သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ


တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ
တရုတ်လုပ်သားတွေ မြစ်ဆုံက ထွက်ခွာ

မြစ်ဆုံဆည်စီမံကိန်းကို ရပ်တန့်ဖို့ ဆုံးဖြတ်လိုက်တဲ့နောက် ဒီရက်ပိုင်းအတွင်းမှာ မြစ်ဆုံဆည် တည်ဆောက် နေတဲ့ တရုတ်အလုပ်သမား အတော်များများ နေရပ်ကို ပြန်လည် ထွက်ခွာနေတယ်။ ဒါပေမဲ့ စက်ယန္တားတွေကို မူလအတိုင်းပဲ ဆက်လက်ထားရှိပြီး မြစ်ဆုံအထက်ပိုင်းက မေခ၊ မလိခမြစ်ပေါ်က ရေကာတာတွေ တည်ဆောက်မယ့် ဒေသဘက်တွေကို လမ်းဖောက်လုပ်တာတွေတော့ ဆက်ပြီး ရှိနေဆဲဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။ မြစ်ဆုံရေကာတာကို ရပ်တန့်လိုက်ပေမဲ့
အထက်ပိုင်းက ရေကာတာတွေကို ဆက်လက်တည်ဆောက် မယ်ဆိုရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်နိုင်ပါသလဲ။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြစ်ဆုံရေကာတာ တည်ဆောက်ရေး လုပ်ငန်းကို နိုင်ငံတော်သမတ ဦးသိန်းစိန်က ရပ်တန့်ဖို့အတွက် လွန်ခဲ့တဲ့လကုန်ပိုင်းက ဆုံးဖြတ်ခဲ့တဲ့ နောက်ပိုင်း ပြီးခဲ့တဲ့အပတ်က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မြန်မာနဲ့တရုတ် နှစ်နိုင်ငံကြား ပူးတွဲ အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေကို ပေးထားတဲ့ကတိအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းလိုက်တဲ့ ကာလအတွင်းမှာပဲ မြစ်ဆုံဆည် တည်ဆောက်ရေးလုပ်ငန်းက တရုတ်အမျိုးသားတွေ အတော်များများ နေရပ်ရင်း ပြန်ကြတာဖြစ်ပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မှုလုပ်ငန်း ရပ်ဆိုင်းထားတဲ့ အခြေအနေကို သဘာဝပတ်ဝန်းကျင် အရေး လှုပ်ရှားသူ တယောက် ဖြစ်တဲ့ မြစ်ကြီးနားဒေသခံက အခုလို ပြောပါတယ်။

"ဟုတ်ကဲ့၊ ဒီဘက်မှာ ရေကာတာကြီးကို ပေါ်ပေါ်တင်တင် ဆောက်လုပ်တာတော့ သူတို့ ရပ်ခိုင်းထားတာပေါ့ဗျာ။ အလုပ်သမား ပြန်တယ်ဆိုပေမယ့် အားလုံး မပြန်သေးဘူး။ တချို့ အလုပ်သမားတွေ ကျန်သေးတယ်။ စက်ယန္တရားတွေက အားလုံး အစီအစဉ် ရှိနေတာပေါ့။ ဒါပေမယ့် အခုဒီမှာ လမ်းလုပ်တဲ့ မြေတိုင်းဟာပေါ့နော်၊ သူတို့ Survey လုပ်တဲ့ဟာတွေ တချို့ ကျန်သေးတယ်။ နောက်ပြီး မေခ အထက်ဘက်ပေါ့နော် လမ်းဆက်လုပ်ဖို့အတွက် သူတို့ စီစဉ်နေတဲ့ဟာတွေ ရှိတာပေါ့။"

မြစ်ဆုံဆည် စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ခုနှစ်က စတင် တည်ဆောက်တာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်သူတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဒေသခံ ကချင်ပြည်သူတွေ ကျယ်ကျယ် လောင်လောင် ကန့်ကွက် ခဲ့တဲ့နောက် စက်တင်ဘာလကုန်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်တာကို သူ့အစိုးရလက်ထက်မှာ ရပ်ဆိုင်းမှာ ဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ မြစ်ဆုံအထက်က မေခနဲ့ မလိခမြစ်ပေါ်က ကျန် ရေကာတာ ၇ ခုကိုတော့ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

လောလောဆည်မှာတော့ ကျန်ရေကာတာတွေကို ဆက်လက် အကောင်အထည်ဖော်နေဆဲ ဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံက အခုလို ဆက်ပြောပါတယ်။

"အထက်မှာ လုပ်တဲ့ဟာက တအားကြီး ပေါ်ပေါ်တင်တင်ကြီး လုပ်တာတော့ မရှိဘူး။ ဒါပေမယ့် အေရှားဝေါ ကုမ္ပဏီ တာဝန်ခံပြီးတော့ တချို့လမ်းတွေ လုပ်မယ်ဆိုရင် ဒီမှာ မြစ်ကြီးနားမှာ ရုံးစိုက်တဲ့လူတွေ ကချင်ဘက်မှာ ပြောင်းပြီးမှ တချို့အလုပ်သမားတွေ ခေါ်သွားပြီးတော့ အလုပ် ဆက်လက် လုပ်နေတာကို သိရှိရတာကို ကြည့်ခြင်းအားဖြင့် ပေါ်ပေါ်တင်တင် မလုပ်ရင်လည်း ဆက်လက်ပြီးတော့ လုပ်ငန်းတွေကို အကောင်အထည်ဖော်တယ်။ အထက်ဖက်မှာ အလုပ် ပြောင်းနေကြတယ် ဆိုတာကိုတော့ ကျနော်တို့ သိရှိရတာပေါ့နော်။"

မြန်မာနဲ့ တရုတ်အစိုးရတို့ဟာ မြစ်ဆုံရေကာတာအပြင် မေခနဲ့ မလိခမြစ်ပေါ်မှာ လိုင်ဇာ၊ ခေါင်လန်ဖူး၊ ဖီဇော၊ လာကင်၊ ပါရှီနဲ့ ချီဗွေ ရေကာတာတွေ တည်ဆောက်ဖို့ သဘောတူ ထားတာဖြစ်ပါတယ်။

FREDA ခေါ် သံယံဇာတ ပတ်ဝန်းကျင် ဖွံဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအသင်းရဲ့ ဒုဥကဌ ဦးအုန်းကတော့ ရခိုင်ရိုးမနဲ့ ချင်းတောင်မှာ တောတွေပြုန်းခဲ့တာကြောင့် ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းဟာ မြန်မာပြည်အလယ်ပိုင်းထိ ဝင်ရောက်နိုင်တာဖြစ်တယ်။ မုန်တိုင်းနဲ့အတူပါတဲ့ မိုးဒဏ်ကြောင့် ယောချောင်းအတွင်းက ဆည်တွေကျိုးပြီး ရွာ ၃၀ ကျော် ရေထဲပါခဲ့ရသလို လူတွေ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ လတ်တလော အဖြစ်ကို ဝေဖန်ထောက်ပြပါတယ်။

သူက ဆက်လက်ပြီး ကချင်ပြည်နယ်က မေခ၊ မလိခမြစ်ပေါ်က ဆည်တွေနဲ့ ပတ်သက်ပြီးတော့ အခုလို သုံးသပ်ပါတယ်။

"အဲဒီလို အဖြစ်မျိုး ကချင်ပြည်နယ်မှာ မဖြစ်ဘူးလို့ မပြောနိုင်ဘူး။ ဥပမာ ကချင်ပြည်နယ်လည်း တောက တော်တော်ကုန်နေပြီ။ အဲဒီတော့ ဟိမဝန္တာတောင်ကနေပြီးတော့ ရေခဲမြစ်တွေက အရေပျော်ပြီးတော့၊ ရုတ်တရက်ကြီး ရေခဲတွေ အရေပျော်ပြီး ဆင်းလာရင် အဲဒီဒဏ်ကို မြစ်ဆုံအထက်က ဆည်တွေ ခံနိုင်မလား။ မခံနိုင်လို့ရှိရင် မြစ်ကြီးနား အပါအဝင် ကချင်ပြည်နယ်ဟာ ရွာတွေရော၊ မြို့တွေရော ရေမြုပ်သွားနိုင်တယ်။ အဲဒီလို ဒဏ်တွေဟာ အခု စဖြစ်နေပြီ။ ရှေ့လျောက် တောတွေခုတ်တာ မရပ်သ၍၊ ဆည်တွေကို လိုသည်ထက်ပိုပြီးတော့ ဆောက်တာ မရပ်သ၍ သဘာဝအန္တရာယ်ကတော့ သေချာပေါက် ရင်ဆိုင်ရမှာဘဲ။ အဲဒီအတွက် ကျနော် စိုးရိမ်တယ်။"

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာမြစ်ကြောင်းများ စောင့်ကြည့်ရေးကွန်ယက် အဖွဲ့ကတော့ မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီဆည်တွေက ထုတ်လုပ်မယ့် လျှပ်စစ်ဓါတ်အားကိုတော့ တရုတ်နိုင်ငံကို တင်ပို့မှာဖြစ်တယ်လို့လည်း သူတို့ရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG