သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ


မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ
မြစ်ကြီးနား NDF ပါတီ ရွေးကောက်ပွဲ စည်းရုံးရေး ဆိုင်းဘုတ်တွေ ဖြုတ်ခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့က အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကို ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်ခဲ့တဲ့ သူတွေဟာ ဘယ်သူလဲဆိုတာ စုံစမ်းသိရှိခဲ့ပြီလို့ ပြောပါတယ်။ အခုလို ဦးမာခါးရဲ့ စည်းရုံးရေး ကြော်ငြာဆိုင်းဘုတ်တွေကို လိုက်ဖြုတ်တဲ့ သူတွေဟာ သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကဖြစ်ပြီး ဒီကိစ္စကို ပြည်နယ်ကော်မရှင်ရုံးမှာ ဒီနေ့ပဲ စာတင်လိုက်တယ်လို့ ဦးမာခါးက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ကိုယ်စားလှယ်လောင်း ဦးမာခါးက ပါတီရဲ့ ရည်ရွယ်ချက်တွေကို ရေးသားပြီး သံမှိုနဲ့ အခိုင်အမာ ရိုက်ကပ်ထားတဲ့ ကြော်ငြာဆိုင်းဘုတ်ကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အဖွဲ့က ဖြုတ်လိုက်တာလို့ ဦးမာခါးက ပြောပါတယ်။

“ပိုစတာတွေ ကပ်ထားတဲ့ နေရာမှာ အခု ပိုစတာတွေ အများကြီး ပျောက်ဆုံးမှု ဖြစ်နေပါတယ်။ အခုနောက်ဆုံး ကျနော်တို့ တွေ့ရှိရတဲ့ အပိုင်းမှာ ကျနော်တို့ ပြန်ပြီးမှ ချက်ခ်လုပ်တဲ့အခါမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ တွဲဖက်စည်းရုံးရေးမှူး ဦးလှမြင့်နဲ့ ဦးဇော်မင်းထွန်းဆိုတဲ့ လူနှစ်ယောက်က ဒီ နောင်နန်းကျေးရွာမှာ ကျနော့်ရဲ့ ပါတီဆိုင်းဘုတ်ပေါ့နော၊ ဆိုင်းဘုတ်နှစ်ခုကို ဖြုတ်သွားတယ်ပေါ့။ အဲဒီအချိန်မှာ နောင်နန်း တိုက်နယ်မှူးဖြစ်တဲ့ ဦးဒိုင်လွမ်းလည်းရှိတယ်။ ဒါပေမဲ့ သူကလည်း ဘာမှ မပြောမဆို၊ ဘာမှလည်း တားမြစ်မှု မရှိခဲ့ဘူး။

“အဲဒီအတွက်ကြောင့် အခု ဒီနေ့ ကျနော် ကချင်ပြည်နယ် ကော်မရှင်အဖွဲ့ကို စာတင်ထားတယ်။ နောက်ပြီး မိတ္တူကျတော့ နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ကျနော် စာပို့ထားတယ်။ ခရိုင်တို့ မြို့နယ်အဆင့်ဆင့်ကို ကျနော် စာပို့ထားတယ်။ ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီ မြစ်ကြီးနား မြို့နယ်ရုံးကိုလည်း စာပို့ထားတယ်ခင်ဗျ။”

ဦးမာခါးက ပါတီရဲ့ ငွေရေးကြေးရေး အခက်အခဲကြောင့် လူထု မဲဆွယ်စည်းရုံးမှုတွေကို ကြီးကြီးကျယ်ကျယ် မလုပ်နိုင်တဲ့အတွက် လက်ကမ်းစာစောင်တွေနဲ့ ဆိုင်းဘုတ်ကို အားကိုးပြီး ဆိုင်းဘုတ် ၆၀ လောက် မြစ်ကြီးနားတဝိုက် ဖြန့်ပြီး ကြော်ငြာထားခဲ့ရာမှာ ၁၀ ခုလောက်က အစအန မရှိအောင် ပျောက်ဆုံးနေပြီး တချို့ကတော့ ဆုတ်ဖြဲထားတာ တွေ့ရတယ်လို့ ပြောပါတယ်။

အခုလို သူ့အတွက် လူထုကို အဓိက မဲဆွယ်စည်းရုံးမှု လုပ်ထားတဲ့ ဆိုင်းဘုတ်တွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ဖြုတ်ချခြင်း အပေါ်မှာတော့ သူ့အနေနဲ့ သူ့ပါတီကို လူထုအားပေးမှုတွေ အားသာလာမှာ စိုးရိမ်တဲ့ အပိုင်းမှာ ဖြစ်နိုင်တယ်လို့ မြင်ပါတယ်။

“ဒါက သူတို့အနေနဲ့ ယှဉ်ပြိုင်ဘက် ဆိုတာထက် ပိုပြီးမှ မြင်တဲ့အပိုင်းတွေ ရှိမယ်ထင်တာပဲ။ ဒါက ကျနော်တို့ အနေနဲ့ကတော့ အားလုံးကို အကောင်းမြင် သဘောနဲ့ပဲ ယှဉ်ပြိုင်တာပါ။ ကိုယ်လုပ်နိုင်တဲ့ အပိုင်းကို လုပ်ကြတာပဲ။ ဒါက လွတ်လွတ်လပ်လပ် ယှဉ်ပြိုင်ဖို့အခွင့်အရေးရှိတယ် ဆိုတဲ့အတွက် ကျနော်တို့ နည်းလမ်းတကျပေါ့နော၊ သူတို့ ချပြထားတဲ့ တရားနည်းဥပဒေ အတိုင်းပဲ ကျနော်တို့ နည်းလမ်းတကျ ဝင်ရောက်ယှဉ်ပြိုင်တဲ့အပိုင်း ရှိတဲ့အတွက် ကျနော်တို့ အနေနဲ့ ကိုယ်တတ်နိုင်တဲ့အပိုင်း ဒီလို ယှဉ်ပြိုင်တာကိုတော့ ကိုယ့်ရဲ့ ပြိုင်ဘက်ပါတီ အနေနဲ့ ဒီလိုလုပ်သွားတယ်ဆိုတဲ့ အပိုင်းကတော့ မကောင်းဘူးလို့ပဲ ပြောရမှာပေ့ါ။”

သူနဲ့ပြိုင်ဘက်ဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကြေးနန်းနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်ဖြစ်ပြီး ဦးသိန်းဇော်ကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက ခရစ်ယာန် ဘုရားကျောင်းတွေမှာ လူထု မဲဆွယ်စည်းရုံးမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပါတယ်။

အခုလို သူ အားကိုးအားထားပြီး လုပ်ထားတဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ခံလိုက်ရတဲ့ အပေါ်မှာ ပြိုင်ဘက်ပါတီကို ဘယ်လို တုံ့ပြန်ဖို့ စီစဉ်ထားလဲလို့ မေးကြည့်တဲ့ အခါမှာတော့…

“ကျနော်ကိုယ်တိုင်ကတော့ ဘာမှ သိပ်တုံ့ပြန်ချင်တာ မဟုတ်ပါဘူး၊ ဘာမှလည်း တုံ့ပြန်မှု မရှိပါဘူး။ ဒါက ကော်မရှင်ရဲ့ တာဝန်လည်း ရှိပါတယ်။ ကျနော်တို့ကတော့ ကော်မရှင်နဲ့ လက်တွဲပြီး အလုပ်လုပ်တဲ့ အပိုင်းတွေ ရှိတဲ့အတွက် ကော်မရှင်အနေနဲ့ လိုအပ်သလို သူတို့ စီစဉ်ဆောင်ရွက်မယ်လို့ပဲ ကျနော် မျှော်လင့်ပါတယ်။”

ဒီကနေ့ စာသွားတင်တဲ့ အချိန်မှာလည်း ပြည်နယ် ကော်မရှင် ဥက္ကဋ္ဌနဲ့တော့ မတွေ့ခဲ့ပေမဲ့ မြို့နယ် ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌတွေက ဒီကိစ္စကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် ဒါမှမဟုတ် ပြည်နယ်ကော်မရှင်ရဲ့ ညွှန်ကြားချက်လာရင် ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဦးမာခါးက မူဆယ်မြို့နယ် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ မွေးဖွားခဲ့ပြီး မြစ်ကြီးနား တက္ကသိုလ် ကချင်တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှု ကော်မတီမှာ မဂ္ဂဇင်း တွဲဖက် အတွင်းရေးမှူးအဖြစ် လုပ်ခဲ့ပြီး အခုလက်ရှိ ရှေ့နေလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ်ရှိတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမာခါးဟာ မြစ်ကြီးနားမှာ အင်အားကြီး ပါတီတခုဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကြေးနန်းနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်နဲ့ ပြိုင်ဘက် ဖြစ်ပေမဲ့ လူထုတွေရဲ့ အားပေး ကြိုဆိုမှုတွေ အများကြီး ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။

XS
SM
MD
LG