သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO နဲ့ မြန်မာအစိုးရကြား ပဋိပက္ခ ညှိနှိုင်းအဖြေရှာရေး သဘောတူ


မေလ ၁၃ ရက် ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ဝန်ကြီးဦးအောင်မင်းတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - ဦးညိုအုန်းမြင့်)
မေလ ၁၃ ရက် ၂၀၁၄ အင်္ဂါနေ့က မြစ်ကြီးနားမြို့မှာ KIO နဲ့ ဝန်ကြီးဦးအောင်မင်းတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - ဦးညိုအုန်းမြင့်)
အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ဒီကနေ့ ညနေမှာ ပြီးဆုံးခဲ့ပြီး သဘောတူညီချက် ၅ ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီသဘောတူညီချက်မှာ နှစ်ဘက်တိုက်ခိုက်တာတွေ လျော့ချရေးအတွက် ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းဖို့ ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဧပြီလကစပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲတွေ ပြန်လည် ပြင်းထန်ခဲ့တဲ့နောက် မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မြစ်ကြီးနားမြို့မှာ မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲလောက်အထိ တွေ့ဆုံဆွေးနွေးခဲ့ပါ တယ်။ ဆွေးနွေးပွဲ အပြီးမှာတော့ အချက် ၅ ချက်ပါတဲ့ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ သဘောတူညီချက်မှာ အဓိကအရေးပါတဲ့ အချက်ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“၂ ဘက်ကိုယ်စားလှယ်တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ရေးကို ဦးတည်ပြီးတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေတဲ့ ဖြစ်ရပ်တွေ ထပ်မံမဖြစ်ပွားဖို့ ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ ၂၀၁၃ အောက်တိုဘာ ၁၀ ရက်နေ့မှာ သဘောတူထားတဲ့ JMC ပေါ့လေ Joint Monitoring Committee ပေါ့လေ၊ အဲဒီ Mechanism ရဲ့ ပထမအဆင့်အနေနဲ့ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းဖို့ ကျနော်တို့ သဘောတူပါတယ်။”

ကော်မတီကိုတော့ တပ်မတော်ဘက်က ၅ ဦးနဲ့ KIO ဘက်က ၅ ဦး ပါဝင်ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ အခြားသဘောတူညီချက်တွေကတော့ ၂၀၁၃ ခုနှစ် မေလနဲ့ အောက်တိုဘာလ ဆွေးနွေးပွဲတွေနောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့သလို၊ အဲဒီဆွေးနွေးပွဲတွေက ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ဖို့နဲ့ မီဒီယာတချို့ရဲ့ လွဲမှားစွာ ဖော်ပြတာတွေကို ဆွေးနွေးခဲ့ကြောင်း ပါရှိပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲမှာ ကာကွယ်ရေးဦးစီးချုပ်က အာဏာကုန်လွဲှအပ်ခံရတဲ့ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး ပါဝင်မတက်ရောက်တာကလည်း ထူးခြားမှုတခု ဖြစ်ခဲ့ပါတယ်။ ဒုဗိုလ်ချုပ်ကြီး မြင့်စိုးဟာ အရင် KIO နဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခဲ့ပြီး ဒီကနေ့ မတက်ရောက်တဲ့ အပေါ်မှာတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးချက်တွေမှာ အားနည်းချက်တွေ ရှိနိုင်မယ်လို့ သုံးသပ်တာတွေလည်း ရှိခဲ့ပါတယ်။ ဦးလှမောင်ရွှေကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

“ဒီမှာ မြောက်ပိုင်းတိုင်း တိုင်းမှူးလည်း ပါပါတယ်။ ဝန်ကြီးဦးအောင်မင်းတို့ ဦးသိန်းဇော်တို့လည်း ဒီမှာပါတဲ့အတွက် ညှိနှိုင်းနိုင်မှုတွေတော့ အများကြီးတော့ လုပ်နိုင်ပါတယ်။ အခုက အဓိက အရေးကြီးတာကတော့ ပဋိပက္ခတွေကို လျှော့ချနိုင်ဖို့ပဲ ၂ ဘက်လုံး ခေါင်းဆောင်တွေက ဦးတည်ပါတယ်။ ဆွေးနွေးပွဲကတော့ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ပါတယ်။ ခုနတုန်းက ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ကိုလည်း အမြန်ဆုံးဖွဲ့ဖို့တော့ ၂ ဘက်ကတော့ သဘောတူထားတဲ့အတွက် ရှေ့မှာတော့ ပဋိပက္ခတွေတော့ လျော့သွားဖို့ ကျနော်တို့လည်း မျှော်လင့်ပါတယ်။”

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖက်က လေ့လာသူအဖြစ် တက်ရောက်လာတဲ့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ရဲ့ ဥက္ကဌ ဦးခွန်မြင့်ထွန်းကတော့ ဒီကနေ့ ဆွေးနွေးပွဲဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲအဖြစ် သုံးသပ်ပါတယ်။

“ဒီပဋိပက္ခနဲ့ ပတ်သက်ရင် သူတို့ပြောတဲ့ဟာကတော့၊ ၂ ဘက်စလုံးက သူတို့လက်ခံတာကတော့ ဒီနေ့မှာ သဘောတူညီ ထားပြီးသားတွေကို implementation အကောင်အထည်ဖော် ဆောင်ရွက်တဲ့ နေရာမှာ ၂ ဘက်စလုံးမှာ အားနည်းချက် ရှိခဲ့တယ်၊ ထိန်းသိမ်းမှုမှာလည်း ၂ ဘက်စလုံးမှာ အားနည်းချက် ရှိခဲ့တယ်ဆိုတာတော့ ၂ ဘက်စလုံးက ဝန်ခံပြီးတော့မှ ဒီလိုမျိုး ဖွဲ့ကြတာကိုး။ အဲဒါကတော့ ကောင်းတဲ့အချက်ပါ။ ဒီနေ့ပွဲကတော့ အဲဒါ သူတို့ဆွေးနွေးကြတဲ့ အထဲမှာ အပြုသဘောဆောင်တာတွေ အများကြီး ပြောကြတာပါ။”

KIO နဲ့ အစိုးရကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ၂ရက်ကြာကျင်းပဖို့ မူလက ရည်မှန်းထားပေမဲ့ ဒီကနေ့ တရက်တည်းနဲ့ပဲ ပြီးဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဦးအုံးမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ တပ်မတော်ဖက်က မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင်နဲ့ ကချင်ပြည်နယ် နယ်မြေလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်တို့ ပါဝင်တက်ရောက်ပါတယ်။

KIO ကိုယ်စားလှယ်အဖွဲ့ကိုတော့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်နဲ့ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်ပြီး ကိုယ်စားလှယ် ၈ ယောက် တက်ရောက်ပါတယ်။

လေ့လာသူအဖြစ် တရုတ်နိုင်ငံက ကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေးရုံးက တာဝန်ရှိသူ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ သူတို့ရဲ့ တပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ကိုယ်စားလှယ်တွေ၊ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ PCG က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပါတယ်။

မနက်ဖြန်မှာတော့ NCCT အဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံက ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို ရှင်းလင်းဆွေးနွေးဖို့ ရှိနေပါတယ်။
XS
SM
MD
LG