သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားမှာ ဗုံးကွဲမှုဖြစ်


ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတို့မှာ သင်္ကြန်ရက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း တရက်ပြီးတရက် ကုန်ဆုံးခဲ့ပေမဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာ စနေနေ့ညက ဗုံး ပေါက်ခဲ့ပါတယ်။ သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲတာကြောင့် မီးရထားသံလမ်း ခင်ထားတဲ့ ဇလီဖားတုံးတချို့ ပျက်ဆီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သင်္ကြန် အကြတ်နေ့ မြစ်ကြီးနားမှာ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုအကြောင်း မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

စနေနေ့ ညပိုင်း ၉ နာရီလောက်မှာ မြစ်ကြီးနား မြို့သစ်ဘက်က သံလမ်းပေါ်မှာ ထောင်ထားတဲ့ ဗုံးပေါက်ကွဲ ခဲ့တာပါ။ ဗုံးပေါက်တဲ့ နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့တဲ့ မြစ်ကြီးနား ဒေသခံ တဦးက အခုလို ပြောပါတယ်။

“အစတုန်းကတော့ သင်္ကြန်မဏ္ဍပ် အောက်မေ့တာ၊ မနေ့ညနေ ၈ နာရီ ၄၅ ပေါ့နော်။ သင်္ကြန်မဏ္ဍပ် မဟုတ်ဘူး ဒီနေ့မနက် သိတာကလေ မြို့သစ်ကြီးနားက သံလမ်းမှာ ကွဲတာ။ မြို့သစ်ကြီးဆိုတာ ကျနော်တို့ မြစ်ကြီးနားမြို့က အထွက်ပေ့ါ။ အဲဒီသံလမ်းနားမှာ ကွဲတာ။ အပျက်အစီးကလည်း သိပ်မဖြစ်ပါဘူး။ အဲဒီမှာ ဇလီဖာတုံး နှစ်တုံးသုံးတုံးလောက် လွှင့်စင်သွားတာပဲ ဖြစ်တယ်။ သံလမ်းလည်း မပျက်သွားဘူး။ တချို့ကတော့ အသံသေးသေးနဲ့ တလုံးကွဲတယ် ဘာညာဆိုပြီးတော့ ပြောတယ်လေ။ ဒါပေမဲ့ တွေ့ရှိတာကတော့ အဲဒီံသံလမ်းမှာ ဇလီဖားတုံး နှစ်တုံးသုံးတုံးလောက်ပဲ ပျက်စီးသွားတဲ့ ဗုံးကွဲတာပဲ တွေ့တယ်။”

ဒေသခံ တချို့ကတော့ စနေနေ့ညက ဗုံး ၂ နေရာမှာ ပေါက်ခဲ့တာ ဖြစ်တယ်လို့ ပြောကြပါတယ်။ ညပိုင်း ၈ နာရီ ၁၅ မိနစ်မှာ တကြိမ်ပေါက်ကွဲပြီး နောက်ထပ် ၁၅ မိနစ်အကြာမှာ နောက်တကြိမ် ထပ် ပေါက်ကွဲခဲ့တယ် လို့လည်း ပြောကြပါတယ်။

“ည ၈ နာရီခွဲ ၉ နာရီလောက်။ နှစ်လုံး။ တစ်လုံးက ဘယ်နေရာလဲ မသိဘူး။ ဆက်တိုက် ၅ မိနစ်လောက်ပဲ ခြားတယ်။ အသံလည်း ကြားတယ်ဗျာ ကျနော်တို့။”

စနေနေ့ညက ဗုံးပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုကြပါတယ်။ သင်္ကြန် ရေကစားသူတွေ ကတော့ ကြောက်လန့်ပြီး မနက်ပိုင်း အပြင်ထွက်လည်တဲ့သူတွေ နည်းခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်မဏ္ဍပ်မှာ ပေါက်ကွဲတာ မဟုတ်ဘဲ သံလမ်းမှာ ပေါက်ကွဲတယ် ဆိုတာ သိလိုက်ကြပြီးတဲ့နောက် နေ့လယ်ပိုင်းမှာတော့ သင်္ကြန်ပွဲတော်က ပြန်ပြီး စည်းစည်းကားကား ဖြစ်ခဲ့တယ်လို့လည်း မြစ်ကြီးနား ဒေသခံက ပြောပါတယ်။

“ခါတိုင်းဆိုလို့ရှိရင် မနက် ၇ နာရီကျော် ၈ နာရီလောက်ဆို စည်နေပြီပေါ့နော်။ ကနေ့ကျတော့ နေ့လယ်ပိုင်း ရောက်မှပဲ လူတွေက ပြန်များလာတယ်။ ပထမတော့ သင်္ကြန်မဏ္ဍပ် ဆိုပြီးတော့မှ ကြားနေကြတော့ လူတွေက လန့်တာပေါ့နော်။ သံလမ်းမှာ သိသွားတဲ့အချိန်ကျတော့ လူတွေက ပြန်များလာပါတယ်။”

အခု ဗုံးပေါက်ကွဲမှုဟာ ဘယ် လက်နက်ကိုင် အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ လက်နက်ကိုင် ကချင်လွတ်လပ်ရေး အဖွဲ့ ကေအိုင်အိုနဲ့ မြန်မာ အစိုးရ အကြား စစ်ရေး တင်းမာမှုတွေ ဖြစ်ပွားနေပြီးတဲ့ နောက်ပိုင်းမှာတော့ ကြိုကြားဆိုသလို ကချင်ပြည်နယ်ထဲမှာ ပေါက်ကွဲမှုတွေ ဖြစ်နေတာပါ။ မြန်မာ အစိုးရကတော့ ကချင်ပြည်နယ်ဟာ ဒေသလုံခြုံ ငြိမ်းချမ်းမှုမရှိဘူး ဆိုပြီး ဧပြီလ ၁ ရက်နေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်ထဲက လစ်လပ်နေရာ ၃ နေရာကို ချန်လှပ်ခဲ့ပါတယ်။

XS
SM
MD
LG