သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ တချို့ ကုလ N-Peace ဆုချီးမြှင့်ခံရ


N- Peace Awards ၂၀၁၅ ခုနှစ် ငြိမ်းချမ်းရေးဆုရှင် Ja Nan Lahtaw ။
N- Peace Awards ၂၀၁၅ ခုနှစ် ငြိမ်းချမ်းရေးဆုရှင် Ja Nan Lahtaw ။

ကချင်တိုင်းရင်းသူ Ja Nan Lahtaw အပါအဝင် ရန်ကုန်အခြေစိုက် Koe Koe Tech ကုမ္ပဏီ တို့ကို UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရဲ့ N- Peace Awards ၂၀၁၅ ခုနှစ် ငြိမ်းချမ်းရေးဆုရှင်တွေ အဖြစ် နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ပေးအပ် ချီးမြှင့်ခဲ့ပါတယ်။ အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ အတွက် တစိုက်မတ်မတ် ကြိုးပမ်း လှုပ်ရှားနေတဲ့ အမျိုးသမီး၊ အမျိုးသားတွေနဲ့ အဖွဲ့အစည်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ၂၀၁၀ ပြည့်နှစ်က စတင်ပြီး N- Peace ငြိမ်းချမ်းရေးဆုကို ကုလသမဂ္ဂက ချီးမြှင့်နေတာပါ။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

၂၀၁၅ခုနှစ်အတွက် N- Peace ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရတဲ့ ကချင်တိုင်းရင်းသူ Ja Nan Lahtaw ဟာ မြန်မာနိုင်ငံမှာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းတွေ အကောင်အထည်ပေါ်အောင် စီစဉ်ဆောင်ရွက်နေသူ တဦးဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နယူးယောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပခဲ့တဲ့ N- Peace ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲ အခမ်းအနားကို Ja Nan Lahtaw ကိုယ်တိုင် တက်ရောက်ပြီး ဆုကို လက်ခံရယူခဲ့ပါတယ်။

Ja Nan Lahtaw
Ja Nan Lahtaw

အထူးသဖြင့် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းစဉ်မှာ ရှားရှားပါးပါး ကချင်အမျိုးသမီးတဦး အနေနဲ့ ပါဝင်ခွင့်ရခဲ့ပြီးသူရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကြောင့် လူသိများလာခဲ့တာပါ။ Shalom Foundation ရဲ့ လက်ထောက် ညွန်ကြားရေးမှုး တဦးအနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့တဲ့ အတွေ့အကြုံကို သူက အခုလိုပြောသွားပါတယ်။

"Shalom Foundation အနေနဲ့က ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းတွေ အဓိက ဖြစ်ပါတယ်။ အဲ့တာက အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်တဲ့ လုပ်ငန်းစဉ်မှာ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာပေါ့လေ ပူးတွဲအကျိုးဆောင်အနေနဲ့ ဝိုင်းပြီးတော့ လုပ်ဆောင်ရပါတယ်။ အဲ့လို လုပ်ဆောင်ခြင်းအားဖြင့် ကျေနပ်တာလည်း ရှိပါတယ်။ တခါတလေကျရင် စိတ်ညစ်ရတာလည်း ရှိပါတယ်။ ကိုယ့်စိတ်ထဲမှာ အများစုကတော့ အမျိုးသားတွေရဲ့ ကြားမှာ ကိုယ်က ဒီအလုပ်တွေ လုပ်ရတယ်။ အဲ့ဒီ့လူတွေကြားမှာ ကိုယ်က ဘယ်လိုပြောဆိုရမလဲပေါ့လေ။ ပြီးလို့ရှိရင် ဒါက သာမာန် CSO အစည်းဝေးလည်း မဟုတ်ဘူးလေ။ တကယ့်နိုင်ငံရဲ့ အရေးကြီးဆုံးအစည်းအဝေးပွဲတခုဖြစ်တယ်။ ဒါ နှစ်ဘက်က သက်ဆိုင်တဲ့ ခေါင်းဆောင်တွေ ထိုင်တဲ့ အစည်းအဝေးဖြစ်တယ်။ အဲ့တော့ ကိုယ်က အမြဲတမ်း Processကို Guide လုပ်ပေးရမယ်။ ဟိုဘက်လည်း မပါ၊ ဒီဘက်လည်း မပါတဲ့ ပုံစံနဲ့ Process ကို Guide လုပ်ပေးဆိုတော့ ကိုယ်က ပြောပုံဆိုပုံကအစ တော်တော်လေးကို သတိထားပြီး ပြောခဲ့ရပါတယ်။"

ဒါအပြင် မြန်မာ့ဒီမိုကရေစီ ကူးပြောင်းရေးမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အမျိုးသမီးတွေရဲ့ ပါဝင်မှု အခန်းကဏ္ဍမြှင့်တင်ရေး တိုင်းရင်းသား အရပ်ဖက်ခေါင်းဆောင်များ ဖိုရမ်ကို Ja Nan က ဦးဆောင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ် တိုးတက်ဖို့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးပွဲမှာ အမျိုးသမီးနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပါဝင်ရေးဟာ မရှိမဖြစ် လိုအပ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ထားတယ်လို့လည်းဆိုပါတယ်။

"အထူးသဖြင့် ကျမတို့ဖြစ်ချင်တဲ့ မြင်ချင်တဲ့ ငြိမ်းချမ်းရေး ရဖို့ဆိုတာက တရားမျှတမှုပါရမယ်။ အဲ့တာကြောင့် တရားမျှတမှုရှိတဲ့ အုပ်ချုပ်မှု စနစ်ပေါ်ထွန်း လာရေးက ဆက်ပြီးတော့ အားလုံးနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက် သွားမယ်ဆိုတာကတော့ အမြဲတမ်း ခံယူပါတယ်။ N- Peace ဆုရတာကလည်း လူတွေကလည်း ရသင့်တယ်လို့ ယူဆတဲ့အတွက်ကြောင့် ကိုယ်က စကတည်းက ခံယူလာတာပေါ့လေ။ ကိုယ့်ကိုကိုယ် ချီးမွမ်းတာထက် ပတ်ဝန်းကျင်က အသိအမှတ်ပြုပေးတာက ပိုပြီးတော့ တန်ဖိုးရှိတာပေါ့လေ။ "

ဒီနှစ် N- Peace ငြိမ်းချမ်းရေးဆုချီးမြှင့်ခံရတဲ့ အဖွဲ့အစည်းတွေထဲမှာ မြန်မာနိုင်ငံက Koe Koe Tech နည်းပညာ ကုမ္ပဏီလည်း ပါဝင်ပါတယ်။ သူတို့ ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ မိုဘိုင်းလ်ဖုန်း applications app ဟာ မြန်မာနိုင်ငံမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေရဲ့မိဘတွေအတွက် အရေးကြီးတဲ့ ကျန်းမာရေးဝန်ဆောင်မှု သတင်းအချက်အလက်တွေကို မိုဘိုင်းလ်ဖုန်းမှာ အလွယ်တကူ ရှာဖွေလို့ရအောင် ဆောင်ရွက်ပေးနေ တာဖြစ်တယ်လို့ Koe Koe Tech ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ ဦးဆောင်ညွန်ကြားရေးမှုးလည်းဖြစ်တဲ့ Michael Lwin ကပြောပါတယ်။

Koe Koe Tech ဦးဆောင်ညွန်ကြားရေးမှုး Michael Lwin
Koe Koe Tech ဦးဆောင်ညွန်ကြားရေးမှုး Michael Lwin

"မြန်မာနိုင်ငံမှာ ဘယ်သူမဆို ဘယ်နေရာမှာပဲဖြစ်ဖြစ် လက်ထဲမှာ ဖုန်းရှိနေတာနဲ့ အရည်အချင်း မှီ ခိုင်လုံတဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှု သတင်း အချက်အလက်တွေကို ရှာဖွေကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါဟာလည်း ကျနော်တို့ရဲ့ ရည်မှန်းချက်ဖြစ်ပါတယ်။"

Koe Koe Tech ကို မြန်မာနိုင်ငံမှာ ၂၀၁၂ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ကျန်းမာရေးနဲ့ ဆိုင်တဲ့ မိုဘိုင်းလ် app ကို ပထမဦးဆုံးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

UNDP ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ်က နှစ်စဉ်ချီးမြှင့်တဲ့ N- Peace Awards ၂၀၁၄ ခုနှစ်အတွက် ငြိမ်းချမ်းရေးဆုရှင်တွေ အဖြစ် မြန်မာ တိုင်းရင်းသူတွေဖြစ် တဲ့ နော်အုန်းလှ၊ မိကွန်းချမ်းနွမ်နဲ့ မဝေေ၀နုတို့ ပထမဆုံးအကြိမ် ချီးမြှင့်ခံခဲ့ရပါတယ်။

XS
SM
MD
LG