သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုတရုတ်ခရီးစဉ် စီးပွားရေးသဘောတူညီမှုရဖို့ မျှော်လင့်


ဘေဂျင်းမြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုစဉ်။
ဘေဂျင်းမြို့ကို ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုတပ်ဖွဲ့နှင့် ကြိုဆိုစဉ်။

မြန်မာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း အများက မျှော်လင့်ထားသလို မြစ်ဆုံဆည် စီမံကိန်းကိစ္စနဲ့ ပတ်သက်လို့ ဦးစားပေး ဆွေးနွေးမှာ မဟုတ်ဘူးလို့ တရုတ် - မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒီ ဒီခရီးစဉ်အတွင်း စီးပွားရေး ဖွံ့ဖြိုးမှု အကူအညီတွေ ရရှိရေးအတွက် ကြိုးစားသွားမယ်လို့ ယူဆကြောင်း ပြောပါတယ်။ အာဆီယံပြင်ပက နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်တဲ့ ဒီ ခရီးစဉ်အပေါ် နှစ်နိုင်ငံ ဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အမြင်သဘောထားတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဝန်ကြီးချုပ် လီခချန်းရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံမှာ ၅ ရက်ကြာ တရားဝင် လည်ပတ်ဖို့အတွက် မနေ့ကညက ဘေဂျင်းမြို့ကို ရောက်သွားပြီ ဖြစ်ပါတယ်။

အိမ်နီးချင်း အင်အားကြီးနိုင်ငံတခုလည်းဖြစ်၊ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှု အများဆုံး ပြုလုပ်ထားတဲ့ တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ NLD အစိုးရက တိုင်းပြည်အာဏာကို လွဲပြောင်း ရယူပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ် သွားရောက် လည်ပတ်တာဟာ အရေးပါတဲ့ ခရီးစဉ် တခုအဖြစ် ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ မြန်မာ့အရေး လေ့လာ သုံးသပ်သူတွေက ယူဆနေကြတာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အများက မျှော်လင့်ထားကြသလို နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဖုအထစ်အဖြစ် တည်ရှိနေတဲ့ မြစ်ဆုံဆည်ကိစ္စကို အဓိကထား ဆွေးနွေးမယ့် အလားအလာ မမြင်ဘူးလို့ တရုတ်-မြန်မာဆက်ဆံရေး ကျွမ်းကျင်သူလည်းဖြစ်၊ အမေရိကန်အခြေစိုက် Stimson သုတေသနဌာနက တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun ကသုံးသပ်ပါတယ်။

“အကြောင်းအရာ အတော်များများကို ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါပေမယ့် လူအများစုက အာရုံစိုက်နေကြတဲ့ မြစ်ဆုံဆည်ကိစ္စကတော့ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာ ထိပ်ဆုံးက ပါဝင်မယ် မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်မယ့် ရေအားလျှပ်စစ်ဆည် စီမံကိန်းတွေအားလုံးကို ပြန်လည် သုံးသပ်ဖို့အတွက် ပြီးခဲ့တဲ့ သောကြာနေ့တုန်းကပဲ NLD အစိုးရက ကြေညာချက်တခု ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ ကြေညာချက် ထုတ်ပြန်လိုက်တဲ့အတွက် တရုတ်ပြည်မှာ ရှိနေစဉ်အတွင်း မြစ်ဆုံ စီမံကိန်း ကိစ္စကို ဆွေးနွေးဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပေးမှုတွေ သိသိသာသာ လျော့ကျသွားနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စီမံကိန်းတွေနဲ့ သက်ဆိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေဟာ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ထွက်လာတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီး စုံစမ်း စစ်ဆေးမှုတွေဟာလည်း ပြုလုပ်နေဆဲ ဖြစ်တယ်လို့ ပြောလို့ ရနိုင်ပါတယ်။့ သြဂုတ်လ ၃၁ ရက်နေ့မှာ စတင်မယ့် ၂၁ ရာစု ပင်လုံညီလာခံ ကိစ္စကိုလည်း ဆွေးနွေးနိုင်ပါတယ်။ နောက်ပြီးတော့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကိစ္စတွေကိုလည်း ဆွေးနွေးနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းပြည်အတွင်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ပြနိုင်ဖို့အတွက် NLD အစိုးရဟာ ဖိအား အကြီးအကျယ် ပေးခံနေရတဲ့အတွက် ဖြစ်ပါတယ်။”

တရုတ်နိုင်ငံ၊ ယူနန်တောင်ပိုင်းတက္ကသိုလ်က နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Bi Shihong ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူညီမှု တစုံတရာ ရနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

“တကယ်လို့ မြစ်ဆုံဆည်ကိစ္စကို ပြေလည်အောင် မဆောင်ရွက်နိုင်ဘူးဆိုရင် အနာဂတ် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် အဟန့်အတား ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အခြေခံအဆောက်အဦးဆိုင်ရာ စီမံကိန်း အကြီးကြီးတွေကို လုပ်ဆောင်ကြမယ့် တရုတ်ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ ယုံကြည်မှု လျော့ကျသွားစေနိုင်ပါတယ်။”

အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ အကုန်အကျခံ တည်ဆောက်မယ့် မတင်မကျ ဖြစ်နေတဲ့ မြစ်ဆုံဆည်ကိစ္စ ဖြေရှင်းနိုင်ရေး မြန်မာ အစိုးရ အတွက် နည်းလမ်းသုံးသွယ် ရှိတယ်လို့လည်း ပါမောက္ခ Bi က ပြောဆိုပြီး ပထမ နည်းလမ်းကတော့ - စီမံကိန်းကို လျော်ကြေးပေးပြီး လုံး၀ ဖျက်သိမ်းဖို့၊ ဒုတိယ နည်းလမ်းကတော့ စီမံကိန်းကို ပြန်လုပ်ခွင့်ပြုဖို့နဲ့ တတိယ အချက်ကတော့ စီမံကိန်းကို ဖျက်ပြီး ဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေကို အလျော်အစား အနေနဲ့ တခြား စီမံကိန်းတွေ ချပေးဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါ်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေးနဲ့ စီးပွားရေး နှစ်ခုစလုံးအတွက် အရေးပါတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် တရုတ်နိုင်ငံကနေ အကူအညီတောင်းခံသွားမယ်လို့ ယူဆကြောင်း တရုတ် နိုင်ငံတကာလေ့လာရေးဌာနက သုတေသီ Su Xiaohui က တရုတ်နိုင်ငံ အခြေစိုက် CCTV ရုပ်သံဌာနနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအတွင်း ပြောကြားခဲ့ပါတယ်။

“သူ့ခရီးစဉ်အတွင်း တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးဖို့ ဆောင်ရွက်လိမ့်မယ်လို့ ကျမ ယူဆပါတယ်။ မြန်မာ အစိုးရသစ် တက်လာတာ လအနဲငယ်ပဲ ရှိသေးတာမို့ အစိုးရက ပြည်တွင်း စီးပွားရေး တိုးတက်ဖို့ ဦးစားပေးလိုတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်တာတွေ မရှိတာ၊ အခြေခံယန္တရား အဆောက်အဦးတွေ လိုအပ်နေတာနဲ့ ရင်ဆိုင်နေရတဲ့အတွက် အစိုးရသစ်အနေနဲ့ ပြည်တွင်း စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားအကူအညီ ပိုရစေဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ အစိုးရသစ်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း ဦးစားပေးဖို့ ရှိပါတယ်။ တရုတ်က မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်လိုဘဲ မြန်မာနိုင်ငံနဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွားအတွက် ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။”

တရုတ် ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်နဲ့ သွားရောက်တဲ့ဒီ ၅ ရက်ကြာ ခရီးစဉ်အတွင်း တရုတ် သမ္မတ ရှီကျင့်ပင်၊ ဝန်ကြီးချုပ် လီခချန်းတို့အပြင် နိုင်ငံခြားရေးဝန်ကြီး ဝမ်းယီတို့နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်အတွင်း ကွန်လုံတံတား တည်ဆောက်ရေးနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆေးရုံ တည်ဆောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၂ ခု လက်မှတ် ထိုးသွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာန တာဝန်ရှိသူက ဗွီအိုအေကို ပြောပြခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ပြည်ထောင်စုဝန်ကြီးတွေလည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG