သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ကျဉ်းတွေ လွတ်မြောက်ရေး ဆက်လက်ဆန္ဒပြ


နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒပြချီတက်နေတဲ့ ကိုနိုင်နိုင်အောင် တိုက်ကြီးမြို့ကို ရောက်လာစဉ်။ (ဓာတ်ပုံ- ကျော်ဇင်ဦး)
နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေး တကိုယ်တော်ဆန္ဒပြချီတက်နေတဲ့ ကိုနိုင်နိုင်အောင် တိုက်ကြီးမြို့ကို ရောက်လာစဉ်။ (ဓာတ်ပုံ- ကျော်ဇင်ဦး)

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်ရင်း အဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းဟာ အခု သာယာဝတီအကျဉ်းထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတာ ၃ ရက်ကျော်သွားပြီဖြစ်ပါတယ်။ ကိုအောင်မှိုင်းဆန်းနဲ့ တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ကျောင်းသားတွေကိုရုံးထုတ်မယ့် တရားရုံးချိန်းမတိုင်ခင် သာယာဝတီကို အရောက် ပဲခူးကနေ တကိုယ်တော် လမ်းလျှောက် ဆန္ဒပြချီတက်နေတဲ့ ကိုနိုင်နိုင်အောင်ဟာလည်း တိုက်ကြီးမြို့အဝင်မှာ တားဆီးစစ်ဆေးမှုတွေနဲ့ ကြုံခဲ့ရပါတယ်။

အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ပဲခူးကနေ သာယာဝတီမြို့အထိ ခွပ်ဒေါင်းအလံကို ကိုင်ဆောင်ပြီး တစ်ကိုယ်တော် ချီတက်တဲ့ တက်ကြွလှုပ်ရှားသူ ကိုနိုင်နိုင်အောင်ကို တိုက်ကြီးမြို့ဝင်ခါနီးမှာ အာဏာပိုင်တွေက စစ်ဆေးမေးမြန်းခဲ့တယ်လို့ ကိုနိုင်နိုင်အောင်က ပြောပါတယ်။

“မှော်ဘီနဲ့တိုက်ကြီး နယ်စည်းခြားအစပ်မှာ ကျနော့်ကို စခမ်းမှူးတစ်ယောက်နဲ့ မြို့မစခမ်းမှူးတစ်ယောက်၊ စခမ်းမှူးနှစ်ယောက်ပေါ့- အရင်ပုံစံအတိုင်းပါပဲ၊ ကျနော့်ကို စစ်မေးပါတယ်။ ကျနော်က နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ဘယ်ကလာလဲဆိုတော့ အဲဒါကို ကျနော်တို့မေးတာမဟုတ်ပါဘူး-ဆိုပြီးတော့ အရင်ပုံစံအတိုင်းပဲ ပြောပါတယ်။ ရဲအင်အားရောဆို အယောက် ၂၀ လောက် ရှိပါတယ်ခင်ဗျ။ နောက် ၁၅ မိနစ်၊ နာရီဝက်လောက်ကျရင် တိုက်ကြီးမြို့ အဝင်မှာ မြို့နယ်မှူးအပါအဝင် လူတော်တော်များများ ရောက်နေတယ်လို့ ကြားရပါတယ်။ ကျနော် ထပ်ဖြေရှင်းရအုံးမှာပါ။ အခု ထပ်ပြီးတော့ စောင့်နေတာက ဒိထက်ပိုများတယ်လို့ ပြောပါတယ်။”

စစ်ဆေးမေးမြန်းမှုတွေရှိပေမယ့် မူလရည်မှန်းချက်အတိုင်း မနက်ဖြန်မှာ သာယာဝတီ၊ သုံးဆယ်မြို့ကိုရောက်ဖို့ ချီတက်လမ်းလျှောက်သွားမှာဖြစ်သလို အခု လက်ရှိ တိုက်ကြီးမြို့ကို ရောက်နေပြီလို့ ဆိုပါတယ်။ သာယာဝတီအကျဉ်းထောင်မှာတော့ ထိန်းသိမ်းခံထားရတဲ့ ဗကသများအဖွဲ့ချုပ်ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုအောင်မှိုင်းဆန်းဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြင့်ဆုံးဆန္ဒပြတဲ့အနေနဲ့ အစာငတ်ခံဆန္ဒပြနေတာမှာ သူ့ကို အာဏာပိုင်တွေက တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ သူ့ရဲ့ကျန်းမာရေးကိုတော့ စိုးရိမ်မိကြောင်း အစာငတ်ခံဆန္ဒပြနေတဲ့ ကိုအောင်မှိုင်းဆန်းရဲ့အကျဉ်းထောင်တွင်းအခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် ကိုရှိန်းရာဇာထွန်းက ဆိုပါတယ်။

“ကျန်းမာရေးကတော့ အရမ်းကြီးစိုးရိမ်စရာမရှိသေးဘူး။ ဒါပေမယ့် အစာမစားတာ ၃ ရက်ရှိသွားပြီ။ သူတို့ညကတော့ ရေထားပေးတယ်။ ….ထားတယ်။ အစားအသောက်ကို ပုံမှန်ပို့ပေးတယ်။ စားတာ မစားတာ ကိုအောင်မှိုင်းဆန်းရဲ့ဆုံးဖြတ်ချက်ပေါ့နော်၊ အဲလိုတော့ ကြားရပါတယ်။ ကိုယ်အလေးချိန်တော့ နည်းနည်း လျော့သွားတာတွေ ဘာတွေတော့ ရှိတာပေါ့။ တစ်ခုကတော့ ကျနော်တို့က ထောင်ထဲမှာဆိုတော့ ရာသီဥတုဒဏ်ရယ်၊ ပြီးတော့ လူတစ်ယောက်ရဲ့ပင်ကိုယ်ခံနိုင်ရည်အားနဲ့ …..ကတော့ ကျနော်တို့အနေနဲ့ စိုးရိမ်ပူပန်မိတယ်။ အစာငတ်ခံတိုက်ပွဲဝင်တဲ့အတွက် ကျန်းမာရေး အခြေအနေက ပိုပြီး - အခြေအနေအချိန်းအပြောင်းဟာ နာရီပိုင်းအတွင်းမှာပဲဖြစ်ပေါ်နိုင်တယ်ဆိုတာ ကျနော်တို့အနေနဲ့ စိုးရိမ်မှုတော့ ရှိပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ကတော့ အခုလိုမျိုး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးအတွက် အမြင့်ဆုံးအဆင့် အစာငတ်ခံဆန္ဒပြတဲ့အထိ ပြန်လည် လှုပ်ရှားလာရတာဟာ မကြာခင်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး အပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးမယ်လို့ ယူဆခဲ့ပေမယ့် ထူးခြားမှုမရှိလာရာကနေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ AAPP ရဲ့ လက်ရှိစာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၀၉ ဦးရှိပြီး လူ့အခွင့်အရေး၊ နိုင်ငံရေးအရ တရားရင်ဆိုင်နေရတဲ့ တက်ကြွ လှုပ်ရှားသူပေါင်း ၄၆၀ ကျော် ရှိနေတာပါ။

မြန်မာအစိုးရဟာ မကြာခဏဆိုသလို သောင်းနဲ့ချီတဲ့အကျဉ်းသားတွေကိုလွှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်ငြိမ်းသက်သာခွင့်တွေပေးခဲ့ပေမယ့် ရာဇဝတ်မှုနဲ့ အကျဉ်းသားတွေကိုသာ ပြန်လွှတ်ပေးတာက များပြီး နိုင်ငံရေးအကျဉ်းသား အရေအတွက်ကတော့ မပါသလောက် နည်းပါးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အကျဉ်းကျသူမရှိဘဲ ရာဇဝတ်မှုနဲ့ အကျဉ်းကျသူသာ ရှိတယ်လို့ပဲ မကြာခဏ ပြောဆိုလေ့ရှိပါတယ်ရှင်။

XS
SM
MD
LG