သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်


ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်
ကုလအတွင်းရေးမှူးချုပ် မကြာခင် မြန်မာပြည်သွားမည်

မကြာခင်မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိတယ်လို့ နေပြည်တော်ကို ရောက်နေတဲ့ သူ့ရဲ့ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ မစ္စတာ ဗီ ဂျေး နမ်ဘီယား (V. J. Nambiar) က နေပြည်တော်မှာ အမျိုးသား လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံစဉ် အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ နေပြည်တော်မှာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီယားဟာ နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ဒုဥက္ကဋ္ဌ ဦးမြငြိမ်းတို့ အပါအဝင် အမျိုးသားလွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

အဲဒီလို တွေ့ဆုံစဉ် အတွင်းရေးမှူးချုပ် မြန်မာပြည်လာမယ်ဆိုတာကို မစ္စတာ နမ်ဘီယားက ပြောခဲ့တာဖြစ်တဲ့အကြောင်း ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု လွယ်လင်/လင်းခေး မဲဆန္ဒနယ်မြေက အမျိုးသားလွှတ်တော်အမတ် ဦးစိုင်းကျော်ဇောသန်းက ပြောပြပါတယ်။

"သူ့အနေနဲ့က ကြားတာ မြင်တာတွေ ပြောင်းလဲမှုတွေကို လက်ခံပါတယ်ပေါ့။ ဒီထက်ပိုပြီးတော့ အရှိန်အဟုန်နဲ့ ပြောင်းလဲဖို့တော့ တိုက်တွန်းတာပေါ့နော်။ နောက် ဒီမိုကရေစီ ဒီထက်ကျအောင် တိုးပြီးတော့ လုပ်ပေးဖို့ တိုက်တွန်းတာပေါ့။ နောက် အကျဉ်းသား ၆၀၀၀ ကျော် လွတ်တဲ့ကိစ္စကိုလည်း ကြိုဆိုပါတယ်၊
ပိုပြီးတော့ ဒီထက် ထင်သာမြင်သာအောင်၊ ပိုပြီးတော့ လွတ်နိုင်အောင် ကြိုးပမ်းဖို့လည်း တိုက်တွန်း ပါတယ်တဲ့။

သူအခုလာတာ တွေ့ရ မြင်ရတာကို အပြန်ကျတဲ့အခါ အထွေထွေအတွင်းရေးမှူးကို ပြန်ပြောပါမယ် တဲ့။ နောက်တခေါက် အထွေထွေအတွင်းရေးမှူး လာမယ်ဆိုရင်တော့ သူ့ကိုလည်း ဒီထက် တိုးတက်တဲ့ အခြေအနေ မြင်သွားလို့ရှိရင် လက်ခံနိုင်သလောက် လက်ခံသွားမှာ ဖြစ်ပါတယ်တဲ့။ အခု သူလက်ခံသလို
အနောက်နိုင်ငံ ဥရောပတို့ အီးယူနိုင်ငံတို့မှာ ပုဂ္ဂိုလ်တွေလည်း အနည်းငယ် ရှိပါတယ်တဲ့။ အများစုကတော့ မြန်မာနိုင်ငံကို အပြစ် ပြောနေဆဲ ဖြစ်ပါတယ်တဲ့။ မြန်မာနိုင်ငံအနေနဲ့ အလျော့ပေးပြီးတော့ ဒီလို ပြောင်းလဲမှုနှုန်း တိုးတက်လာတာနဲ့အမျှ အဲဒီလို ပုဂ္ဂိုလ်တွေရဲ့ အပြောကလည်း လျော့လာမှာ ဖြစ်နိုင်ပါတယ်လို့ သူက ထင်မြင်ချက် ပေးပါတယ်။"


ဟုတ်ကဲ့၊ သူက အတွင်းရေးမှူးချုပ်လာမယ်လို့ ပြောသလားခင်ဗျ၊ မြန်မာပြည်ကို။

"ဟုတ်ကဲ့၊ လာမယ်လို့ ပြောတယ်။ ဒါပေမယ့် အချိန်တော့ မပြောဘူးဗျ။"

မကြာခင်လာမယ်လို့ ပြောသလား။

"ဟုတ်ကဲ့၊ လာမယ်။ လာတဲ့အခါကျရင် ဒီထက် တိုးတက် ပြောင်းလဲတဲ့အခြေအနေ သူမြင်သွားရင် သူလည်း လက်ခံသွားနိုင်တယ် ဆိုတဲ့ဟာကို သူ မျှော်လင့်ပါတယ်ပေါ့။"

ဦးခင်အောင်မြင့်ကရော ဘာတွေများ မေးပါသေးလဲခင်ဗျ၊ သူ့ဘက်က မေးတာ သိချင်တာတွေ ရှိပါသလား။ ဘာတွေများ ဆွေးနွေးပါသလဲ။

"ဦးခင်အောင်မြင့်ကတော့ Sanction လေးတွေ (ပိတ်ဆို့ အရေးယူမှုတွေ) လျော့ပေးဖို့၊ ပြန်သွားရင် ပြန်ပြောပေးပါလို့ အဲဒီလို စကားပါးလိုက်တယ်။ နောက်ပြီးတော့မှာ ကျနော်တို့က ပါလီမန်စံနစ် ချီတက်တာက အင်မတန်မှ နုနယ်သေးတဲ့အတွက်ကြောင့် သိပ် မြန်မြန် ဆန်ဆန်ကြီးတော့ ပြောင်းလဲရင်
အခက်အခဲ တွေ့တာပေါ့။ အခုလိုပဲ တဖြည်းဖြည်းနဲ့ တိုးတက် ပြောင်းလဲသွားဖို့ ရည်ရွယ်ပါတယ်ဆိုပြီးတော့ ပြောပါတယ်။"


မစ္စတာ နမ်ဘီယားဟာ နိုင်ငံခြားရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အလုပ်သမားနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့နဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး ဖြစ်သလို နေပြန်တော်မှာ ကျင်းပနေတဲ့ အစိမ်းရောင် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာညီလာခံကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အထူးအကြံပေးပုဂ္ဂိုလ် V J Nambiar နဲ့ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ရှိတယ်လို့ သိရပေမယ့် ဘယ်နေ့မှာ တွေ့ကြမယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံကို နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ ရောက်လာတဲ့ အမေရိကန်ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပို့စ်နာ (Michael Posner) နဲ့ နိုဝင်ဘာ ၂ ရက်နေ့မှာ ရောက်လာမယ့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Derek Mitchell တို့ဟာ မြန်မာ့ဒီမိုကရေစီအရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ NLD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ နိုဝင်ဘာ ၄ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်တဲ့အကြောင်း NLD ဗဟို ကော်မီတီဝင် ဦးဟန်သာမြင့်က အတည်ပြု ပြောကြားပါတယ်။

"အမေရိကန် ကိုယ်စားလှယ်တွေနဲ့ကတော့ ၄ ရက်နေ့၊ စီအီးစီတွေနဲ့ပါ ချိန်းထားပါတယ်။ ၄ ရက်နေ့မှာ အမေရိကန်ကိုယ်စားလှယ်တွေနဲ့ ၂ ယောက်လုံး တပြိုင်တည်း တွေ့မှာ။ မစ္စတာ နမ်ဘီယားနဲ့တော့ ဘယ်တော့တွေ့မလဲ မသိဘူး။ တွေ့မှာတော့ သေချာတယ်။"

အမေရိကန်ကိုယ်စားလှယ် ၂ ယောက်ဟာ အစိုးရနဲ့ NLD ကိုယ်စားလှယ်တွေ အပြင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ တခြား နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံပြီး မြန်မာနိုင်ငံအတွင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးဖို့ ရှိတယ် ဆိုတာကိုလည်း အမေရိကန်သံရုံးက အတည်ပြု ပြောဆိုပါတယ်။

ဒီကိုယ်စားလှယ် ၂ ယောက်ဟာ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေး မြန်မာအစိုးရနဲ့ အမေရိကန် အစိုးရကြား ဆွေးနွေးနေကြတာတွေရဲ့ နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာကြတာဖြစ်တယ်လို့လည်း ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အတည်ပြု ပြောဆိုပါတယ်။

XS
SM
MD
LG