သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ကချင်လူထု မထောက်ခံ


၂၀၁၆ ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။
၂၀၁၆ ဂျွန်လ ၄ရက်နေ့က ကချင်ပြည်နယ်သို့ လာရောက်သော တရုတ် သံအမတ်ကို မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။

မြစ်ဆုံဆည် ရေကာတာစီမံကိန်းကို ကချင်လူထု ထောက်ခံမှုမရှိသလို ထာဝရ ရပ်တန့်ရေးအတွက်လည်း ကချင်နိုင်ငံရေးပါတီတွေက ဆက်လက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ကွမ်ဂရောင်-အောင်ခမ်း က ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Mr. Hong Liang ရဲ့ ဒီဇင်ဘာလက သွားခဲ့တဲ့ ကချင်ခရီးစဉ်နဲ့ပတ်သက်လို့ စနေနေ့က တရုတ်သံရုံး ထုတ်ပြန်ချက်အပေါ်မှာ သံအမတ်နဲ့ တွေ့ဆုံခဲ့တဲ့ ကချင် နိုင်ငံရေးပါတီတွေရဲ့ သဘောထား ဘယ်လို ရှိပါသလဲ။ ကွမ်ဂရောင်-အောင်ခမ်းကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

မြစ်ကြားနားမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ တရုတ်သံအမတ် Hong Liang နဲ့ ကချင် နိုင်ငံရေးပါတီနဲ့ ဘာသာရေး ခေါင်းဆောင်များ
မြစ်ကြားနားမြို့မှာ တွေ့ဆုံခဲ့ကြတဲ့ တရုတ်သံအမတ် Hong Liang နဲ့ ကချင် နိုင်ငံရေးပါတီနဲ့ ဘာသာရေး ခေါင်းဆောင်များ

တရုတ်သံအမတ် Mr. Hong Liang ရဲ့ ကချင်ပြည်နယ်ခရီးစဉ်နဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ထွက်လာပြီးတဲ့နောက် ရန်ကုန် တရုတ်သံရုံးကနေ ဇန်နဝါရီလ (၁၂) ရက်နေ့က သံအမတ်ရဲ့ ဒီဇင်ဘာလနှောင်းပိုင်းက သွားခဲ့တဲ့ နှစ်ရက်ကြာ ကချင်ခရီးစဉ်အကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၈နဲ့ ၂၉ နှစ်ရက်ကြာသွားခဲ့တဲ့ သူ့ရဲ့ကချင်ပြည်နယ်ခရီးစဉ်အတွင်း ကချင် နိုင်ငံရေးပါတီတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ တရုတ်သံအမတ်အနေနဲ့ ဘာတွေပြောဆိုဆွေးနွေးခဲ့သလဲ၊ အဖွဲ့အစည်းတွေဘက်က ဘာတွေတုန့်ပြန်ပြောဆိုသလဲဆိုတာကို တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

အဲဒီမှာ အငြင်းပွားစရာဖြစ်လာတဲ့အချက်ကတော့ ကချင်ပြည်နယ် ဒေသခံတိုင်းရင်းသားပြည်သူတွေဟာ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်မှုမရှိကြောင်းနဲ့ စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်သူတွေဟာ ပြင်ပက လူတွေနဲ့ အဖွဲ့အစည်းတွေသာဖြစ်တယ်လို့ ကချင်နိုင်ငံရေးပါတီနဲ့ ဘာသာရေးအဖွဲ့အစည်းတွေက တရုတ်သံအမတ်ကြီးကို ပြောပြခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာဖြစ်ပါတယ်။ အခုလို ကချင်အဖွဲ့အစည်းတွေက မြစ်ဆုံစီမံကိန်းကို မဆန့်ကျင်တဲ့သဘောထား ရှိကြောင်းသိရတဲ့အတွက် သံအမတ်ဘက်ကလည်း ပြန်ပြီးချီးကျူးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သံအမတ် Hong Liang နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်ဒီမိုကရက်ပါတီ ဥက္ကဌ ကွမ်ဂရောင်-အောင်ခမ်းကတော့ ဒီအချက်ဟာ လွဲမှားနေပြီး သူတို့အနေနဲ့ မြစ်ဆုံဆည်စီမံကိန်းကို ထောက်ခံတယ်ဆိုတာ ပြောဆိုခဲ့ခြင်းမရှိဘူးလို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

"ကျနော်တို့တွေ့တဲ့နေ့မှာ ဒါတွေကတော့ သူ့အနေနဲ့ ပြောပြခြင်းဖြစ်ပါတယ်။ ဒါကို ကျနော်တို့အနေနဲ့ သဘောတူတယ်လို့မှ မရှိတာ။ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မကန့်ကွက်ပါဘူး ၊ မဆန့်ကျင်ဘူးဆိုတဲ့ အချက်အလက်တွေကို တရုတ်သံအမတ်ကနေ ဒေါ်အောင်ဆန်းစုကြည်ထံကို စာရေးခိုင်းပါတယ်။ ဒါကြောင့်ကျနော်တို့က သူပြောတဲ့ဟာကို သဘောတူညီချက်တွေ တခုမှ မရှိပါဘူး။ မြစ်ဆုံရေကာတာကို ထာဝရ ရပ်တန့်အောင် ကချင်လူထုနဲ့အတူ ဆန့်ကျင်သွားမှာပါ။ နောက်တချက်ကတော့ မြစ်ဆုံရေကာတာဟာ ဧရာဝတီမြစ်ဟာ ကျနော်တို့ ကချင်လူထု တရပ်တည်းနဲ့ ပိုင်ဆိုင်တာမဟုတ်ဘူး။ မြန်မာတပြည်လုံးနဲ့ ပတ်သက်နေတဲ့ မြစ်ဖြစ်ပါတယ်။ ဒါကြောင့် တနိုင်ငံလုံးနဲ့ ဆက်စပ်နေတဲ့ အခြေအနေမျိုးဖြစ်တာကြောင့် တနိုင်ငံလုံးနဲ့ ကျနော်တို့ အတူတကွ ဆန့်ကျင်သွားမှာပါ ဒါကြောင့်မို့ ဒီဟာက ကချင်တခုတည်းနဲ့ မဆိုင်ပါဘူး အကုန်လုံးမြန်မာပြည်တခုလုံးနဲ့ ဆိုင်တာမို့လို့ လူထုတရပ်လုံးဆန့်ကျင်သွားဖို့လိုအပ်ပါတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင် ဘာသာရေးနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံချိန်မှာ (၇)နှစ်ကြာ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံဆည်စီမံကိန်း ဆက်ပြီးလုပ်ဆောင်မလား၊ မလုပ်ဆောင်ဘူးလားဆိုတဲ့ အမေးကို ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း ကွမ်ဂရောင်-အောင်ခမ်းကဆိုပါတယ်။

အလားတူ ကချင်ပြည်နယ်မှာ အခြား တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေနဲ့ ပတ်သက်လို့လည်း ပြည်ထောင်စုအစိုးရတရပ်အနေနဲ့ ဒေသခံ ကချင်ပြည်သူတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ချပြဆွေးနွေး သဘောတူညီမှုရယူတာမျိုး မရှိတဲ့အတွက် တရုတ်စီမံကိန်းတွေကို သူတို့အနေနဲ့ ကန့်ကွက်ကြောင်း ကွမ်ဂရောင်-အောင်ခမ်းက ဗွီအိုအေကိုပြောပါတယ်။

"ဒီစက်မှုဇုံတွေကလည်း အခုလက်ရှိအစိုးရ NLD နဲ့ ချုပ်ဆိုထားခြင်းဖြစ်ပါတယ်။ ကျန်တဲ့ပါတီ အတိုက်အခံပါတီ တွေ ကိုလည်း ချပြခြင်းမရှိပါဘူး။ ဒါကြောင့်ဒါတွေကိုလည်း လုံးဝဆန့်ကျင် ကန့်ကွက်ပါတယ်။ ကျနော်ကတော့ ရှင်းရှင်းလင်းလင်းပဲ တင်ပြပါတယ်။ ကျနော်တို့ ကချင်ပြည်ထဲမှာ မြေယာတွေကို တရုတ်တွေက အခြေစိုက်ပြီးတော့ ဝယ်တာတွေရှိတယ်။ တိုက်တာအဆောက်အဦးတွေလည်း အများကြီးဝယ်တာတွေလည်းရှိတယ်။ ဒီဟာက တရုတ်နဲ့ ကချင်ဆက်ဆံရေးကို ပြဿနာဖြစ်လာနိုင်တယ် ဒါကြောင့်ဒီဟာ မလုပ်သင့်ဘူးဆိုတာတွေကိုလည်း ပြောပြပါတယ်။"

တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်တာဝန်ယူထားတဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် သဘောတူညီချက်အရ ကချင်ပြည်နယ် ကုန်သွယ်စီးပွားရေး ဖွံဖြိုးတိုးတက်အောင် အပါအဝင် တရုတ်ရဲ့ Belt and Road ရပ်ဝန်းလမ်းကြောင်း စီမံကိန်းအတွက် နှစ်နိုင်ငံ အစိုးရက အတူတကွ တက်ကြွစွာ ဖေါ်ဆောင်နေတယ်လို့ တရုတ်သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုပြဿနာ ဆိုးရွားနေတာနဲ့ပတ်သက်လို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ တရုတ်နိုင်ငံဘက်က အပြည့်အဝပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ အထူးသဖြင့် ဘိန်းဖြတ်စခန်းဖွင့်လှစ် ပေးဖို့ ကူညီထောက်ပံ့ဖို့ အဆင့်သင့်ရှိနေတယ်လို့ ဆိုပါတယ်။ တကယ်တမ်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်မယ်ဆိုရင် တရုတ်နယ်စပ်က လာနေတဲ့ မူးယစ်ဆေးဝါးဖေါ်စပ်ရာမှာ အသုံးပြုတဲ့ ဓါတုပစ္စည်းတွေကို တိုင်းရင်းသားနယ်စပ်တွေဘက် သယ်ဆောင်တာတွေကို ပြင်းပြင်းထန်ထန်နှိမ်နင်းသင့်တယ်လို့ ကွမ်ဂရောင်-အောင်ခမ်းက ပြောပါတယ်။

"အဓိကတော့ ရှမ်းပြည် တရုတ်ပြည်နယ်စပ်မှာ မူးယစ်ဆေးဝါးတွေ အများကြီးထုတ်တာတွေ့ရတယ်။ ဒါကြောင့် ကျနော်ကတော့ ဒါတွေကို ပြောပြချင်ပါတယ် တရုတ်အစိုးကိုလည်း။ ဒီဟာတွေက သူတို့နဲ့ ပတ်သက်မှု direct မရှိသည့်တိုင်အောင် နယ်စပ်ဖြစ်တာကြောင့် သူတို့ဆီမှာလည်း တာဝန် တစုံတရာရှိပါတယ်။"

တရုတ်သံအမတ်ရဲ့ ကချင်ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာ မနာမ်တူးဂျာ၊ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီ ကချင်ပြည်နယ် ဥက္ကဌ ဦးခက်ထိန်နန်၊ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ ဥက္ကဌ ဦးရွှေမင်း အပါအဝင် ကချင်နှစ်ခြင်းအဖွဲ့ချုပ် KBC ဥက္ကဌ ဒေါက်တာ Samson တို့ လည်းပါဝင်ပါတယ်။

XS
SM
MD
LG