သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NSCN- နာဂလက်နက်ကိုင်အဖွဲ့ အပစ်ရပ်မူကြမ်း ရေးဆွဲရေးမှာ ပါဝင်


အပစ်ရပ်ဆွေးနွေးပွဲမှာ ပထမဆုံးပါဝင်လာတဲ့ NSCN- အမျိုးသား ဆိုရှယ်လစ်ကောင်စီ နာဂပြည် အဖွဲ့ခေါင်းဆောင် ဦးကျော်ဝမ်းစိန်။ (ဧပြီ ၆၊ ၂၀၁၄)
အပစ်ရပ်ဆွေးနွေးပွဲမှာ ပထမဆုံးပါဝင်လာတဲ့ NSCN- အမျိုးသား ဆိုရှယ်လစ်ကောင်စီ နာဂပြည် အဖွဲ့ခေါင်းဆောင် ဦးကျော်ဝမ်းစိန်။ (ဧပြီ ၆၊ ၂၀၁၄)
တပြည်လုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း ညှိနှိုင်းရေး ဆွေးနွေးပွဲကို ပထမဆုံးအကြိမ် ပါဝင် တက်ရောက်လာတဲ့ နာဂ လက်နက်ကိုင် အဖွဲ့က အပစ်အခတ်ရပ်စဲရေးကို ပါဝင်လက်မှတ် ရေးထိုးဖို့ရှိပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုတော့ စိတ်မဝင်စားကြောင်း အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ နာဂ လက်နက်ကိုင်အဖွဲ့က အိန္ဒိယနဲ့ မြန်မာနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ အဖွဲ့ဖြစ်ပြီး ဘာကြောင့် နိုင်ငံရေးဆွေးနွေးပွဲကို စိတ်ဝင်စားမှုမရှိတာလဲဆိုတာကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

National Socialist Council of Nagaland – NSCN ခေါ် အမျိုးသား ဆိုရှယ်လစ်ကောင်စီ နာဂပြည်အဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အိန္ဒိယ မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်ပြီး ၂၀၁၂ခုနှစ် ဧပြီလက အစိုးရနဲ့ တိုင်းဒေသကြီးအဆင့်နဲ့ အပစ်အခတ်ရပ်စဲရေး အတွက် လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ နာဂလက်နက်ကိုင်အဖွဲ့ဟာ တပြည်လုံးအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လိုင်ဇာနဲ့ လော့ခီးလာစတဲ့ ဆွေးနွေးပွဲတွေကို ပါဝင် တက်ရောက်တာမရှိသလို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲတွေကိုလည်း မတက်ရောက်ခဲ့ပါဘူး။

ရန်ကုန်မှာ လက်ရှိကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို တက်ရောက်လာတာဟာလည်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ နာဂငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီရဲ့ ခေါင်းဆောင် ဦးကျော်ဝမ်းစိန်က NSCN အနေနဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးမှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ရှိပေမဲ့ အခြား နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ စိတ်ဝင်စားမှုမရှိကြောင်း အခုလို ပြောပါတယ်။

“ကျနော်တို့လည်းပဲ မြန်မာနိုင်ငံမှာကျရောက်တဲ့ (နေထိုင်တဲ့) နာဂတွေပေါ့- လက်နက်ကိုင်အဖွဲ့အစည်းတွေကျတော့ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်မယ်ဆိုတော့ ကျနော်တို့ကလည်း အပစ်အခတ်ရပ်စဲရေးတော့ လိုချင်တယ်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမှာ ကျနော်တို့လည်း ကိုယ့်ရဲ့ဒေသအခြေအနေ၊ နိုင်ငံရဲ့အခြေအနေပေါ်မှာ အခြေခံပြီးတော့မှ လက်မှတ်ထိုးဖို့တော့ ရည်ရွယ်ချက်ရှိတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကိစ္စ၊ ဒီနှစ်ခုအပေါ်မှာပဲ အခြေခံပြီးတော့မှ ကျနော်တို့ လက်မှတ်ထိုးဖို့ အစီအစဉ် ရှိပါတယ်။ တခြားကိစ္စတွေကကျတော့ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စသည်ဖြင့်ပေါ့နော်- အဲဒါတွေအတွက်ကတော့ ကျနော်တို့အတွက် သိပ်အရေးမဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးရမယ့်ကိစ္စတွေလည်း ကျနော်တို့အတွက် သိပ်အရေးမဟုတ်သေးဘူး။”

နာဂလူမျိုးတွေဟာ အိန္ဒိယနဲ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် နယ်စပ်မျဉ်းသတ်မှတ်ချက်အရ တနိုင်ငံစီ ကွဲပြားရောက်ရှိသွားခဲ့ရတယ်။ သူတို့ အားလုံးပြန်လည်စုစည်းဖို့အတွက်ဆိုရင် မြန်မာအစိုးရနဲ့ချည်း နိုင်ငံရေးဆွေးနွေးလို့ မပြီးပြတ်နိုင်တာကြောင့်ဖြစ်တယ်လို့ ဦးကျော်ဝမ်းစိန်က အခုလိုဆက်ရှင်းပြပါတယ်။

“အခုလောလောဆယ်မှာ နိုင်ငံရေးကို အဓိကထားပြီး ကျနော်တို့ဆွေးနွေးမယ်ဆိုရင် မြန်မာနိုင်ငံအစိုးရ တစ်ခုတည်းနဲ့လည်း ကျနော်တို့နာဂနိုင်ငံရဲ့ အရေးကို အဆုံးအဖြတ်မပေးနိုင်ဘူး ဖြစ်မယ်။ အိန္ဒိယအစိုးရကဆိုရင်လည်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူး။ အဲလိုဆိုတော့ ကျနော်တို့ နာဂနိုင်ငံရေးကတော့ တနေ့နေ့ကျရင် နာဂလူမျိုးဟာ ဆိုရင်တော့ အိန္ဒိယနဲ့မြန်မာကြားမှာ သီးသန့်နိုင်ငံတစ်ခုအဖြစ်နဲ့ ရပ်တည်ပြီးတော့မှ နေထိုင်သွားဖို့ဆိုပြီးတော့မှ ကိုယ့်ဟာကိုယ် ယုံကြည်ချက်နဲ့၊ အရှေ့ကလူကြီးတွေရဲ့၊ နိုင်ငံရေးသမားတွေရဲ့ လမ်းစဉ်ချမှတ်ချက်အရပေါ့- အဲလို သွားရခြင်းဖြစ်တယ်။ အဲဒီလိုကြောင့်မို့လို့ ဒီကနေ့ နာဂရဲ့ နိုင်ငံရေးကို ဆွေးနွေးဖို့အရေးကတော့ အခုလောလောဆယ်မှာ ဘယ်လိုမှ မဖြစ်နိုင်သေးတဲ့အပိုင်း။ ဒါတော့ အဲလိုရှိတယ်။”

လောလောဆယ်မှာ အိန္ဒိယနိုင်ငံအတွင်းမှာ နာဂလူမျိုးတွေဟာ အနည်းဆုံး ၂ သန်းကျော်လောက် နေထိုင်နေပြီး မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်း အထက်ပိုင်းမှာတော့ လူဦးရေ အနည်းဆုံး ၆ သိန်းကျော်လောက်နေထိုင်နေပါတယ်။ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေရှီး၊ လဟယ်၊ နမ့်ယွန်းမြို့နယ်တွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပါတယ်။

ရန်ကုန်မြို့မှာ ဆွေးနွေးပွဲတက်ရောက်နေတဲ့ နာဂလက်နက်ကိုင်အဖွဲ့ကိုတော့ ဦးခတ်ပလန် ခေါင်းဆောင်တဲ့ NSCN-K အဖွဲ့အဖြစ်လူသိများပြီး သူတို့အဖွဲ့ဟာ အိန္ဒိယနဲ့ မြန်မာပြည်မှာ လက်နက်ကိုင်လှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။ သူတို့နဲ့ ပြိုင်ဖက် အခြားနာဂလက်နက်ကိုင်အဖွဲ့တစ်ခု ကတော့ အိန္ဒိယနိုင်ငံမှာ အဓိက လှုပ်ရှားနေတဲ့ အိုင်ဆတ်နဲ့ မွေဗာခေါင်းဆောင်တဲ့ NSCN- IM အဖွဲ့ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကိုတော့ ဝ-ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP နဲ့ မိုင်းလားခေါ် အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဖွဲ့ NDAA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ နဲ့ မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ ပါဝင်တက်ရောက်နေပါတယ်။ အစိုးရဘက်ကတော့ အစိုးရ ကိုယ်စားလှယ်၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ တပ်မတော် ကိုယ်စားလှယ်တွေ ခေါင်းဆောင် ပါဝင် တက်ရောက်ကြပါတယ်။
XS
SM
MD
LG