သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာကြီး နန်းညွန့်ဆွေ ကွယ်လွန်


စာရေးဆရာကြီး နန်းညွန့်ဆွေ။
စာရေးဆရာကြီး နန်းညွန့်ဆွေ။

မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ ဟာသအနုပညာရှင် ကိုသူရခေါ် ကိုဇာဂနာရဲ့ ဖခင်ဖြစ်သူ ဦးအောင်သိန်းခေါ် စာရေးဆရာ၊ ကဗျာဆရာကြီး နန်းညွန့်ဆွေဟာ ဒီနေ့ညနေ ၅ နာရီက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်က နေအိမ်မှာ ဆုံးပါးသွားပါတယ်။ ကွယ်လွန်ချိန်မှာ ဆရာကြီးဟာ အသက် ၈၇ နှစ် ရှိပြီလို့ သိရပါတယ်။ ဆရာကြီးရဲ့ နာရေးသတင်းကို မအေးသန္တာကျော်က တင်ပြပေးထားပါတယ်။

ဆရာကြီး နန်းညွန့်ဆွေဟာ နေ့လယ်နေ့ခင်း အိပ်နေရာက ငြင်ငြင်သာသာပဲ ဆုံးပါးသွားတာ ဖြစ်ပါတယ်။ နည်းနည်းကိုယ်ပူပြီး နေမကောင်းတာကလွဲလို့ အထွေအထူး ဖျားနာနေတာမျိုး မဟုတ်လို့လည်း ဆရာကြီး ဆုံးပါးသွားလိမ့်မယ်လို့ မိသားစုက မျှော်လင့်မထားပါဘူး။ ဆရာကြီးရဲ့ သားအငယ်ဆုံး၊ မြစ်ကြီးနား အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုသူရ ခေါ် လူရွှင်တော် ဇာဂနာကို မိသားစုကိုယ်စား အမြဲတမ်း ထောင်ဝင်စာ သွားတွေ့ပေးနေတဲ့ ကိုဇာဂနာရဲ့ ခယ်မဖြစ်သူ မငြိမ်းက အခုလို ပြောပြပါတယ်။

“ညနေ ၅ နာရီလောက်က ဆုံးတယ်။ ဘဘက မနေ့ကတည်းက နေမကောင်း ဖြစ်နေတယ်။ ဒါပေမဲ့ အရမ်းကြီး ဖြစ်တာတော့လည်း မဟုတ်ဘူးတဲ့။ ဆေးလေးသောက်နေတာပဲ။ ဒီနေ့တော့ နေ့လယ်ဘက် ထမင်းတော့ မစားဘူး၊ မုန့်လေးဘာလေး ထစားပြီး ပြန်အိပ်တယ်။ ညနေကျတော့ မနိုးလာသေးဘူးဆိုပြီး သွားစမ်းလိုက်တော့ ဆုံးနေပြီ။

“မနေ့ကတည်းက ဖျားတာ၊ ဖျားတာလည်း တုပ်ကွေးလို အဖျားကြီး ဖျားတာလည်း မဟုတ်ဘူး။ ဒီလိုပဲဆိုတော့ ဆေးလေးဘာလေး သောက်နေတာ။ ဒီနေ့တော့ နေ့လယ်ဘက် ထမင်းမစားဖြစ်ဘဲ မုန့်လေးဘာလေး ထစားပြီး ပြန်အိပ်သွားတယ်။ ညနေ နိုးမလာဘူးဆိုပြီး သွားစမ်းလိုက်တော့ အိမ်ရာထဲမှာ ဆုံးနေတာ သိတာပဲ။”

လူကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဆရာကြီးဟာ အကျဉ်းကျခံနေရတဲ့ သားဖြစ်သူကို လူကြုံကတဆင့် အမြဲတစေ အမှာစကားတွေ ပြောခဲ့ပြီး သားဖြစ်သူနဲ့လည်း အမြန်ဆုံး ပြန်တွေ့နိုင်ဖို့ မျှော်လင့်ခဲ့တယ်လို့ မငြိမ်းကပဲ ဆက်ပြီး ပြောပြပါတယ်။

“သူ့သားလည်း သူတွေ့ချင်တယ်။ အဲဒါတော့ ထောင်ဝင်စာ ပြန်လာပြီး ကျမကို ကိုသူရမှာလိုက်တာရှိရင် ကျမ လာပြော ဘာညာဆိုတော့ အဲဒီစကားတော့ အမြဲတမ်း ပြောတယ်။ ကိုသူရကလည်း အမြဲတမ်း သူ့အကိုကို မှာလိုက်တယ်၊ မငြိမ်း နင်ပြောပေးပါ၊ ဘာဖြစ်လို့လဲဆိုတော့ ဖေဖေ့ကို ပြန်လာရင် တွေ့ချင်သေးတယ်၊ စောင့်ရှောက်ပေးပါ၊ အဲဒီလိုမျိုး ကိုသူရကလည်း မှာပေါ့။ ဘဘကလည်း တွေ့ချင်တယ်ပေါ့။

“သွားခါနီးဆိုလည်း ကျမက ဘာမှာဦးမလဲ ဘဘ၊ စာရေးဦးမလား ဘဘ၊ အဲဒီလိုမျိုး ကျမက မေးဖြစ်တော့ မှာစရာရှိတာမှာ၊ ပြောစရာရှိတာပြော၊ အဲဒီလိုပဲ နေနေကြရတာပဲ။ ဒီလိုပဲ လွမ်းဆွေးနေလို့လည်း ရမှမရတာ၊ ဒီလိုပဲ ရပ်တည်နေကြရတာပေ့ါ။”

ဦးအောင်သိန်းခေါ် ဆရာကြီး နန်းညွန့်ဆွေဟာ ၁၉၄၀ ပြည့်လွန် နှောင်းပိုင်းက ပြန်ကြားရေးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီနောက် ယဉ်ကျေးမှု ဝန်ကြီးဌာနမှာလည်း အမှုထမ်းခဲ့ပါတယ်။ ဇနီးဖြစ်သူ စာရေးဆရာမ ဒေါ်ကြည်ဦးကတော့ မနှစ် ၂၀၀၉ ခုနှစ်၊ မတ်လမှာပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဆရာနန်းညွန့်ဆွေလို စာပေပညာရှင်တဦး ဆုံးပါးရခြင်းဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတရပ် ဖြစ်ပါတယ်လို့ ကဗျာဆရာ ကိုလေး(အင်းဝဂုဏ်ရည်) က အခုလိုပြောပါတယ်။

“ဆရာကြီးက ဝတ်ပုံစားပုံရော၊ နေပုံထိုင်ပုံရော ရိုးရိုးအေးအေး နေတာပါ။ စကားပြော ကောင်းပါတယ်။ ပြီးတော့ ဗမာစာပေကို သူ တော်တော် နိုင်နိုင်နင်းနင်း ရှိပါတယ်။ သူပြုစုသွားတဲ့ စာအုပ်တွေ တော်တော်များပါတယ်။ သူက စိတ်အညစ်တကာ့ စိတ်အညစ်ဆုံးကတော့ သူ့ကို ကလောင် ပိတ်ပင်တာ ခံရတာကို စိတ်အညစ်ဆုံးဗျ။ အဲဒီမှာ သူ တော်တော် စိတ်မကောင်းဖြစ်တယ်။ အဲတော့ အခြားနာမည်တွေနဲ့ ရေးတော့လည်း သိသွားတဲ့အခါ ထပ်ပိတ်တယ်။ အဲဒါ ကျနော်တို့ကို ပြောဖူးတယ်။

“လူက တကယ့် လူကောင်းကြီးတွေပါဗျာ။ ဒါကြီးတွေကို အသုံးမချနိုင်တာဟာ အတော်ဆိုးတဲ့ လုပ်ငန်းဗျ။ လူကောင်းတွေ ပျောက်သွားပြီးတော့၊ ပျောက်သွားတယ်ဆိုတာ နေရာမရတာ၊ နေရာမရတော့ ကျန်တဲ့ဟာတွေက ဆရာတို့လို မပြည့်ဘူးပေါ့ဗျာ။ အဲတော့ အကုန်လုံး ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုရေးရာ၊ စာပေရေးရာ တခြမ်းစောင်းကြီး လည်ပတ်နေတာ။”

ဆရာကြီး အခုလို ဆုံးပါးချိန်မှာတော့ သားအလတ်ဖြစ်သူ ကိုတေဇ၊ မြေး ၂ ဦး အပါအဝင် သားအငယ်ဆုံး ကိုသူရခေါ် ဇာဂနာရဲ့ မိသားစု အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။ ဆရာကြီးရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၁၅ ရက်၊ ကြာသပတေးနေ့ မနက် ၁၁ နာရီမှာ ရေဝေးသုသာန်မှာ သဂြုႋဟ်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG