သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ နာဂအဖွဲ့ လေ့လာသူ အနေနဲ့ ပါဝင်မည်


ဇူလိုင်လ (၂) ရက်နေ့က ပြုလုပ်သော နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ တို့အကြား ဆွေးနွေးပွဲ။ (ဓါတ်ပုံ - UHla Maung Shwe/Facebook)
ဇူလိုင်လ (၂) ရက်နေ့က ပြုလုပ်သော နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K မှ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေးကော်မတီ တို့အကြား ဆွေးနွေးပွဲ။ (ဓါတ်ပုံ - UHla Maung Shwe/Facebook)

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံး ပါဝင်နိုင်ရေးအတွက် အစိုးရက တိုင်းရင်းသားပေါင်းစုံနဲ့ အကြို ညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ဒီကနေ့မှာ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ ကပ်ပလန်" NSCN-K နဲ့ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင်ရေး ကော်မတီတို့ တွေ့ဆုံချိန် နာဂအဖွဲ့က အဖွဲ့ ခေါင်းဆောင် ဦးအန်ကန့်က အခုလို ပြောဆိုလိုက်တာပါ။ နာဂ ဒေသ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကိုသာ ဦးတည်လုပ်သွားလိုတယ်လို့ ဦးအန်ကန့်က ပြောပါတယ်။ တိုင်းရင်းသား မျိုးနွယ်တခုအနေနဲ့ လာမယ့် ၂၁ရာစု ပင်လုံညီလာခံမှာ ဘယ်အကြောင်းအရာ ဘယ်နိုင်ငံရေးကိုမှ ဝင်ရောက်ဆွေးနွေးမှာ မဟုတ်ဘဲ လေ့လာသူ အနေနဲ့သာ တက်မယ်လို့ သူကခုလိုပြောပါတယ်။

“၂၁ ရာစု ပင်လုံ စာချုပ်၊ ပင်လုံ ညီလာခံမှာ လေ့လာသူအနေနဲ့ ဖြစ်စေ ပါဝင်ပြီး တက်ရောက်မှာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံရေး ဆွေးနွေးမှုမှာတော့ ပါဝင်မှာ မဟုတ်ဘူး။ ဒေသဖွံ့ဖြိုးရေး ဒေသ အေးချမ်းရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်။ ကျန်တဲ့ ကဏ္ဍတွေကတော့ ဘာမှလည်း အချိန်ကမတိုင်သေးတဲ့အတွက် ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာ မဟုတ်သေးဘူး။ ဒေသ ဖွံ့ဖြိုးရေးနဲ့ ဒေသ ငြိမ်းချမ်းရေးကို လိုအပ်ချက်ကို ကျွန်တော်တို့ ဒေသမှာ လိုအပ်တာပေါ့။ အခုတက်လာတဲ့ အစိုးရနဲ့ အတူ လက်တွဲပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်။”

နာဂအဖွဲ့ အနေနဲ့က ဒေသဖွံ့ဖြိုးရေး ပညာရေး ကဏ္ဍမှာ နောက်ကျနေတာ ကြောင့် နိုင်ငံရေး ဆွေးနွေးဖို့ အစီအစဉ် တွေကို ဦးစားမပေးဘဲ ဒေသဖွံ့ဖြိုးရေးနဲ့ ပညာရေး ကဏ္ဍကိုသာ ဖွံ့ဖြိုးတိုးတက်ရေး ကိုသာ ဦးစားပေး လုပ်ဆောင်လိုတဲ့ ဆန္ဒရှိတယ်လို့ ဦးအန်ကန့်ကပြောပါတယ်။

ဒီကနေ့ အစိုးရနဲ့ နာဂအဖွဲ့တို့ဆွေးနွေးတာမှာ ခန့်မှန်းအချိန် ၂နာရီခန့်သာ ကြာခဲ့ပါတယ်။ ဆွေးနွေးမှု အကျဉ်းချုပ်ကိုတော့ ( ၂၁ ) ရာစု ပင်လုံ ကြိုတင်ပြင်ဆင် ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ခုလိုပြောပြ ပါတယ်။

“အဓိကက တော့ ကော်မတီ ဘက်ကတော့ ဒီညီလာခံကို တက်ရောက်နိုင်ဖို့ အတွက် ဖိတ်ကြားတယ်။ ရှင်းလင်း တင်ပြတာပေါ့။ တကယ်တမ်းကတော့ ကျွန်တော်တို့ အနေနဲ့တော့ ဆရာတို့ ဆီကို သွားရှင်းမပြနိုင်တဲ့အတွက် အကြောင်းကြောင်းကြောင့် ဆရာတို့ကို ဖိတ်ကြားပြီး ရှင်းပြတာဖြစ်တဲ့အတွက် ဒီနေ့တော့ ကျွန်တော်တို့ရဲ့ ရှင်းလင်းတင်ပြမှုတွေ အားလုံး ပြီးပါပြီ။ NSCN-K ဘက်ကနေပြီးတော့ ကိုယ်စားလှယ် လေးဦးနဲ့ အကျိုးဆောင် တစ်ဦးတက်တယ်။ ကျွန်တော်တို့ကဘက်ကတော့ ဖိတ်ကြားပြီးတော့ ရှင်းလင်းတင်ပြခဲ့တာတွေ ရှိတယ်။ ပြီးတော့ ဆက်လက်ပြီးတော့လည်း ဒီညီလာခံတက်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့တွေကို ဆွေးနွေးခဲ့တဲ့အတွက် ဒီနေ့ ကျွန်တော်တို့ အားလုံးကတော့ လွတ်လွတ်လပ်လပ် ဆွေးနွေးခဲ့ပါတယ်။ ”

နာဂအဖွဲ့ဟာ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်ထဲကအစိုးရနဲ့ ပြည်နယ် အဆင့် ပဏာမ ငြိမ်းချမ်းရေးသာ ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တခုပါ။

စစ်ကိုင်းတိုင်း ဒေသကြီးရှိတဲ့ ခန္တီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ လဟယ်၊ လေရှီး၊ နန်းယွန်း စတဲ့ ဒေသများနဲ့ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် တွေမှာ တပ်စခန်းများ ရှိတယ်လို့ အဲဒီအဖွဲ့ ကပြောပါတယ်။

လက်ရှိမှာ ပြည်နယ်အဆင့်သာ အပြစ်ရပ် လက်မှတ်ရေးထိုးဆဲ ရှိတာကြောင့် တနိုင်ငံလုံးအနေနဲ့ လက်မှတ် ထိုးရေးနဲ့ ပတ်သတ်ပြီး မေးမြန်းတာမှာတော့ ဦးအန်ကန့်က ပြောပါတယ်။

“ ဒါတော့ ကျွန်တော်တို့လဲ အပစ်အခတ်ရပ်စဲကြတယ်ဆိုတာက တပြည်လုံး ငြိမ်းချမ်းဖို့ ကြိုးစား ဆောင်ရွက်ကြတယ် ဆိုတာက အင်မတန် သင့်မြတ်ပါတယ်။ ထိုးဖို့ မထိုးဖို့ ဆိုတာက ကျွန်တော် တစ်ဦးတည်းနဲ့ ဆုံးဖြတ်ဖို့ မလွယ်ဘူးဗျ။ ဒါက အဖွဲ့အစည်းဖြစ်တဲ့အတွက် ကျွန်တော့်မှာ အထက်မှာ လူကြီးတွေ အဖွဲ့အစည်းတွေ ရှိပါတယ်။ အဖွဲ့အစည်းပေါ်မှာ လမ်းညွှန်မှုအတိုင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ သဘောထားဆိုတာက ကျွန်တော်တို့ ခုနက ပြောသလိုပဲ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ကိုပဲ ဆက်လက် ဆောင်ရွက်သွားမယ်။ နောက် ကျွန်တော်တို့ ဒေသကို အေးချမ်းအောင် ဆောင်ရွက်သွားမယ်။ အဓိက ကတော့ ဒီဟာကိုပဲ ဆောင်ရွက်နေမှာ ဖြစ်တယ်။ ”

နာဂအဖွဲ့အနေနဲ့လက်ရှိ NCA စာချုပ် ရေးဆွဲရာတွင် ပါဝင်ခြင်းမရှိပါဘူး။ NCA ဆွေးနွေးပွဲများကို ၅ ကြိမ်ခန့် လေ့လာသူအဖြစ် သာတက်ရောက် ထားပါတယ်။ NSCN-K အဖွဲ့ အနေနဲ့ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးသာ ယူထားပေမယ့် အဲဒီငြိမ်းချမ်းရေး ယူပြီးထဲက တပ်မတော်နဲ့ တခါမှ တိုက်ပွဲ ဖြစ်ပွားတာ မရှိခဲ့ပါဘူး။

ဒါပေမယ့် အိန္ဒိယ တပ်မတော်၊ အိန္ဒိယ နယ်ခြားစောင့်တပ် တို့နဲ့တော့ မြန်မာ-အိန္ဒိယ နယ်စပ်မှာ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG