မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာက ဒေသခံ အရပ်သား ၁၄ ယောက် သေဆုံးပြီး အများအပြားလည်း ဒဏ်ရာတွေ ရသွားပါတယ်။ မနေ့ညပိုင်းက ပေါက်ကွဲမှုဟာ မိဘမဲ့ကလေးတွေနဲ့ ဘော်ဒါဆောင်ဖွင့်ထားတဲ့ အိမ်မှာ ဖြစ်ပွားခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေထဲ ကလေးငယ်တွေ အများအပြား ပါဝင်တယ်လို့လည်း မြစ်ကြီးနား ဆေးရုံတာဝန်ရှိသူတွေနဲ့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေ သတင်းထောက်နူးပန်က တင်ပြထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်မှာရှိတဲ့ မိဘမဲ့ဂေဟာနဲ့ ကျောင်းသားတွေနေတဲ့အိမ်မှာ မနေ့ည ၈ နာရီလောက်က ဗုံးတစ်လုံးပေါက်ကွဲပြီး မီးလောင်ကျွမ်းမှုလည်း ဖြစ်ပွားခဲ့တဲ့အတွက် သေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။ ပေါက်ကွဲမှုနဲ့ မီးလောင်မှုကြောင့် သေဆုံးသူ ၁၄ ယောက်အထိ ရှိတယ်လို့ မြစ်ကြီးနားဆေးရုံက အတည်ပြုပြောဆိုခဲ့သလို မျက်မြင်တွေ့သူတစ်ယောက်ကတော့ သေသူတွေထဲမှာ အများစုက ကလေးတွေ ဖြစ်တယ်လို့ ပြောပါတယ်။
“အခု ကျနော်တို့ တွေ့ရှိရသလောက်ကတော့ ၄ နှစ်ကျော် ၅ နှစ်ဝန်းကျင်၊ အသက်တော်တော်ငယ်တဲ့ ကလေးတွေ များနေတယ်။ အသက်ကြီးတယ်လို့ပြောရမှာက အိမ်ရှင်ရဲ့ချွေးမပဲ အလယ်လတ်တန်းစားအရွယ်။ နောက်တစ်ယောက်က လူငယ်ပေါ့။ ၁၅ နှစ်၊ ၁၆ နှစ်လောက်ပဲ ရှိတယ်။ ဒီယောက်ျားလေး ကလေးတစ်ယောက်က ဦးနှောက်ပွင့်သွားတာ ရစရာမရှိဘူး။ သူ့ရဲ့အလောင်းက မဲမဲနဲ့ မီးလောင်မှိုင်းထိတဲ့ ဒဏ်ရာနဲ့ပေါ့နော်။ ကလေးတစ်ယောက်က ဗုံးပေါက်ကွဲတဲ့ နေရာကနေ မိုးပေါ်လွင့်ပြီးမှ အဲဒီနားက အေဂျီဘုရားရှိခိုးကျောင်းမှာပဲ ပြန်ကောက်ရတာပေါ့။ ကလေး ၁၀ ယောက်ကျော်လောက် အသက်ဆုံးရှုံး သွားတယ်။ အယောက် ၂၀ ကျော်လောက် ပြင်းထန်စွာ ဒဏ်ရာရရှိလို့ အခု မြစ်ကြီးနားဆေးရုံမှာ ရှိနေတယ်။”
သေဆုံးမှုထဲမှာ အသက်ငယ်တဲ့ကလေးတွေ အများစုဖြစ်ပြီး နောက်ထပ် ကလေးအပါအ၀င် အယောက် ၂၀ ကိုလည်း ဒဏ်ရာပြင်းထန်စွာ ရရှိပြီး မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူနေကြောင်း ဆရာဝန်များ ကလည်း အတည်ပြုပြောခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ဆက်တွဲ မီးလောင်ကျွမ်းခဲ့ပေမဲ့ ချက်ချင်း ငြိမ်းသက်နိုင်စွမ်း မရှိတဲ့အတွက် ပျက်စီးမှုတွေ ပိုများခဲ့တာလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဗုံးစတင်လောင်ကျွမ်းလာတဲ့ အိမ်ကတော့ ဦးဒိန်ယောင်တန်ဂွန်း အိမ်ဖြစ်ပြီး ကချင်ရိုးရာ မနောဘင်ခရာ တီးဝိုင်းအဖွဲ့သားများ၊ အခြားမိဘမဲ့ကလေးများနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသားတွေအပြင် ဂါးရာယန်ကျေးရွာက စစ်ပြေးဒုက္ခသည် ကလေးများလည်း တည်းခိုနေကြတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံက ဆက်ပြောပါတယ်။
“အခုဗုံးပေါက်ခွဲတဲ့အိမ်က အရပ်သားအိမ်တွေပါ။ မိဘမဲ့ကလေးဂေဟာ ဖွင့်ထားတယ်။ နောက်ပြီး ကချင်ဘင်ခရာအဖွဲ့ပေါ့နော်၊ ဘင်ဘာဂျာအသင်း ဆိုပြီးဖွဲ့ထားတယ်။ အဲဒီမှာ ဘင်ဘာဂျာအသင်း ခေါင်းဆောင်က ဦးဒိန်ယောင်တန်ဂွန်းအိမ်ပေါ့နော်။ ဘေးနားက နောက်တစ်အိမ်က ဦးဖဂါနော်ရိန် နဲ့ ဦးမရှော့နော်ရဲ့ အိမ်တွေ ဖြစ်တယ်။ အဲဒါတွေအားလုံးက မီးလောင်သွားတာပေါ့နော်။ များသောအားဖြင့် ဒဏ်ရာ ရရှိတဲ့သူနဲ့ သေဆုံးသူတွေက အားလုံးမိဘမဲ့ကလေးနဲ့ အဝေးက ပညာလာသင်တဲ့သူတွေ။ အဲဒီအိမ်က ဘော်ဒါဆောင်ပုံစံနဲ့ ဖွင့်ထားတယ်။ ၁၀ တန်းကျူရှင်လည်း အဲဒီမှာဖွင့်တယ်၊ အလယ်တန်း ကျူရှင်လည်း အဲဒီမှာဖွင့်တယ်။ ကလေးတွေ အယောက် ၄၀ လောက် စုပြီးအိပ်ကြတဲ့အိမ် ဖြစ်တယ်။”
တိုင်းရင်းသားလက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေကြတဲ့ ဒီဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုကိုတော့ ဘယ်သူကမှ တာဝန်ရှိကြောင်း ကြေညာတာမျိုး မရှိပါဘူး။
မြန်မာအစိုးရသတင်းစာတွေမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနေ့ညနေပိုင်းက ချိန်ကိုက်မိုင်း တစ်လုံးတွေ့ရှိခဲ့ပြီး တာဝန်ရှိသူတို့က ဖောက်ခွဲ ရှင်းလင်းနိုင်ခဲ့ပေမဲ့ တခြားနေရာမှာ မိုင်နှစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှု တစ်စုံတရာမရှိကြောင်း ဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၂ ရက်၊ စနေနေ့ညမှာလည်း ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်ကွဲမှု သုံးနေရာမှာ ဖြစ်ခဲ့ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာတော့ ကချင်ပြည် လွပ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရ စစ်တပ်အကြား တင်းမာမှု ဖြစ်လာကတည်းက ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေမဲ့ ဒီတကြိမ်ဟာတော့ ထိခိုက်သေဆုံးမှု အများပြားဆုံးလည်း ဖြစ်ပါတယ်။