သုံးရလွယ်ကူစေသည့် Link များ

မြစ်ဆုံ ကျေးဇူးတင်ချီးမွမ်းပွဲ ၈၈ ခေါင်းဆောင်တွေ တက်ရောက်


မြစ်ဆုံ ကျေးဇူးတင်ချီးမွမ်းပွဲ ၈၈ ခေါင်းဆောင်တွေ တက်ရောက်

မြစ်ဆုံဆည်စီမံကိန်း ရပ်တန့်လိုက်တဲ့အတွက် မြစ်ဆုံဒေသက ပြောင်းရွှေ့ခံရတဲ့ ကျေးရွာသားတွေက မြစ်ဆုံအရေးအတွက် ပါဝင် ဆောင်ရွက်ခဲ့သူတွေကို ဖိတ်ကြားပြီး ဒီကနေ့ ဘာသာပေါင်းစုံ ကျေးဇူးတော် ချီးမွမ်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဒေသခံတွေက သူတို့ရဲ့ မူရင်းဒေသကို ပြန်လည် နေထိုင် လုပ်ကိုင်စားသောက်ခွင့် ရလိုကြောင်း ပြောဆိုခဲ့သလို ဒီအခမ်းအနားကို တက်ရောက်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကလည်း မြစ်ဆုံစီမံကိန်းကို ထပ်မံ အကောင်အထည် မဖော်ဖို့အတွက် တိုက်တွန်းပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဧရာဝတီမြစ်ရဲ့အစ မေခနဲ့ မလိခ ပေါင်းဆုံရာဒေသမှာ မြစ်ဆုံဆည် စီမံကိန်း စတင် အကောင်အထည် ဖော်တဲ့ အချိန်မှာ အဲဒီတန်ဖဲ၊ မလိဇွပ်၊ ပဒန်၊ မြစ်ဆုံ စတဲ့ ရွာ လေးရွာက အိမ်ထောင်စု ၃၀၀ ကျော်ဟာ အဓမ္မ နေရာပြောင်းရွှေ့ စေခိုင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် မြစ်ဆုံဒေသခံ ရွာသားတွေက စီမံကိန်း ရပ်တန့်ဖို့အတွက် ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ အနုပညာရှင်တွေ ဖိတ်ခေါ်ပြီး မြစ်ဆုံရွာမှာ ဘာသာပေါင်းစုံ ကျေးဇူးတင် ချီးမွမ်းပွဲ အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို တက်ရောက်လာတဲ့ တန်ဖဲ ရွာသားတစ်ယောက်က နေခွင့်ရမယ်ဆို သူတို့ မူလကျေးရွာမှာ ပြန်လည် လုပ်ကိုင်စားသောက်ခွင့် ရလိုကြောင်း ပြောပါတယ်။

“ဘာဖြစ်လဲဆိုတော့ ဒီလိုပါဗျာ။ အစိုးရ စီမံကိန်း ဆိုပြီးတော့ ရေကာတာလုပ်ဖို့ ဆိုပြီးတော့မှ ကျနော်တို့ တန်ဖဲရွာသားတွေကို အောင်မြင်သာ စံပြကျေးရွာ ဆိုတဲ့နေရာမှာ ကျနော်တို့ကို ထား ထားပါတယ်။ အိမ်တော့ ရပါတယ်။ မီးလည်းရပါတယ်။ နောက် ရေလည်း ရပါတယ်။ ဒါပေမဲ့ ကျနော်တို့မှာ လုပ်ကိုင်စားသောက်ဖို့ရာ နေရာက မရှိဘူးဗျ။ သူတို့က မြေကွက်နှစ်ကွက်စီ ပေးထားတယ်။ အဲဒါက ဘာဖြစ်လဲဆိုတော့ ကျောက်ဆောင်တွေ ဖြစ်နေတယ်။ အဲဒီမှာ ဘာမှ စိုက်လို့လည်း မရဘူး။ ဒါကြောင့် ကျနော်တို့က အခုက ရေကာတာ မလုပ်တော့ဘူး ဆိုတော့ နေလို့ရတယ် ဆိုရင်တော့ ကျနော်တို့က တန်ဖဲမှာပဲ ပြန်နေချင်ပါတယ်။”

အခုအခါမှာ တောင်ယာ လုပ်ကိုင်စားသောက် သူတွေဟာ သူတို့ မူရင်းဒေသကို ပြန်လာပြီး တောင်ယာပြန်ခုတ် နေကြပြီ ဖြစ်ပါတယ်။ ပဒန်ကျေးရွာဘက်က လူတွေကတော့ သူတို့ တောင်ယာနဲ့ ဥယျာဉ်ခြံတွေကို ရေကာတာ စီမံကိန်းအတွက် တူးဖြိုလိုက်တဲ့အတွက် တန်ဖဲရွာမှာပဲ လာရောက် လုပ်ကိုင် စားနေကြတယ်လို့ တန်ဖဲရွာသားက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြပြီး ကိုမင်းကိုနိုင်က ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဖြစ်တာကြောင့် မြစ်ဆုံဒေသကို ကာကွယ် စောင့်ရှောက်ဖို့ ပြောဆိုပါတယ်။ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမြအေးကတော့ မြစ်ဆုံဆည် စီမံကိန်းကို ထာဝရ ရပ်တန့်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

“သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ သူ့သက်တမ်းကာလမှာ ရပ်တန့်ထားမယ်လို့ ပြောတာကို သမ္မတကြီးကို အရမ်း ကျေးဇူးတင်ပါတယ် ဆိုတာ အရင်ပြောချင်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအတွက် အထူးလိုအပ်တဲ့ အချက်တစ်ချက်ကို သမ္မတကြီးက လိုက်လိုက်လျောလျော လုပ်ပေးလိုက်တာလို့ မြင်တယ်။ နောက် နံပတ် (၂) အချက်အနေနဲ့က ထာဝရ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားဖို့ လိုပါတယ်။ အဲတော့ ဒီဒေသမှာရှိတဲ့ လူတွေက သမ္မတကြီးသက်တမ်းမှာ ရပ်ဆိုင်းထားမယ် ဆိုတဲ့အခါကျတော့ နောက် ပြန်များလုပ်မလား ဆိုတဲ့ စိုးရိမ်ပူပင် သောကစိတ်တွေ ရှိနေပါတယ်။ အဲဒါကို အခြေခံပြီး ဒီကနေ့ ဆုတောင်းပွဲက လုပ်ရခြင်းလည်း ဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းသွားဖို့၊ ထာဝရပေါ့၊ အမြဲတမ်း ရပ်ဆိုင်းသွားဖို့ အားလုံးက သူတို့ရဲ့ဆန္ဒတွေကို ဖော်ထုတ် ပြောသွားပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့အတွက် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်က ညွှန်ကြားခဲ့ပေမဲ့ မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ စတဲ့ စီမံကိန်း ၇ ခုလောက်ကို ဆက်လက် တည်ဆောက်ဖို့ ရည်ရွယ်ထားပြီး အခုအခါမှာ ချီဗွေ ရေကာတာကို ဆက်လက် တည်ဆောက်နေဆဲ ဖြစ်ပါတယ်။

FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကတော့ ဟိမ၀န္တာက ရေခဲမြစ်တွေ အရည်ပျော်လို့ ရုတ်တရက် ရေကြီးလာလို့ မြစ်ဆုံအထက်ပိုင်းက ဆည်တွေမှာ ကျိုးပျက်ရင် မြစ်ကြီးနားအပါအ၀င် ကချင်ပြည်နယ်မှာ ရေလွှမ်းမိုးနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေတဲ့ မြန်မာမြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ ကတော့ မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG