ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်ပြီး အကောင်ထည်ဖော်သင့် မဖော်သင့်ဆိုတာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ အကြီးဆုံး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် တခြား ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုတွေနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲတခု ဒီကနေ့ နေပြည်တော်မှာ ကျင်းပအပြီးမှာ ဝန်ကြီးက အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ဧရာဝတီမြစ်နဲ့ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလို့ အမည်ပေးထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအဝင် ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ တည်ဆောက်မယ့် တခြား ရေအားလျှပ်စစ် စီမံကိန်းတွေနဲ့ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို စနေနေ့က နေပြည်တော်မှာ ကျင်းပခဲ့ကြတာပါ။ ဒီ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ ဝန်ကြီးတွေ၊ ကျွမ်းကျင်သူပညာရှင်တွေ၊ လွှတ်တော်အမတ်တွေ၊ စာနယ်ဇင်းတွေက သတင်းထောက်တွေအပြင် တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်တဦးပါ တက်ရောက်ခဲ့ကြတာပါ။
ဒီအလုပ်ရုံ ဆွေးနွေးပွဲအတွင်း တက်ရောက်လာသူ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေရဲ့ မေးခွန်းတွေကို ဖြေကြားရင်း လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်မင်းနဲ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ တခြား ဝန်ကြီးတွေရဲ့ ဖြေကြားချက်တွေကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကိုယ်စားပြု မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမြမောင်က ပြောပြပါတယ်။
“သူတို့က သူတို့လုပ်ထားတဲ့ဟာကို မှားတယ်ဆိုပြီးတော့ သူတို့ဝန်ခံတယ်ပေါ့လေ။ ဘယ်လိုပြောလဲဆိုတော့ သူတို့ စက်မှုဝန်ကြီးကပေါ့လေ ဒါက အစတုန်းက တယောက်တည်း ကျိတ်ပြီးတော့လုပ်ခဲ့တဲ့ကိစ္စမိုလို့ အဲဒီလိုပဲ ဖြစ်ရတာဆိုပြီးတော့ ပြောတာပေါ့။ အများနဲ့တိုင်ပင်ပြီးတော့မှ စောစောကတည်းက အများနဲ့အတူ တိုင်ပင်ညှိနှိုင်းပြီးမှ လုပ်ခဲ့ရင် ဒီလိုမဖြစ်ရဘူးပေါ့။ အခုတော့ ဘယ်လိုခေါ်မလဲ နည်းနည်းခရီး လွန်နေပြီပေါ့လေ။ အဲဒီလိုမျိုး သဘောမျိုး ပြောသွားတယ်ခင်ဗျ။”
တခြားဝန်ကြီးတွေကရော ဘာပြောလဲခင်ဗျ။ -
“တခြားဝန်ကြီးတွေကတော့ အကုန်လုံးလိုလို ပထမ အစောပိုင်းကတော့ သူတို့က လုပ်သင့်တဲ့အကြောင်း၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ဒါ လုပ်ဆောင်နေပါတယ် ဆိုတဲ့အကြောင်းတော့ ပြောဆိုတာပေါ့။ ဟိုအကြောင်း ဒီအကြောင်း သူ့ဆင်ခြေနဲ့သူတော့ ပြောကြတာပေါ့။ နောက်ပိုင်း ပြန်မေးကြတဲ့အခါကျတော့ ဆွေးနွေးတဲ့သူတွေက မေးမြန်းတဲ့အခါကျတော့ သူတို့က မဖုံးမဖိထားနိုင်တော့ဘူးပေါ့လေ။ အဲဒီလိုမျိုးနဲ့ နောက်ပိုင်းတော့ ဝန်ခံတဲ့အပိုင်းက ဝန်ခံလာတာပေါ့။”
ဝန်ခံတယ်ဆိုတော့ ဘယ်လိုမျိုးလဲခင်ဗျ။ အခု သူတို့ စီမံကိန်းကို မှားတယ်ဆိုတာကို ဝန်ခံပေမဲ့ စီမံကိန်းကိုတော့ ဆက်ပြီးတော့ အကောင်အထည်ဖော်မယ့်သဘောလား။ ဘယ်လိုမျိုးလဲခင်ဗျ။ -
“ဒီနေ့ကတော့ အဲဒီသဘောမျိုး မရှိတော့ပါဘူးခင်ဗျ။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါက အခု လွှတ်တော်လည်း ပေါ်ပေါက်လာပြီ။ ပြည်သူအများက ကျနော်တို့ကို ယုံကြည်အားကိုးပြီးတော့မှ ရွေးကောက်တင်မြှောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတယ်။ လွှတ်တော်လည်း ရှိတယ်။ အဲဒါကြောင့် လွှတ်တော်မှာ ကျနော်တို့ တင်ပြသင့်တယ်ဆိုတဲ့အကြောင်း ကျနော်တို့ ဆွေးနွေးတင်ပြတာပေါ့လေ။ အဲဒါကို လွှတ်တော်မှာ ကျနော်တို့ ဆုံးဖြတ်ဖို့ အစီအစဉ်ရှိတယ်ခင်ဗျ။ တင်ဖို့အစီအစဉ် ရှိတယ်ခင်ဗျ။ လွှတ်တော်တင်ရင်လည်း သူတို့ဘက်က လူတွေကို ဖိအားပေးပြီးတော့မှာ ရမလား၊ ဒါမှမဟုတ်ရင်လည်း သမာသမတ်နဲ့လုပ်မလား။ ဒါကတော့ မပြောနိုင်သေးဘူးပေါ့လေ။ တကယ်လို့ လွှတ်တော်မှာ သမာသမတ်ကျကျနဲ့ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်နဲ့ ကိုယ့်ရဲ့ဆန္ဒအလျောက် တင်သွင်းခွင့် ရှိလို့ရှိရင် လွတ်လွတ်လပ်လပ် မဲပေးရင်တော့ ဒီကိစ္စဟာ အားလုံးရဲ့ အမြင်အရတော့ ဒါ အောင်မြင်မယ့်ကိစ္စ ဖြစ်ပါတယ်ခင်ဗျ။”
ဒီ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကြောင့် ဧရာဝတီမြစ်နဲ့ အနီးနားပတ်ဝန်းကျင်မှာရှိတဲ့ သဘာ၀ ပတ်ဝန်းကျင်တွေ ပျက်စီး ဆုံးရှုံးမယ့်အပြင် ဒေသခံ တိုင်းရင်းသား လူထုတွေရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေပါ ပျက်စီး ဆုံးရှုံးရတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ၊ နိုင်ငံထဲက အထင်ကရပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေ ပြည်သူတွေက စိုးရိမ်မကင်း ဖြစ်ကြတဲ့အကြောင်း ထုတ်ဖော်ပြောဆိုသံတွေ ထွက်လာပြီးတဲ့နောက်မှာ အခုလို အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပရတဲ့အထိ ဖြစ်လာခဲ့တာဖြစ်ပါတယ်။