သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ဆုံအရေး တကျော့ပြန် ဆန္ဒပြပွဲ


၂၀၁၆ ဂျွန်လ ၄ရက်နေ့က မြစ်ဆုံဆည်တည်ဆောက်ရန် ကြိုးပမ်းမှုများ ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြနေသော မြစ်ကြီးနား ဒေသခံများ။ ဓါတ်ပုံ (EPA/MYITKYINA NEWS JOURNAL)

မြစ်ဆုံဆည်စီမံကိန်း ပြန်စမယ့် အရိပ်လက္ခဏာတွေ ပြန်ပေါ်လာနေတဲ့အတွက် ဒီစီမံကိန်းကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ လည်း တကျော့ ပြန်ပေါ်လာပါတယ်။ ဧရာဝတီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ ပုသိမ်မြို့မှာ ဇန်နဝါရီလ ၂၈ ရက်၊ တနင်္လာနေ့က ဆန္ဒပြပွဲတခု လုပ်ကြသလို တနင်္ဂနွေနေ့ကလည်း ရန်ကုန်မြို့မှာ ဆန္ဒပြပွဲတခုလုပ်ခဲ့ပါတယ်။ ဒီလို ကန့်ကွက်ဆန္ဒပြပွဲ တွေကို ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတွေ မြို့ကြီးတွေမှာ ဆက်လုပ်သွားဖို့ရှိတယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို ပြန်စမယ့်သဘောမျိုး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက ပြောလိုက်ပြီးတဲ့နောက် ဒီစီမံကိန်းကို ကန့်ကွက်တဲ့ သဘောထားအမြင်တွေကို ပြန်ကြားလာရသလို ကန့်ကွက်ပွဲတွေလည်း ပြန်ဖြစ်လာနေတာပါ။

တရုတ်နိုင်ငံ CPI ကုမ္ပဏီက ၂၀၁၈ စက်တင်ဘာလောက်ကစပြီး မြစ်ဆုံဆည်စီမံကိန်းပြန်စနိုင်ဖို့ ဒေသခံလူထုကို စည်းရုံးရေးလုပ်လာတာတွေရှိသလို တရုတ်အစိုးရရဲ့ ပြည်ပရင်းနှီးမြှု့ပ်နှံမှုတွေမှာ မြစ်ဆုံစီမံကိန်းက ပါဝင်နေဆဲဖြစ်လို့ ဦးသိန်းစိန်အစိုးရလက်ထက်က ခဏရပ်ဆိုင်းထားတဲ့ ဒီစီမံကိန်းတွေ ပြန်ပြီးစတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ပြန်ထွက်လာတာပါ။ ဒါကြောင့်လည်း ငြိမ်းချမ်းပါစေ မြန်မာပြည် ကွန်ရက်ကဦးဆောင်ပြီး ဧရာဝတီမြစ်ဖြတ်သန်းသွားတဲ့ မကွေး၊ ပဲခူးနဲ့၊ ဧရာဝတီ တိုင်းသုံးခုက မြို့နယ် ၂၀ မှာ မြစ်ဆုံဆည်စီမံကိန်းကိ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလုပ်ပြီး ပြည်သူတွေရဲ့လက်မှတ်တွေကို တရုတ်ကွန်မြူနစ် ပါတီကို ပေးပို့ဖို့စီစဉ်နေကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့က ပုသိမ်မြို့ကနေစတင်လိုက်ပြီး လူဦးရေ ၃၀၀ ကျော်လောက်ပါဝင်ခဲ့တယ်လို့ ငြိမ်းချမ်းပါစေမြန်မာပြည်ကွန်ရက် ဧရာဝတီတိုင်းတာဝန်ခံ ဦးဇော်ထိုက်က ပြောပါတယ်။

“မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးကို ဘာကြောင့်လှုပ်ရှားဆောင်ရွက်ရသလဲဆိုရင် မြစ်ဆုံစီမံကိန်းဟာ တကယ်များအလုပ်ဖြစ်သွားခဲ့ရင် ငါတို့ဧရာဝတီမြစ်ကြီး သေဆုံးသွားမှာဖြစ်တယ်။ ဧရာဝတီမြစ်ကြီးသေဆုံးသွားမယ်ဆိုရင် ဧရာဝတီဖြစ်ကိုမှီတင်းနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံး ဒုက္ခရောက်ကြမှာဖြစ်တယ်။ ပြီးတော့ဧရာဝတီဟာ ငါတို့ရဲ့ အချုပ်အခြာ၊ အာဏာ ဖြစ်တယ်။ ဧရာဝတီကိုထိပါးတာမှန်သမျှ အချုပ်အခြာကို ထိပါးတယ်လို့ ခံစားရတယ်။ ဒါကြောင့်မို့လို့ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးကို တောင်းဆိုရခြင်းဖြစ်ပါတယ်။”

ပုသိမ်မြို့ လှုပ်ရှားမှုထဲမှာ စတစ်ကာ ကမ်ပိန်းတွေ၊ ပညာရှင်တွေရေးထားတဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ အကျိုးအပြစ်တွေကို ဖော်ပြ ထားတဲ့ လက်ကမ်းစာစောင်ဝေတာတွေ၊ ဟောပြောပွဲတွေ၊ ကဗျာရွတ်ဆိုပွဲနဲ့ လက်မှတ်ကောက်ခံတာတွေ လုပ်ခဲ့တာပါ။

ဧရာဝတီတိုင်းမှာ ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ ဇလွန်။ ပဲခူးတိုင်းမှာတော့ ကြို့ပင်ကောက်၊ ပေါင်းတည်၊ ပြည်၊ အောင်လံ၊ သရက်၊ ဆင်ပေါင်ဝဲ၊ ကန်မ၊ မကွေးတိုင်းမှာ တောင်တွင်းကြီး၊ စလင်း၊ ရေနံချောင်း၊ ဆိပ်ဖြူ၊ ရေစကြို စတဲ့မြို့ ၂၀ မှာ တစ်လအတွင်း ဆက်တိုက်လုပ်သွားကြဖို့ စီစဉ်ထားပါတယ်။

အဲဒီဒေသတွေက ကောက်ခံလို့ရတဲ့လက်မှတ်တွေကို အခုနှစ်မတ်လဆန်းမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ လွှတ်တော်၊ ကုလသမဂ္ဂ၊ ပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတဆင့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီဆီကို ပေးပို့သွားမှာပါ။ လက်မှတ်တွေကို တက်ရောက်လာတဲ့သူတွေက ကောက်ယူသလို လူငယ်ကွန်ရက်တွေနဲ့ပူးပေါင်းပြီး အိမ်တိုင်ရာရောက်လည်း ကောက်ယူသွားမယ်လို့ဆိုပါတယ်။

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်တဲ့ ဆည်စီမံကိန်းဖြစ်သလို နိုင်ငံရေးဗျူဟာတွေ ပါဝင်ပတ်သက်နေတဲ့ စီမံကိန်းလို့လည်း မြင်မိတဲ့အတွက် ကန့်ကွက်ကြောင်း ရန်ကုန်မြို့မှာ တနင်္ဂနွေနေ့ကလုပ်သွားတဲ့ မြစ်ဆုံအရေးဆန္ဒဖော်ထုတ်ပွဲမှာလည်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုလိုပြောခဲ့ပါတယ်။

“ဧရာဝတီမြစ်က ကျနော်တို့ပိုင်မြေပါ တရုတ်ပြည်ကစီးလာတဲ့မြစ်၊ အိန္ဒိယကစီးလာတဲ့မြစ် မဟုတ်ပါဘူး။ ကျွန်တော်တို့နိုင်ငံကိုစီးလာတဲ့မြစ်ကြီးပါ။ ကျနော်တို့ပိုင်တယ် ဒါကြောင့်မို့လို့ ဧရာဝတီလို့ပြောလို့ရှိရင် ကျနော်တို့ ၅၄သန်းသော ပြည်ထောင်စုသားတွေအားလုံး ပြောပိုင်ခွင့်ရှိတယ်။ ကန့်ကွက် ပိုင်ခွင့်ရှိတယ်။ ဒါကြောင့်ကချင်လူထုက ကန့်ကွက်တာကိုလည်း ထောက်ခံတယ် ကချင်လူထုက မကန့်ကွက်လို့ဆိုပြီးတော့ ကျနော်တို့က မကန့်ကွက်လို့ မရပါဘူး။ ကျနော်တို့ဟာ တရုတ်ကိုအမြဲတမ်းကြောက်နေရတဲ့ ဘဝကိုဖြတ်နေရတယ်၊ ဘာဖြစ်လို့ရှိရင် ကျနော်တို့က အဲဒီဆည်ကြီးကိုသာ တခုခုချိုးချလိုက်ရင် သို့မဟုတ်လုပ်ကြံလိုက်လို့ အဲဒီဆည်ကြီးကျိုးသွားခဲ့သော် ထောင်နဲ့သောင်းနဲ့ချီပြီးတော့ ဆုံးရှုံးပျက်စီးပြီးတော့ ကျွန်တော်တို့လူတွေ အကုန်လုံးနစ်နာကြလိမ့်မယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ စစ်ရေးအမြင်နဲ့ ခြိမ်းခြောက်နေမယ့် ဆည်ကြီးကိုလည်း ကျနော်တို့မလိုလားပါဘူး။”

မြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်က အဲဒီအချိန် နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့အစိုးရရဲ့ အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ China Power Investment-CPI ကုမ္ပဏီိတို့ ကြား စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီစီမံကိန်းတခုလုံးအတွက် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပြီး ကနဦး သဘောတူ ညီချက်အရ CPI ကုမ္ပဏီက ၈၀%၊ မြန်မာအစိုးရက ၁၅% နဲ့ Asia World ကုမ္ပဏီက ၅% အသီးသီး ထည့်ဝင်လုပ်ကိုင်ကြမယ် လို့ ဆိုထားပါတယ်။

မြစ်ဆုံအရေး တကျော့ပြန် ဆန္ဒပြပွဲ
please wait

No media source currently available

0:00 0:04:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG