သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဥက္ကဋ္ဌတာဝန် ပြောင်းလဲ


ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ယာယီ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ ဒုဥက္ကဋ္ဌ ၁ နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် (Photo: The Kachin Net)
ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ယာယီ ဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းယူခဲ့တဲ့ ဒုဥက္ကဋ္ဌ ၁ နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင် (Photo: The Kachin Net)

[[Zawgyi/Unicode]]

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနေရာကို ဒီရက်ပိုင်းအတွင်းမှာ ဒုဥက္ကဋ္ဌ ၁ နဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်က တာဝန်ယူထားပါတယ်။ ဒီလိုတာဝန်လွှဲပြောင်းတာဟာ ယာယီဖြစ်ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကျန်းမာရေးအခြေအနေကြောင့်ဖြစ်လို့လည်း KIO နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

KIO ရဲ့ ထိပ်ပိုင်းခေါင်းဆောင်နေရာဖြစ်တဲ့ ဥက္ကဋ္ဌနေရာအပြောင်းအလဲကို ဒီလ ၂ ရက်နေ့က စတင်ခဲ့တာဖြစ်ပါတယ်။ KIO ဥက္ကဋ္ဌ ပြောင်းလဲတာနဲ့ပတ်သက်ပြီး ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌဟောင်း ဦးဂွမ်ဂရာအောင်ခမ်းက အခုလို ပြောပါတယ်။

“စာကတော့ ထွက်နေပြီ။ အမိန့်ကတော့ ထွက်နေပြီ။ အဲဒီဟာကတော့ CS ၊ ဒုဥက္ကဋ္ဌ ဖြစ်တယ်။ သူက ဥက္ကဋ္ဌအနေနဲ့ ယာယီတာဝန်ကို ယူထားတယ်။ CS ဂွမ်ထန်ဂမ်ရှောင်အနေနဲ့က KIO ရဲ့ Chairman ကို တာဝန်ယူထားတယ်။ ဒါပြီးမှ CS ကို ခေါင်လွန်းကို တာဝန်ပေးပါတယ်။”

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂမ်ရှောင်က ဥက္ကဋ္ဌနေရာ ယာယီတာဝန်ယူထားတဲ့အတွက် စစ်ဦးစီးချုပ်နေရာကို ဒု ဦးစီးချုပ်ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ခေါင်လွန်းက တာဝန်ယူထားတယ်လို့ ဦးဂွမ်ဂရာအောင်ခမ်းက ပြောပါတယ်။ ဒီလို KIO၊ KIA ထိပ်ပိုင်းရာထူးအပြောင်းအလဲနဲ့ပတ်သက်ပြီး ကချင်ဘာသာနဲ့ ထုတ်ပြန်တဲ့ အမိန့်စာဟာ Online တွေမှာလည်း ပျံ့နှံ့နေပါတယ်။

လက်ရှိ ယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဂမ်ရှောင်ဟာ အရင်က ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ Chief of Staff ခေါ် စစ်ဦးစီးချုပ်တာဝန်ယူခဲ့ပြီး ဗိုလ်ချုပ်ခေါင်လွန်းကတော့ ဒုစစ်ဦးစီးချုပ် ၁ အဖြစ် တာဝန်ယူခဲ့တာဖြစ်ပါတယ်။

ဦးဂွမ်ဂရာအောင်ခမ်းကတော့ KIO ထိပ်ပိုင်း ခေါင်းဆောင်အပြောင်းအလဲဟာ စီစဉ်ပြီးမှ ဆောင်ရွက်တာဖြစ်နိုင်ကြောင်းသုံးသပ်ပြီး ဗိုလ်ချုပ်ကြီး အင်ဘန်လအနေနဲ့လည်း ဆက်လက်ပြီး တာဝန်ယူမှုရှိနိုင်ကြောင်း သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်အင်ဘန်လက သူကတော့ တခြားသူတွေကိုလည်း လွှဲဖို့တော့ ဆန္ဒတော့ရှိပုံရတယ်။ ဒါကြောင့် အခု အသွင်ကူးပြောင်းတဲ့ ပုံစံမျိုးနဲ့ပဲ သူတို့ နေရာတွေ Change တဲ့ ပုံစံမျိုးဖြစ်တယ်လို့ပဲ ကျနော်ကတော့ သုံးသပ်ပါတယ်။ ဗိုလ်ချုပ်အင်ဘန်လတို့လည်း ဒီဟာမှာ အကုန်လုံးတာဝန် စုပေါင်းပြီးတော့မှ တာဝန်ယူတဲ့ အပိုင်းလို့ပဲ ကျနော်က ဒီလိုပဲ မြင်ပါတယ်။ ”

KIO နဲ့ နီးစပ်သူတွေကတော့ KIO ရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကျန်းမာရေးအတွက် ရက်ရှည်ဆေးကုသမှုခံယူရမှာဖြစ်တာကြောင့် ဒုဥက္ကဋ္ဌ ၁ နဲ့ စစ်ဦးစီးချုပ်-ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို ယာယီလွှဲပြောင်းပေးအပ်ထားတာဖြစ်ကြောင်း ပြောဆိုတာတွေ ရှိပါတယ်။

ဗိုလ်ချုပ်ကြီး အင်ဘန်လ ကချင်လွတ်မြောက်ရေးကောင်စီ KIC ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတာဖြစ်တဲ့အတွက် ဗိုလ်ချုပ်ကြီးဂမ်ရှောင်ကို တာဝန်လွှဲပြောင်းပေးအပ်ထားတာ ရှိမရှိတော့ မသိရသေးပါဘူး။

ဒီလို KIO၊ KIA ထိပ်ပိုင်းရာထူးအပြောင်းအလဲနဲ့ပတ်သက်ပြီး KIO ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကို မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ကချင်တော်လှန်ရေးအဖွဲ့ရဲ့ နိုင်ငံရေး ဦးဆောင်ပါတီ ဖြစ်တဲ့ KIO ကို ၁၉၆၀ ခုနှစ် အောက်တိုဘာလမှ စတင်ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တပ်ဖြစ်တဲ့ KIA ကို ၁၉၆၁ ဖေဖော်ဝါရီလမှ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အုပ်ချုပ်ရေးပိုင်းအတွက်တော့ ကချင်လွတ်မြောက်ရေးကောင်စီ KIC ကို ဖွဲ့စည်းထားပြီး KIO ဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့လည်း ဖြစ်ပါတယ်။

KIO ဥက္ကဋ္ဌတာဝန် ပြောင်းလဲ.mp3
please wait

No media source currently available

0:00 0:03:14 0:00
တိုက်ရိုက် လင့်ခ်

=============

[[Unicode]]

KIO ဥက်ကဋ်ဌတာဝနျ ပွောငျးလဲ












XS
SM
MD
LG