သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံအရေး တရုတ်ထုတ်ပြန်ချက် ကချင်တက်ကြွသူများ လက်မခံ


၇နှစ်ကြာရပ်ဆိုင်းခဲ့ရတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ဒေသခံပြည်သူတွေဘက် ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနဲ့ ဆန့်ကျင်ကန့်ကွက်သူတွေဟာ ပြည်ပကလူတွေနဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အပေါ် ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက လက်မခံ ပယ်ချလိုက်ကြပါတယ်။ မြစ်ဆုံအရေးဟာ အားလုံးနဲ့သက်ဆိုင်တဲ့အရေးဖြစ်တဲ့အတွက် NLD အစိုးရအနေနဲ့ ဒီစီမံကန်း ဆက်လုပ်သင့်-မလုပ်သင့် လူထုသဘောထား ပြည်သူ့ဆန္ဒကို ကောက်ခံသင့်တယ်လို့လည်း တိုက်တွန်းကြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးရဲ့ ၂၀၁၈ ဒီဇင်ဘာလတုန်းက သွားခဲ့တဲ့ ကချင်ပြည်နယ် မြစ်ကြီးနားခရီးစဉ်အတွင်း ကချင်နိုင်ငံရေးပါတီအသီးသီး၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး တရုတ်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တတ်နိုင်သမျှ တွန်းအားပေးဆောင်ရွက်နေကြောင်း နောက် ကချင်ပြည်နယ်တွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်နေသလို ကချင်စစ်ပြေးဒုက္ခသည်အရေး လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်တာ အမြန်ဆုံးနေရပ်ရင်းပြန်လာနိုင်ရေးတွေကိုပါ မြန်မာအစိုးရ၊ တပ်မတော်၊ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာကို ထည့်သွင်းပြောဆိုထားပါတယ်။

ဒါပေမဲ့လို့တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုတွေထဲ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ (၇)နှစ်ကြာ ရပ်ဆိုင်းထားရတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းပြဿနာဖြစ်ပြီး ဒီမြစ်ဆုံစီမံကိန်းပြဿနာကို မဖြေရှင်းပဲ အကြာကြီး အချိန်ဆွဲနေမယ်ဆိုရင် တရုတ်ကုမဏီတွေဘက်က မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို ယုံကြည်စိတ် ဆိုးရွားစွာ ထိခိုက်နိုင်ကြောင်း ပြောဆိုထားပါတယ်။ နောက် ကချင်ပြည်နယ်နဲ့ မြန်မာဖွံ့ဖြိုးရေးအတွက် လုံလောက်တဲ့လျှပ်စစ်ဓာတ်အားလိုအပ်ပါကြောင်းနဲ့ ကချင်ပြည်နယ်တွင်းက ဒေသခံတိုင်းရင်းသားပြည်သူတွေက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနဲ့ ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သည်က ပြင်ပမှ လူနဲ့ အဖွဲ့အစည်းဖြစ်ကြောင်း ဒါကြောင့် ကချင်ပြည်နယ်နိုင်ငံရေးပါတီတွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်တဲ့သဘောထားကို မြန်မာနိုင်ငံပြည်ထောင်စုအစိုးရကို ကိုယ့်သဘောထားတင်ပြဖို့ မျှော်လင့်ကြောင်း ဒီကြေညာချက်ထဲ ဖော်ပြထားပါတယ်။

ဒီလိုမျိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ကချင်ပြည်နယ်တွင်းက ဒေသခံတိုင်းရင်းသားပြည်သူတွေက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှု မရှိကြောင်းနဲ့ ထုတ်ပြန်ချက်အပေါ် ကချင်ငြိမ်းချမ်းရေး လှုပ်ရှားသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူတွေက လက်မခံ ပယ်ချလိုက်ကြပါတယ်၊ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ကချင်ပြည်သူလူထုဘက်က တစိုက်မတ်မတ်ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်းနဲ့ မြစ်ဆုံအရေးဟာ အားလုံးရဲ့အရေးဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားကြလို့ ဒီမြစ်ဆုံစီမံကိန်း ပြန်လည်စတင်မယ့်ကိစ္စကို ကချင်ငြိမ်းချမ်းရေးလှုပ်ရှားသူ မမေစံပယ်ဖြူက ကန့်ကွက်ကြောင်း ပြောဆိုပါတယ်။

"ကျမတို့ သိသလောက်ကတော့ ဘယ်သူကမှ မြစ်ဆုံစီမံကိန်းကို ဘယ်လိုအကြောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ် ပြန်လုပ်ဖို့အတွက် သဘောတူကြမှာ မဟုတ်ပါဘူး။ ဒါက ဒေသခံတွေရဲ့ သဘောထား လုံးဝမဖြစ်နိုင်ဘူးလို့ပဲ ကျမကတော့ ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေပဲ မဟုတ်ဘူး ။ မြစ်ဆုံအရေးက ကျမတို့ တနိုင်ငံလုံးရဲ့ အရေးဟုတ်တယ် ။ ဒေသခံတွေသဘောတူတယ်ဆိုတဲ့ဟာကို ကျမတို့တော့ သူတို့ ဘာအထောက်အထားနဲ့ ပြောတာလဲပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ ကချင်ငြိမ်းချမ်းရေးလုပ်တဲ့ တက်ကြွလှုပ်ရှားသူတွေရော၊ နောက်ပြီးတော့ သဘာဝပတ်ဝန်းကျင် အထူးသဖြင့်တော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေရှိတယ်။ ကျမတို့ သိသလောက်ကတော့ ဘယ်သူကမှ မြစ်ဆုံစီမံကိန်းကို ဘယ်လိုအကြောင်းကိစ္စကြောင့်ပဲဖြစ်ဖြစ် ပြန်လုပ်ဖို့အတွက် သဘောတူကြမှာ မဟုတ်ပါဘူး။

မေး။ ။ သူက မြန်မာအစိုးရကိုလည်း ဒီသဘောထားတွေကို ဝိုင်းပြီးတော့ ပြောပေးပါဆိုပြီးတော့ သူတွေ့ခဲ့တဲ့ နိုင်ငံရေးအဖွဲ့တွေလည်း သူတိုက်တွန်းခဲ့တယ် ဆိုပြီး ပြောထားတယ်ဆိုတော့ NLD အစိုးရအနေနဲ့ရော မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများရပ်တည်ဆောင်ရွက်သင့်တယ်လို့ အကြံပေးချင်တာရှိပါသလဲ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့။

ဖြေ။ ။ ကချင်ပြည်နယ်မှာရှိတဲ့ ဒေသခံတွေပဲ မဟုတ်ဘူး မြစ်ဆုံအရေးက ကျမတို့ တနိုင်ငံလုံးရဲ့ အရေးဖြစ်တယ်ပေါ့ ဒါကြောင့်ကျမတို့ အနေနဲ့ကတော့ NLD အစိုးရပဲဖြစ်ဖြစ် ဘယ်သူပဲ တက်လာ မြစ်ဆုံကို ကာကွယ်သင့်တယ်။ မြစ်ဆုံကို ကာကွယ်တဲ့အစိုးရပဲ ဖြစ်သင့်တယ်လို့တော့ ပြောချင်ပါတယ်။"

ဧရာဝတီမြစ်စီးဆင်းမယ့်မြစ်ကြောင်းတလျောက် သဘာဝပတ်ဝန်းကျင်ပျက်စီးနိုင်တဲ့အပြင် ဆိုးကျိုးတွေဖြစ်စေနိုင်တယ်ဆိုတာကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေရော ကချင်ပြည်သူလူထုအပါအဝင် မြန်မာပြည်သူလူထုဘက်က တခဲနက်ကန့်ကွက်ကြောင်း ဆန္ဒသဘောထားတွေ ထုတ်ပြန်ခဲ့ကြပြီးဖြစ်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုဖြစ်တဲ့ စိမ်းလန်းအမိမြေပတ်ဝန်းကျင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမျိုးသူကလည်းပြောပါတယ်။ တရုတ်အစိုးရရဲ့ အခုလို မြစ်ဆုံစီမံကိန်းအပေါ် ပြန်လည်စတင်နိုင်ရေး တကျော့ပြန်ခြေလှမ်းလှမ်းလာတဲ့ အနေအထားကိုလည်း ဦးဝင်းမျိုးသူက အခုလိုသုံးသပ်ပါတယ်။

" ဒါကတော့ တရုတ်နိုင်ငံဘက်ကတော့ သူတို့ရင်းနှီးမြှုပ်နှံသူဘက်က စဉ်းစားရင် သူတို့မှာ နစ်နာဆုံးရှုံးမှုတွေရှိတာ ငြင်းလို့မရတဲ့အချက်ပဲလေ။ ဒါကြောင့် ဒါကို သူတို့က အပြီးအပြတ်ပေါ့နော် ဒါကို ဆက်လုပ်မလား ဆိုတဲ့ ဆန္ဒရှိတာကတော့ ကျနော်တို့က ဘာမှ ကန့်ကွက်စရာအကြာင်းမရှိပါဘူး။ ဆရာတို့လည်း သူ့နေရာမှာဆိုရင် အပြီအပြတ်ဖြစ်စေချင်တာပေါ့။ ဒါသူတို့ကတော့ လုပ်ချင်တဲ့ ဆန္ဒရှိမှာပေါ့ ။ ၂ ပိုင်းရှိမှာပေါ့ ငွေကြေးဆုံးရှုံးလာတယ်ဆိုတော့ နိုင်ငံရေးအရ ပိုပြီးဆုံးရှုံးသလိုမျိုးဖြစ်တဲ့အခါကျတော့ သူတို့အနေနဲ့ လုပ်ချင်တဲ့ ဆန္ဒရှိပုံရပါတယ်။ နောက်ပြီး ဒေသကမဟုတ်ဘူးဆိုတာကို သူတို့ ဘယ်လိုလက်ခံသလဲပေါ့နော် မြစ်ကြီးတခုဖြစ်တယ်ဆိုတာက ဒီမြစ်ဖြစ်ခဲ့ရင် မြစ်အစအဆုံးမှာနေတဲ့လူတွေကတော့ ဒီဒေသမှာ နေတဲ့လူတွေလို့ ယူဆရမှာပဲ ။ ဒါကတော့ ပြည်သူတွေရဲ့ သဘောထားအရ ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ဧရာဝတီမြစ် စီးဆင်းတဲ့ မြို့နယ်တွေမှာ သူတို့ ဆန္ဒသဘောထားကို ကောက်ခံလိုက်ပေါ့ ။ အဲလိုကောက်ခံလို့ ပြည်သူတွေက လုပ်ပါလို့ ပြောရင် ဒီပြည်သူ့သဘောထားအတိုင်း ပြည်သူ့အစိုးရတက်လို့ပေါ့။ လူအများစုက မလုပ်ချင်ပါဘူးလို့ ပြောရင် မလုပ်နဲ့ပေါ့။ အဲလိုလုပ်ရင် ဘာဖြစ်သလဲဆိုတော့ ဆန့်ကျင်တာက လူအနည်းစုကဆန့်ကျင်တာ လူအများစုက ဆန့်ကျင်တာ ဒီလိုပဲ ဝိဝါဒ ကွဲပြားနေမှာပေါ့ ဒါကြောင့်မို့လို့ တရုတ်သံအမတ်ကြီးပြောသလို ပြည်ထောင်စုကို အကြောင်းကြားပါလောက်နဲ့ မဟုတ်ပဲနဲ့ နိုင်ငံတော်က ကမကထလုပ်ပြီးတော့ ဆန္ဒခံယူပွဲ လုပ်ပေးပါလို့ ဆရာက တိုက်တွန်းပြောချင်ပါတယ်။"

ဒီမြစ်ဆုံစီမံကိန်းကို၂၀၀၇ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပေမဲ့ ကချင်ပြည်သူတွေအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ဆန့်ကျင်ကန့်ကွက်ခဲ့ကြလို့ အမေရိကန် ဒေါ်လာ ၃.၆ ဘီလျံ တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်က ယာယီ ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကို အဖုအထစ် ဖြစ်စေခဲ့တာပါ။ ပြီးခဲ့တဲ့၂၀၁၆ခုနှစ် သြဂုတ်လမှာ သမ္မတ ဦးထင်ကျော်လက်ထက်မှာ ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်လက်ဆောင်ရွက်သင့် မသင့် လေ့လာစိစစ် သုံးသပ်နိုင်ဖို့ အတွက် ကော်မရှင်တရပ်ဖွဲ့စည်းခဲ့င်္ပြီး ကော်မရှင်ရဲ့ပထမဆုံးအကြိမ် အစီရင်ခံစာကို ၂၀၁၆နိုဝင်ဘာမှာ မြစ်ဆုံစီမံကိန်း လေ့လာစိစစ်ရေး ကော်မရှင်မှာ ပါဝင်တဲ့ ပညာရှင်တွေအနေနဲ့ လေ့လာစိစစ်မှုအပိုင်း အားလုံးပြီးလို့ အစိုးရထံ တင်ပြပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG