်လို့ ဝေဖန်သူတွေလည်း ရှိပါတယ်။ အပြည့်အစုံကို တော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဒီ မြဝတီသတင်းစာကို ပုံနှိပ်ထုတ်ဝေနိုင်ဖို့ ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်ကတည်းက စီစဉ်နေခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာတော့ ကြာပါပြီ။ တကယ်လက်တွေ့ ထုတ်ဝေတဲ့အခါမှာလည်း နေပြည်တော် တမြို့တည်းမှာသာ ထုတ်ဝေတာဖြစ်ပြီး လက်သင့်ရာ၊ နီးစပ်ရာလူတွေကို အလကားလိုက်ဝေတာ ဖြစ်တဲ့ အကြောင်း ဒီကနေ့ အဲဒီသတင်းစာကို လက်ခံရရှိခဲ့တဲ့ နေပြည်တော်မြို့ခံတဦးက ပြောပြပါတယ်။
“မနက်က အပြင်သွားတော့ ဒီပျဉ်းမနားမြို့က စာပေဖြန့်ချိရေးက သတင်းစာကိုပေးလို့ ရတာခင်ဗျ။ သူတို့ကတော့ အလကားပေးတယ်ပြောလို့။”
သတင်းစာထဲမှာ ဘာတွေပါလဲခင်ဗျ။ -
“သမ္မတရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိစ္စကတော့ အဓိကပေါ့။ ကျန်တာတွေကတော့ သတင်းစာတွေမှာပါတဲ့ ကဏ္ဍ တခုစီပေါ့။ အားကစားဆိုလည်း အားကစားပေါ့၊ အနုပညာဆိုလည်း အနုပညာကဏ္ဍ၊ အဲဒါမျိုး သွားတာပါ။”
သူက သတင်းစာပုံစံလား၊ မဂ္ဂဇင်းပုံစံလား၊ စာစောင်ပုံစံလား၊ ဂျာနယ်ပုံစံလား။ -
“လက်ရှိထုတ်နေတဲ့ သတင်းစာပုံစံကိုမှ နည်းနည်း size သေးပြီးတော့ စက္ကူသားက နည်းနည်းညံ့တယ်။ ကျန်တာတော့ အကုန်အတူတူပဲခင်ဗျ။”
သတင်းစာထဲမှာပါတဲ့ အကြောင်းအရာတွေနဲ့ ကွာခြားမှုရှိသလားခင်ဗျ။ မြန်မာ့အလင်းတို့၊ ကြေးမုံတို့နဲ့ ဘာတွေများကွာခြားမှုရှိလဲ။ သတင်းတွေက။ -
“သူက နည်းနည်းသာတာကတော့ အနုပညာကို ကဏ္ဍတခုအနေနဲ့ တမျက်နှာ ထည့်ပေးတယ်။ ပြီးတော့ ဒီသတင်းစာ စထုတ်တော့ ပြည်သူတွေရဲ့အမြင်ပေါ့၊ စာရေးဆရာ ဘယ်သူက ဘယ်လိုထောက်ပြတာ၊ အဲဒီလိုမျိုးလေးတွေပေါ့ ဝေဖန်ချက်လေးတွေ သုံးသပ်ချက်လေးတွေ ထည့်ထားတာလည်း ပါတယ်ဗျ။ ဒီလောက်ပါပဲ။ ကျန်တာ ထူးထူးခြားခြား ဘာမှမပါပါဘူး။”
အလကားဝေတယ်ဆိုတော့ ရှေ့လျှောက်ရော ဒီလိုပဲ အလကား ဆက်ဝေမှာလား။ ဒါမှမဟုတ် စစချင်း ထုတ်တဲ့နေ့မိုလို့ အလကားဝေတာလား။ -
“ဂျာနယ်ဖြန့်တဲ့သူ ပြောတာကတော့ စထုတ်တာမိုလို့ ပေးတဲ့ပုံစံမျိုးပဲ ပြောသွားတာခင်ဗျ။”
လမ်းတွေမှာ ဒီလိုပဲ လိုက်ဝေနေတာလား။ -
“အဲဒီလိုမဟုတ်ဘူးဗျ။ စာပေဖြန့်ချိရေးကနေ သူတို့အသိတွေဘာတွေကို လက်ဆောင်ပုံစံမျိုးနဲ့ မိတ်ဆက်တဲ့ ပုံစံမျိုး ပေးတာဗျ။”
ဆိုင်မှာတင်ရောင်းတာလဲမရှိဘူးပေါ့နော်။ -
“မရှိသေးဘူး။”
သူက နေ့စဉ်လား။ -
“ဟုတ်ကဲ့ခင်ဗျ။ နေ့စဉ်ပါ။”
အဖြူအမဲ ပဲလား။ -
“ဟုတ်တယ်ခင်ဗျ။ အဖြူအမဲပဲ။ မျက်နှာဖုံးမှာတော့ ကာလာ နည်းနည်းပါတယ်။ ကျန်တဲ့အတွင်းပိုင်းကတော့ အဖြူအမဲပဲ။”
နေပြည်တော်မြို့ခံတဦး ပြောပြခဲ့တာပါ။ ဒါပေမဲ့ သတင်းစာတွေ ဘယ်နှစ်စောင်ပဲထုတ်ထုတ် မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်မရှိဘဲ အစိုးရရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ ထုတ်ဝေတဲ့သတင်းစာတွေဟာ ဝါဒဖြန့်တဲ့ အစိုးရအာဘော် သတင်းစာပဲဖြစ်မယ်လို့ ဝါရင့်သတင်းစာဆရာကြီး ကြေးမုံ ဦးသာဘန်းက ပြောပါတယ်။
“သူတို့ကတော့ သတင်းစာ ထုတ်တယ်ဆိုပေမဲ့ သူတို့အာဘော်အတိုင်းပဲ ဖြစ်မှာပဲလေ။ ဝါဒဖြန့်ချိရေး ယန္တရား တခုပါပဲ။ ကျနော်တို့ ပြည်သူတွေအတွက် ပြည်သူ့အာဘော် မဟုတ်တဲ့သတင်းစာပဲ ဖြစ်မှာပါပဲ။ ပြည်သူ့ အာဘော် ဆိုတာက ပြည်သူကို ထုတ်ခွင့်ပေးရင်၊ သတင်းစာလွတ်လပ်ခွင့် စတုတ္ထမဏ္ဍိုင်ကို ဦးတည်ပြီးတော့ မထုတ်နိုင်ရင်တော့ သတင်းစာဟာ ထုတ်ဝေခွင့်တွေ ဘယ်လောက်ပေးပေး ပြည်သူတွေ လိုလားတဲ့ ပြည်သူ့ အာဘော်မဖြစ်ဘူးလို့ ကျနော်တော့ ခံယူပါတယ်ခင်ဗျ။ သတင်းစာနဲ့ပတ်သက်လို့ကတော့ ပုဂ္ဂလိကကိုမှ မပေးဘဲကိုး။ ဆိုတော့ သူတို့ရဲ့အာဘော်တွေအတိုင်းပဲ ထုတ်မှာပဲလေ။ ဆိုတော့ ကျနော်တို့အမြင်ကတော့ ဒီသတင်းစာက တစောင် တိုးထုတ်တဲ့သဘောပဲ ရှိတယ်။ ဒါပေမဲ့ သတင်းစာချင်းကတော့ ဘာမှမထူးဘူးလို့ ကျနော်တော့ ယူဆတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အာဘော် သူတို့အကြောင်းကိုပဲ ရေးမှာပဲလေ။ ပြည်သူတွေ လိုချင်တဲ့ တကယ်စစ်မှန်တဲ့ တရားမျှတတဲ့ ပြည်သူ့အာဘော် ဖြစ်မှာမဟုတ်ဘူးလို့ ကျနော် ယုံကြည်ပါတယ်။ လွတ်လပ်ခွင့်မရှိတဲ့ သတင်းစာဟာ သတင်းစာမဟုတ်ဘဲနဲ့ အစိုးရရဲ့ ပြန်ကြားရေး ယန္တရား တခုပဲ ဖြစ်မှာပဲလို့ ကျနော်တော့ အဲဒီလိုပဲ ကောက်ချက်ချချင်ပါတယ်။”
ကြေးမုံသတင်းစာ ဒုတိယ အယ်ဒီတာချုပ်ဟောင်း ဦးသာဘန်း ပြောပြခဲ့တာပါ။
လက်ရှိမှာ ကြေးမုံ၊ မြန်မာ့အလင်းပါအဝင် အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ New Light of Myanmar နေ့စဉ် သတင်းစာ ၃ စောင်ရှိနေပြီးသား ဖြစ်တာကြောင့် ဒီ ၁၆ မျက်နှာပါ မြဝတီသတင်းစာဟာ ၄ စောင်မြောက် နေ့စဉ်သတင်းစာ ဖြစ်လာမှာပါ။
အုပ်ချုပ်ရေးမဏ္ဍိုင် ၃ ခုအပြင် တိုင်းပြည်တခုမှာ စတုတ္ထမြောက် အရေးကြီးဆုံးလို့ သတ်မှတ်ထားတဲ့ သတင်း၊ ဂျာနယ်တွေက ကျန်တဲ့ ၃ ခုကို လွှတ်လပ်စွာ ဝေဖန်ရေးသားခွင့်မရှိရင် ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေတာ တွေဟာ ထင်သလောက် အောင်မြင်မှာမဟုတ်ဘူးလို့ မြန်မာပြည်တွင်းက သတင်းသမားတွေက ပြောပါတယ်။
ဒီကနေ့အထိ နေ့စဉ်ထုတ် သတင်းစာတွေကို အာဏာပိုင်တွေကပဲ ချုပ်ကိုင်ထားတာပါ။ တကယ်တော့ ဒီ နေ့စဉ် သတင်းစာ ထုတ်ဝေခွင့်ကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းပေးသင့်ပြီး သတင်းမီဒီယာတွေရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ကန့်သတ်မထားသင့်ဘူးလို့ ဝေဖန် ပြောဆိုမှုတွေလည်း ရှိနေပါတယ်။