သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနားဗုံးကွဲ ၃ ဦးထိခိုက်


ကချင်ပြည်နယ် မြစ်ကြီးနားမြို့လယ်နဲ့ ၂ မိုင်လောက်အကွာမှာရှိတဲ့ ရွှေလမ်းမကြီး နားမှာရှိတဲ့ တံတားတခုမှာ ဒီနေ့ မနက်အစောပိုင်းက ဗုံး ၂ လုံး ရှေ့ဆင့် နောက်ဆင့်ဆိုသလို ပေါက်ကွဲခဲ့လို့ ၃ ယောက် ဒဏ်ရာရသွားပါတယ်။ အစိုးရနဲ့ KIO ကချင် လွတ်မြောက်ရေးအဖွဲ့ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်ဘဲ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေချိန်မှာ မြစ်ကြီးနားမြို့တဝိုက် ခုရက်ပိုင်းအတွင်း ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲနေတာဖြစ်ပါတယ်။ ဒီနေ့ ဗုံးကွဲတဲ့ အခြေအနေကို စုံစမ်းထားတဲ့ မစုမြတ်မွန်က တင်ပြထားပါတယ်။

ဒီရက်ပိုင်းတွေထဲမှာ ဗုံးကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေလို့ မြစ်ကြီးနားမြို့ခံတွေ စိုးရိမ်နေကြတဲ့ ကြားထဲကပဲ ဒီနေ့ စနေနေ့ မနက်မှာ ဗုံး ၂ လုံး နာရီဝက်စီလောက် ခြားပြီး ပေါက်ကွဲခဲ့တာပါ။ ပထမပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမဲ့ ဒုတိယပေါက်ကွဲမှုမှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။ ဒါနဲ့ပတ်သက်လို့ မြစ်ကြီးနားမြို့ခံတယောက်က ခုလို ပြောပြပါတယ်။

“၆ နာရီခွဲလောက်မှာ တလုံးပေါ့နော်၊ နောက် ၇ နာရီ ၁၅ မိနစ်လောက်မှာ တလုံးကွဲတာပေါ့နော်။ ဗုံးကွဲသံကြားတော့ အဲဒီမှာ ဘယ်နားလဲဆိုပြီးတော့ ဗုံးကွဲတဲ့နေရာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းပေးတဲ့နေရာကို သွားကြည့်ကြတယ်။ ကြည့်နေတဲ့အချိန်မှာ နောက် နာရီဝက်လောက်နေတော့ နောက်တလုံး ထပ်ကွဲတယ်။ ကွဲတဲ့အချိန်မှာ တာဝန်ရှိတဲ့ သွားစစ်တဲ့ ပြည်သူ့ရဲ သုံးယောက် ဒဏ်ရာရတယ်။ ရဲ သုံးယောက်မှာ နှစ်ယောက်က သာမန်ဖြစ်တယ်။ တယောက်က ပြင်းထန်တယ်။”

ဒီကနေ့ ဗုံးကွဲတာကတော့ မြစ်ကြီးနား မြို့လယ်နဲ့ ၂ မိုင်ခွဲလောက်ပဲဝေးတဲ့နေရာမှာ ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

“ဖြစ်တဲ့နေရာကတော့ မြို့ထဲနဲ့ ၂ မိုင်ခွဲလောက်တော့ ရှိမှာပေါ့နော်။ ကားလမ်းအတိုင်း မိန်းလမ်းအတိုင်း သွားမယ်ဆိုရင်ပေါ့။ ဖြတ်လမ်းလေးက သွားရင်တော့ အဲဒီလောက် မဝေးပါဘူး။ မိန်းလမ်း ကားကြီးသွားတဲ့လမ်းအတိုင်း သွားမယ်ဆိုရင် ၂ မိုင် ၂ မိုင်ခွဲလောက် ရှိပါတယ်။ ဖားကန့် တို့၊ တနိုင်း တို့၊ မိုးကောင်း တို့ကိုသွားတဲ့ ကားလမ်းလေ။ မိန်းလမ်းခေါ်တာပေါ့ ရွှေလမ်းမကြီးနားမှာ တံတားရှိတယ်လေ။ တံတားသုံးစင်း ရှိတယ်။ အလယ်တံတား။ အတိုလေးပါ တံတားကတော့။ ကွဲတဲ့အချိန်မှာ မနက်ခင်းပိုင်း ဖြစ်တော့ အသွားအလာ သိပ်မများသေးဘူးခင်ဗျ။ ၉ နာရီ ၁၀ နာရီလောက်အချိန်မှာ နည်းနည်း လူက များသွားတယ်။ မြို့လယ် နာရီစင်ကို ဗဟိုပြုမယ်ဆိုရင်တော့ ဖြစ်တဲ့နေရာက ၂ မိုင်ခွဲလောက်တော့ ရှိတယ်။”

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ လက်နက်ကိုင် KIA တပ်တွေနဲ့ အစိုးရတပ်တွေကြားမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေချိန် အခုရက်ပိုင်းတွေ အတွင်း မြစ်ကြီးနားမြို့ဝန်းကျင်မှာ ခုလို ဗုံးတွေ ဆက်တိုက်ဆိုသလို ပေါက်ကွဲလာတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ မြို့ခံတွေက စိုးရိမ်နေကြသလို အာဏာပိုင်တွေဘက်ကလည်း အရင်ကထက် လုံခြုံရေးကို ပိုပြီး တင်းကျပ်လာတာ တွေ့နေရတယ်လို့ မြစ်ကြီးနားမြို့ခံက ခုလို ပြောပါတယ်။

“လုံခြုံရေး အခြေအနေကတော့ လက်ရှိ အနေအထားမှာ ပြည်သူ့ရဲရယ်၊ မီးသတ်ရယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရယ် ပူးပေါင်းပြီးတော့ ညမှာ စစ်ဆေးမှုတွေ လုပ်ပါတယ်။ သာမန်အချိန်ထက် ပိုပြီးတော့ လုံခြုံရေးကိစ္စကို ဂရုတစိုက် ပိုလုပ်တယ်ဆိုတာ တွေ့နေရပါတယ်။ လူကတော့ အသွားအလာ အခုနောက်ပိုင်း တော်တော်လေး ကြောက်ကြတယ်ဗျ။ နည်းနည်းလေး အသွားအလာ ကျဲတယ်။”

အရင် ဗုံးကွဲမှုတွေကိုတော့ KIA ကချင်လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြစ်တယ်လို့ အစိုးရဘက်က သတင်းစာထဲမှာ စွပ်စွဲပါတယ်။ ဦးသိန်းစိန်အစိုးရက လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ထာဝရငြိမ်းချမ်းရေးရနိင်ဖို့ ကိုယ်စားလှယ်အဖွဲ့တွေ စေလွှတ်ပြီး ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတဲ့ထဲမှာ KIO နဲ့ ဆွေးနွေးမှုတွေဟာ ရှေ့မဆက်နိုင် ဖြစ်နေပါတယ်။ အဓိကဖြစ်နေတာက နှစ်ဘက်ကြားမှာ ယုံကြည်မှု မတည်ဆောက်နိုင်သေးတာက အဓိကဖြစ်တယ်လို့ အစိုးရနဲ့ KIO ကြား ပြည်နယ်အဆင့်အထိ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့တဲ့ ကချင် အတိုင်ပင်ခံအဖွဲ့ ဥက္ကဋ္ဌ ဦးဆင်ဝါးနော်က သုံးသပ်ပါတယ်။

“ပြင်ပအမြင်အနေနဲ့ကတော့ နည်းနည်း ပိုပြီးတော့ စိတ်ရှည်ရှည် ထားပြီးတော့မှ အချင်းချင်း နားလည်မှုယူ၊ စိတ်ရှည်ရှည် ထားပြီးတော့မှ အချင်းချင်း ယုံကြည်မှု တည်ဆောက်မယ်ဆိုရင်တော့ ဒါ ပြေလည်နိုင်တဲ့အဆင့် ရှိတယ်လို့ပဲ ကျနော် အဲဒီလိုပဲ ထင်မြင်ယူဆတယ်။”

အဲဒီတော့ ယုံကြည်မှု တည်ဆောက်ရမယ် ဆိုတဲ့နေရာမှာ ဘယ်လိုနေရာတွေ သူတို့အတွက် ယုံကြည်မှု တည်ဆောက်ဖို့ ခက်နေတယ်လို့ရော မြင်ပါလဲရှင့်။ -

“အဓိက ကတော့ သူတို့ နှစ်ဘက်ကနေပြီးမှ စစ်ဆင်ရေး ကိစ္စကိုလေနော်။ စစ်ကြောင်း ထိုးတဲ့ကိစ္စကိုပဲ အဓိက သူတို့အနေနဲ့ ထင်မြင်ယူဆချက်က ဒါ တည်ဆောက်ဖို့ နည်းနည်း ခက်တယ်လို့ အဲဒီလိုပဲ ယူဆလို့ ရပါတယ်။”

KIO နဲ့ သမ္မတရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကြား ပြည်ထောင်စုအဆင့် နောက်ဆုံးဆွေးနွေးခဲ့တာက မတ်လ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ တရုတ်နိုင်ငံ ရွှေလီမှာ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ မြန်မာဘက်ကနေ တရုတ်နိုင်ငံဘက်ကို သွယ်တန်းဖောက်နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းသွားရာ KIO အဖွဲ့ ထိန်းချုပ်နယ်မြေ လုံခြုံရေးနဲ့ပတ်သက်လို့ နှစ်ဘက်ညှိနှိုင်းမရသေးတာကလဲ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှေ့မဆက်နိုင်တဲ့ အကြောင်းတခု ဖြစ်ပါတယ်။

XS
SM
MD
LG