သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံဒေသခံများ နေရပ်ပြန်နေခွင့်ရရေး တောင်းဆို


 မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော် (Credit- Hkun Awng Nlam)
မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော် (Credit- Hkun Awng Nlam)

ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်းရပ်ဆိုင်းရေးအတွက် ဒီကနေ့ ဒေသခံပြည်သူတွေက မြစ်ဆုံဒေသမှာ သဘောထားဆန္ဒထုတ်ဖော်ပြီး သတင်းစာရှင်းလင်းပွဲကျင်းပ တောင်းဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်တွေထဲမှာ ဒေသခံပြည်သူတွေ သူတို့ရပ်မူရင်းဒေသမှာ ပြန်လည်နေထိုင်ခွင့်ရဖို့အတွက်လည်း တောင်းဆိုထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးသိန်းစိန်အစိုးရလက်ထက်က ယာယီရပ်ဆိုင်းထားတဲ့မြစ်ဆုံရေကာတာ တည်ဆောက်ရေး အစီအစဉ်ကို လက်ရှိ အစိုးရသစ်လက်ထက်မှာ ပြန်လည်မစတင်စေဖို့ ရည်ရွယ်ပြီး ဒေသခံပြည်သူတွေက ဒီကနေ့ မေခနဲ့ မလိခမြစ်ဆုံရာကမ်းခြေမှာ ဆန္ဒထုတ်ဖော်ပြီး တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီဆန္ဒထုတ်ဖော်တောင်းဆိုပွဲကို ဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ဒေါ်ဂျာခွန်က အဓိက ဒေသခံတွေရဲ့လိုလားချက်ကို အခုလို ပြောပါတယ်။

“ မြစ်ဆုံစီမံကိန်း ဖြတ်သိမ်းပေးဖို့ပေါ့နော်။ နောက်ပြီးတော့ ကျမတို့ ဒေသခံတွေနဂို မူလ နေရပ်သို့ လွတ်လပ်စွာနေထိုင်ခွင့်ရရှိအောင်ပေါ့နော်။ ကျမတို့ သဘောထားဆန္ဒတွေထုတ်ပြန်တယ်၊ သတင်းစာရှင်းလင်းပွဲလုပ်တယ်၊ ၁၀ နာရီမှာ စပါတယ်ရှင့်။

ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံတွေရဲ့ သဘောထားကိုလည်း ထုတ်ပြန်ခဲ့တယ်လို့လည်း ဒေါ်ဂျာခွန်က ဆက်ပြောပါတယ်။

“ကျမတို့ မြစ်ဆုံဒေသဟာ ကချင်မျိုးနွယ်စုတွေရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ နေရာတခုဖြစ်တဲ့အတွက်ကြောင့်မို့ ကျမတို့ မြစ်ဆုံရေကာတာကို လုံးဝဖြတ်သိမ်းဖို့အတွက် ပြည်သူအားလုံးနဲ့ လက်တွဲပြီးလုပ်ဆောင်သွားမယ်။ နောက်တခုက ဒေသခံပြည်သူများရဲ့ နဂိုမူလနေရပ်မှာ ပြန်လည်တည်ထောင်နိုင်ဖို့နဲ့ ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့် ကိုပိုင်ဆိုင်သွားဖို့ ကြိုးစားသွားမယ်။ မြစ်ဆုံရေကာတာစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းဖို့ ဘယ်တော့မှ နောက်ထပ်မလုပ်ဖို့ပေါ့နော် အစိုးရ အဆက်ဆက်ကို ဆက်လက်တိုက်တွန်းသွားမယ်။ ဒေသခံပြည်သူများရဲ့ သဘောထားဆန္ဒမပါတဲ့ ၊ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြည်သည့်စီမံကိန်းကို ကျနော်တို့ ၊ ကျမတို့က လက်ခံမှာမဟုတ်ဘူးပေါ့ အဲလိုမျိုး သဘောထားထုတ်ပြန်ချက် ၅ ချက်ကို ကြေညာထားပါတယ်။”

မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၀၇ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းဒေသအတွင်းမှာရှိတဲ့ ကျေးရွာတွေကို နေရာသစ်မှာ ရွှေ့ပြောင်းစေခဲ့တာကြောင့် ဒေသခံတွေဟာ နေရာသစ်မှာ လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေအခက်အခဲနဲ့ တွေ့ကြုံရပါတယ်။

ဒီစီမံကိန်းကို လုံးဝရပ်ဆိုင်းကြောင်း ကြေညာနိုင်ရင်တော့ ဒေသခံတွေ မူလဒေသမှာ ပြန်လည် လုပ်ကိုင်နိုင်မယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်ခမ်းက ပြောပါတယ်။

“လွန်ခဲ့တဲ့အခြေအနေရော အခုလက်ရှိအခြေအနေရော ဒီဒေသခံတွေက ပတ်ဝန်းကျင်မှာ ကောင်းကောင်အလုပ်လုပ်လို့မရဘူးပေါ့။ သူတို့ပိုင်တဲ့နယ်မြေတွေမှာလည်း သူတို့ လုပ်ပိုင်ခွင့်မရှိသေးဘူး။ ဒါကြောင့် လူထု အနေနဲ့ နစ်နာတဲ့အပိုင်းတွေရှိတယ်။ ဒါကြောင့် ရှင်းရှင်းလင်းလင်းနဲ့ ဒီဟာကို ထုတ်ဖော်မယ်ဆိုရင်တော့ ဒီဒေသခံတွေကလည်း ဒီဒေသကိုသွားပြီးမှ လုပ်စားနိုင်မယ့်အခြေအနေမျိုးဖြစ်တယ်။ အခုကတော့ အခက်အခဲနဲ့ ကြုံနေရတယ်။ တချို့က ဒီကပြောင်းရွှေ့တဲ့နေရာမှာ အခက်အခဲနဲ့ နေရတဲ့ ပုံစံမျိုးဖြစ်တယ်။”

မြစ်ဆုံစီမံကိန်းစတင်ခဲ့တဲ့နောက် လူ့မှုအသိုင်းအဝိုင်းနဲ့ သဘာဝပတ်ဝန်းကိုထိခိုက်နစ်နာနိုင်တယ်ဆိုတဲ့ ဆန့်ကျင်ကန့်ကွက်တာတွေရှိခဲ့တဲ့နောက် ၂၀၁၁ခုနှစ်မှာ သမ္မတဦးသိန်းစိန် သူ့အစိုးရသက်တမ်းကာလအတွင်းမှာ ရပ်ဆိုင်းထားခဲ့ပါတယ်။ လက်ရှိ အစိုးရသစ်တက်လာပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဖက်က စီမံကိန်းကို ပြန်လည်စတင်လိုကြောင်း ဆွေးနွေးပြောဆိုတာတွေရှိလာခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ အစိုးရသစ်က ဧရာဝတီမြစ်ဆုံ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေကို လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်ဖွဲ့စည်းပြီး စီမံကိန်းတွေဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ နိုင်ငံတကာသတ်မှတ်ချက်တွေ ပြည်တွင်းဥပဒေတွေနဲ့ ကိုက်ညီမှုရှိမရှိ သုံးသပ်ဖို့ ပြင်ဆင်နေပါတယ်။ ဒီကော်မရှင်ရဲ့ သုံးသပ်မှုပထမအစီရင်ခံစာကို ဒီနှစ်နိုဝင်ဘာလ အတွင်းမှာ သမ္မတဆီတင်ပြဖို့ သတ်မှတ်ထားပြီး ဒီသုံးသပ်ချက်ပေါ်မူတည်ပြီး စီမံကိန်းကို ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

စီမံကိန်းကို လုံးဝရပ်ဆိုင်းပစ်မယ်ဆိုရင်တော့ စီမံကိန်းအတွက် လက်ရှိအထိ ရင်းနှီးထားငွေ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ပေးလျော်ရမယ့်သဘောမှာရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ တနှစ်ကို အခွန်ငွေ ကန် ဒေါ်လာသန်းငါးရာရရှိပြီး၊ မြစ်ဆုံက ထွက်မယ့် လျှပ်စစ်ဓတ်အား ၁၀ ရာခိုင်နှုန်းကိုလည်း မြန်မာနိုငငံက အခမဲ့ ရရှိမှာဖြစ်ပါတယ်။ အခုလက်ရှိအနေအထားအတိုင်း ဆိုင်းငံထားမယ်ဆိုရင်တော့ တရုတ်ကုမဏီဖက်က ရင်းနှီးမြုပ်နှံမှုအတိုးငွေ တနှစ်ကို ဒေါ်လာ သန်း၅၀ နှစ်စဉ် ဆုံးရှုံးနေမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG