သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံဆည်ကိစ္စ အသိပေးဖို့ လွှတ်တော်နဲ့ အစိုးရကို တောင်းဆို


မြစ်ဆုံဆည်ကိစ္စ အသိပေးဖို့ လွှတ်တော်နဲ့ အစိုးရကို တောင်းဆို

ဧရာဝတီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ ဘာတွေလုပ်နေတယ် ဆိုတာကို တရားဝင် ထုတ်ပြန်ပေးရေး ဥပဒေကြောင်းအရ တောင်းဆိုဖို့ နိုင်ငံသားတချို့ ပြင်ဆင်နေကြပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ပေးအပ်ထားတဲ့ နိုင်ငံသား အခွင့်အရေး ရပိုင်ခွင့်အရ နိုင်ငံသားတွေ အနေနဲ့ အစိုးရထံက သိလိုတဲ့ သတင်း အချက်အလက်တွေကို စာချွန်လွှာပို့ တောင်းခံတာ ဖြစ်တယ်လို့လည်း ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဥပဒေ ပညာရှင်တွေကတော့ အခြေခံဥပဒေမှာ နိုင်ငံသား အခွင့်အရေး ရပိုင်ခွင့်အရ တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ ဖော်ပြထားပေမဲ့ တရားရေးမဏ္ဍိုင် အနေနဲ့ အရေးယူ လုပ်ဆောင်ပေးမယ့် ဥပဒေကတော့ မရှိသေးဘူးလို့လည်း ပြောဆိုကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ တရုတ် ဖက်စပ် လုပ်ကိုင်နေတဲ့ ဧရာဝတီမြစ်ပေါ်က မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်ပြီး အခု ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေမှာ မေးမြန်းပေးဖို့ နိုင်ငံသားတချို့က လွှတ်တော်အမတ်တွေဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တောင်းဆိုထားပါတယ်။ လွှတ်တော်အနေနဲ့ မဖြေကြားဘူး ဆိုရင်တော့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ နိုင်ငံသား အခွင့်အရေး ရပိုင်ခွင့်အရ တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်ပြီး တောင်းဆိုသွားမယ်လို့ ဒီကိစ္စကို လုပ်ဆောင်နေတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သူ ဦးဝင်းချိုက ပြောပါတယ်။

“လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်မှာ မေးမြန်းဖို့အတွက် အချိန်ပေးထားပါတယ်။ နိုင်ငံတော် တာဝန်ရှိ ပုဂ္ဂိုလ်တွေက နေပြီးတော့လည်း ဒီအကြောင်းအရာကို လွှတ်တော် ကိုယ်စားလှယ်တွေကတဆင့် ပြည်သူတွေကို သိအောင် ပြောပေးဖို့အတွက် ကျနော်တို့ စောင့်နေပါတယ်။ အခု ဒုတိယအကြိမ် ပုံမှန်လွှတ်တော် ခေါ်တာပေါ့လေ၊ အဲဒီ လွှတ်တော် အစည်းအဝေး ပြီးသွားတဲ့အချိန် အထိမှ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ပြည်သူတွေကို သိခွင့်မပေးသေးဘူး ဆိုရင်တော့ ကျနော်တို့က တရားလွှတ်တော်ချုပ်ကို လျှောက်မှာ ဖြစ်ပါတယ်။

“လွှတ်တော်တွင်း စာချွန်လွှာ တောင်းခံတယ်ဆိုတဲ့ ကိစ္စက နှစ်ပေါင်း လေးဆယ်ကျော်၊ ငါးဆယ်အတွင်းမှာ အစဉ်အလာ မရှိခဲ့တာ ဖြစ်တဲ့အတွက် ဒီကနေ ဘယ်လိုအဖြေ ရလာမယ် ဆိုတာနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ တကယ် ကြိုမသိထားပါဘူး။”

ဧရာဝတီမြစ်ပေါ်မှာ တရုတ်နဲ့ ဖက်စပ် တည်ဆောက်နေတဲ့ မြစ်ဆုံဆည်နဲ့ ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေကို အစိုးရဘက်က တရားဝင် ထုတ်ဖော် ပြောကြားတာ မရှိပါဘူး။ ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားချက်အတိုင်း နိုင်ငံသားတို့ ရပိုင်ခွင့်အရ အစိုးရ တာဝန်ရှိသူတွေ အနေနဲ့ ဒီ မြစ်ဆုံဆည် စီမံကိန်း တရုတ်နဲ့ ဖက်စပ် လုပ်ကိုင်နေတဲ့ အခြေအနေမှန်ကို တရားဝင် ပြောဆိုဖို့ တောင်းဆိုရတာလို့လည်း ဦးဝင်းချိုက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံသားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်ကို အခြေခံဥပဒေအရ တောင်းဆိုပိုင်ခွင့်ရှိတယ် ဆိုတာကိုလည်း ဖော်ထုတ်လိုတဲ့အတွက် အခုလို လုပ်ဆောင်ရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်ခံထားပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခု ကျနော်တို့ ရထားခဲ့တာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလကစ ကျနော်တို့က နိုင်ငံသားတို့ရဲ့ အခွင့်အရေးကို ရခဲ့တာ ဖြစ်တဲ့အတွက် အဲဒီအခွင့်အရေးနဲ့ ပတ်သက်ရင် ကျနော်တို့ နိုင်ငံသားတွေဟာ လုံးဝ နကန်းတလုံးမှ မသိဘူး ဆိုတာမျိုးလို ဖြစ်နေပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံသားရဲ့ အခွင့်အရေး ပါတယ် ဆိုတာကိုတောင် မသိတဲ့ နိုင်ငံသားတွေ ရှိတဲ့အခါကြတော့ သူတို့အတွက် ကျနော် နိုင်ငံသားတို့ရဲ့ တာဝန်နဲ့ ရပိုင်ခွင့် အခန်းကဏ္ဍကိုတော့ အမြဲတမ်း ထုတ်ဖော်သွားမယ်။”

အခြေခံဥပဒေပါ အချက်အလက်အရ နိုင်ငံသားတွေ အနေနဲ့ အစိုးရထံက သိလိုတဲ့ အချက်အလက်တွေကို စာချွန်လွှာတင် တောင်းဆိုပိုင်ခွင့်ရှိတယ် ဆိုပေမဲ့ ဒီလို တောင်းဆိုလာတဲ့ အခါမှာ တရားရေး လွှတ်တော်ချုပ် အနေနဲ့ ဘယ်လို အရေးယူ လုပ်ဆောင်ပေးမယ်ဆိုတဲ့ တိကျတဲ့ ဥပဒေ မရှိသေးဘူးလို့ အခု စာချွန်လွှာတင်ဖို့ ပြင်ဆင်နေတာမှာ ဥပဒေရေးရာ တာဝန်ယူ လုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောပါတယ်။

“ပေးတော့ ပေးထားတယ်ဗျ၊ ဥပဒေတရပ် အကောင်အထည် ဖော်ပေးပြီးတော့ အခုအချိန်အထိတော့ မရှိသေးတာ အမှန်ပဲဗျ။ အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့် အဖွဲ့အစည်းတွေလည်း မရှိသေးဘူးဗျ။ အဲဒီတော့ သူပြောတာက တရားလွှတ်တော်က နေပြီးတော့ အုပ်ချုပ်ရေး အာဏာကို ပြန်ပြီး Balance လုပ်ထားတာကိုးဗျ။ အဲတော့ အုပ်ချုပ်ရေးအာဏာ လွန်သွားလို့ရှိရင် တရားလွှတ်တော်နဲ့ ပြန်ပြီးတော့ သူတို့ပဲ Balance လုပ်ပါမယ်လို့ အခြေခံမူမှာတော့ ပြောထားတယ်။

“အဲတော့ ဥပဒေတရပ် အနေနဲ့ တိတိကျကျ ပြောလို့ရှိရင်တော့ နိုင်ငံတော်ရဲ့ ရှေ့နေချုပ် အပါအ၀င် ဥပဒေလုပ်ငန်းမှာ ဘယ်ကဲ့သို့ အကူအညီ ပေးရမယ် ဆိုတာတွေက တကယ်တမ်း ပြောရရင် ဥပဒေတရပ် လိုတာပေါ့ဗျာ။ ၁၉၇၅ တုန်းက နိုင်ငံသား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ဆိုတာမှာ အဲဒီလို ပါခဲ့ဖူးတယ်ဗျ။ အခုကတော့ အဲဒီလိုကို တိတိကျကျ မရှိသေးတာပေါ့ဗျာ။”

ဒီမြစ်ဆုံဆည် စီမံကိန်းကြောင့် ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ကွယ်သွားမယ့်အရေး အပြင် ဒီစီမံကိန်း အကျိုးအမြတ်ကို မြန်မာနိုင်ငံသားတွေ ခံစားခွင့် ရှိမရှိဆိုတဲ့ အပေါ်မှာပါ ပြည်သူလူထုအကြား စိုးရိမ်မှုတွေ တိုးပွားနေတာပါ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့အစည်း အသီးသီးကလည်း ဒီစီမံကိန်း အပေါ်မှာ စိုးရိမ်မိတဲ့အကြောင်း ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG