သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပညာရေးဆန္ဒပြမှုမှာပါသူ အမှုပေါင်း ၃၈ မှုစွဲချက်တင်


အမှုပေါင်း (၃၈) မှုခန့်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဗကသအဖွဲ့က ကိုနန္ဒစစ်အောင်။ (ဓာတ်ပုံ- ကိုကျော်နိုင်ဦး)
အမှုပေါင်း (၃၈) မှုခန့်နဲ့ ရင်ဆိုင်ရဖွယ်ရှိတဲ့ ဗကသအဖွဲ့က ကိုနန္ဒစစ်အောင်။ (ဓာတ်ပုံ- ကိုကျော်နိုင်ဦး)

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်လည်းဖြစ်၊ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ဆူပူအောင်လှုံ့ဆော်မှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ခွင့်ပြုမိန့်မရဘဲ စီတန်းလှည်လည်မှုပုဒ်မတွေ အပါအဝင် အမှုပေါင်း (၃၈) မှုနဲ့ တရားစွဲဆိုထားကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုဆက်သွယ်မေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုနန္ဒစစ်အောင်ကို အာဏာပိုင်တွေက ခွင့်ပြုမိန့်မရဘဲ စီတန်းလှည့်လည်မှုနဲ့ မြို့နယ်တိုင်းကနေ တရားစွဲဆိုခဲ့သလို လက်ပံတန်းမြို့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက်လည်း ဝရမ်းထုတ်ထားခဲ့ပါတယ်။ မတ်လ (၂၇) ရက်နေ့ကတော့ ရန်ကုန်မြို့မှာ ဖမ်းဆီးခံကျောင်းသားတွေ ပြန်လွှတ်ပေးဖို့အပါအဝင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်ခဲ့တဲ့အတွက် သူ့ကို ဖမ်းဆီးပြီး အမှုပေါင်း (၃၈) မှုလောက်နဲ့ စွဲချက်တင်ထားကြောင်း ဖခင်ဖြစ်သူရှေ့နေ ဦးဌေးက ပြောပါတယ်။

“၃၈ မှုလောက်ရှိတယ်လို့ ကျနော်တို့ကို ပြောပါတယ်။ မနေ့က ဆယ်မိနစ် ကျနော်တို့ တွေ့ခွင့်ရပါတယ်။ အဓိက-ကတော့ ဆန္ဒထုတ်ဖော်တဲ့အမှုတွေမှာ မြို့နယ်အလိုက် စွဲတာတွေလည်းပါတယ်ပေါ့နော်၊ ကျန်တဲ့ဟာကတော့ လက်ပံတန်းမှာ အခု ကျန်တဲ့ကျောင်းသားများနည်းတူ စွဲထားတဲ့ပုဒ်မတွေနဲ့ နောက်ဆုံး သူတို့ လှည်းတန်းမှာ ဆန္ဒထုတ်ဖော်တာပေါ့နော်၊ ၁၀ ရက်နေ့က အဲဒီကိစ္စရယ်၊ နောက် ၂၇ ရက်နေ့က ပန်းပဲတန်းမှာ နောက်ဆုံး ဆန္ဒ ထုတ်ဖော်တဲ့ကိစ္စတွေပေါ့နော်၊ ကျန်တဲ့ဟာတွေကတော့ ၂ ပိုင်းအတွင်းက လူငယ်တွေ ဆန္ဒထုတ်ဖော်တာတွေမှာ သူလည်းပါတဲ့အခါကျတော့- ဒါပေမယ့် သူ့ခေါင်းစဉ်နဲ့ အဲဒါတွေက အမှုဖွင့်ထားတယ်လို့ သူကပြောပါတယ်။ ကျန်တဲ့ဟာတွေက မြို့နယ်တွေ ဖြတ်ကျော်တဲ့အလိုက်လည်း ဖွင့်တယ်လို့ ပြောပါတယ်။ အမှုတွေကတော့ သူ့အသက်ထက်တောင် များနေပါတယ်။”

တွေ့ဆုံဆွေးနွေးရေးယဉ်ကျေးမှုကို ဖော်ဆောင်နေတဲ့ အစိုးရသစ်လက်ထက်မှာ ကျောင်းသားတွေအေါ် အခုလို စွဲချက်တင်တာက မဖြစ်သင့်ဘူးလို့လည်း ဆိုပါတယ်။

“တည်ဆဲအစိုးရကနေ အဲလိုပေါ့- ပြင်းထန်စွာပေါ့နော်၊ အမှုပေါင်း မြောက်များစွာနဲ့အရေးယူတာကတော့ ဒါ ကျောင်းသားတွေအပေါ်မှာ စိန်ခေါ်လိုက်သလို အာဃာတပြင်းပြင်းနဲ့ ဆောင်ရွက်လိုက်ပုံက အားလုံး ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် အံ့အားသင့်စရာ ဖြစ်ရပ်ဖြစ်သွားပါတယ်။ ပညာရေးဥပဒေပြင်ဆင်မှု အပေါ်မှာ ဒီလို ပြင်းထန်စွာ ရိုက်နှက်ဖြိုခွင်းတယ်၊ အမှုများစွာနဲ့ အရေးယူတာတွေဟာ ဒါဟာ တည်ဆဲအစိုးရရဲ့အနှစ်သာရကို သူက ပုံဖော်စေတယ် ပေါ့နော်၊ ဘယ်လိုမှ ဟန်ဆောင်လို့မရတဲ့ပုံပေါ်တာ။ တဘက်ကလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးရေး ယဉ်ကျေးမှုဆိုတာ တဖွဖွပြောပေမယ့် နည်းဗျူဟာအရဆိုရင်… မဟာဗျူဟာအရဆိုရင် ချေမှုန်းရေးဖြစ်နေပါတယ်။ အဲဒါသည်ပင်လျှင် စဉ်းစားစရာပေါ့နော်။ ကျောင်းသားတွေက ငြိမ်းချမ်းစွာ ဥပဒေဘောင်အတွင်းက ဆွေးနွေးဖို့ ကြိုးစားရင်းနဲ့ ချေမှုန်းခံရတဲ့အခါမှာ ဘာပဲဖြစ်ဖြစ် လွှတ်တော်ထဲမှာ ဥပဒေပြင်ဖို့ ဆက်ပြီးတော့ သူတို့ကိုယ်တိုင် လိုက်လျောလိုက်ရတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် …..power တခုတည်းနဲ့ မရဘူး၊ smart power ပါ ရတယ်ဆိုပါတော့။ အားလုံးကို ကျောင်းသားတွေက သင်ခန်းစာပေးလိုက်ပြီပေါ့။”

ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင်လည်း အမိန့်တွေချတဲ့အခါ တပေါင်းတည်းချနိုင်တယ်လို့ ဥပဒေပြဌာန်းချက်မှာ ပါပေမယ့် နိုင်ငံရေး၊ လယ်သမား အရေး၊ အလုပ်သမားအရေးလှုပ်ရှားဆောင်ရွက်သူတိုင်းကို ပြစ်ဒဏ်တွေ ချတဲ့အခါမှာ အမြင့်ဆုံးပြစ်ဒဏ်တွေချသလို အမှုတမှုချင်းအလိုက် ပြစ်ဒဏ်ချမှတ်တာတွေ ရှိနေကြောင်းလည်း ရှေ့နေ ဦးဌေးက ပြောပါတယ်။

“အမိန့်တွေချရင် တပေါင်းတည်းခံစားခွင့်တွေ ဥပဒေအရရှိပါတယ်။ ဒါပေမယ့် အခုထိကတော့ အဲဒီလို တပေါင်းတည်း ခံစားခွင့်ပေးတာတွေကလည်း မတွေ့ရဘူးပေါ့နော်။ ဒီလို ဥပဒေအရေးယူပြန်တော့လည်း သူက ပြစ်ဒဏ်က အမြင့်ဆုံးချတယ်။ ဆိုလိုတာက ကျန်တဲ့ ခိုး၊ ဆိုး၊ လုယက်၊ လူသတ်မှုတွေက အဲဒီလောက် အပြစ်မကြီးပါဘူး။ မြန်မာနိုင်ငံမှာက နိုင်ငံရေးနဲ့ဆက်စပ်တဲ့ ပုဒ်မတွေက ပြစ်ဒဏ်က ကြီးနေတာ။ ဒါကြောင့်မို့လည်း ရာဇဝတ်မှုတွေ များနေတာပေါ့။ ”

မြန်မာအစိုးရပြန်ကြားရေးဝန်ကြီးဌာနက လက်ပံတန်းကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးကြောင်းနဲ့ ကျောင်းတက်ဆဲ ကျောင်းသားတွေနဲ့ အမျိုးသမီး၊ အမျိုးသား (၅၀) ကို ပြန်လွှတ်ပေးခဲ့ပြီးကြောင်း ပြောပါတယ်။ မတ်လ (၂၅) ရက်နေ့တုန်းကတော့ ကျောင်းသားနဲ့ ဝန်းရံအင်အားစုတွေထဲက (၆၉) ဦးကို ပုဒ်မ (၅) ခုနဲ့ လက်ပံတန်းတရားရုံးကနေ စွဲချက်တင်ခဲ့ပြီး နောက်ထပ် (၁၁) ဦးကို ပုဒ်မ (၃) ခုနဲ့ စွဲချက်တင်ထားပြီး အာမခံနဲ့ ပြန်လွှတ်ပေးထားပါတယ်။ ဖမ်းဆီးခံရတဲ့အထဲမှာ ကျောင်းတက်ဆဲ ကျောင်းသားတချို့ ရှိပေမယ့် ပြန်လည်လွတ်မြောက်လာတာတော့ မရှိသေးပါဘူး။

ဒီမိုကရေစီလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင်တွေဟာ ကျောင်းတက်နေဆဲ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ ဖြစ်ကြပါတယ်။ သူတို့ အကျဉ်းထောင်က လွတ်မြောက်လာချိန်ကစလို့ ကျောင်းပြန်တက်ခွင့် မရကြတော့ပါဘူး။ အခု ကိုနန္ဒစစ်အောင်ကလည်း ရန်ကင်း ပညာရေးကောလိပ်မှာ ဒီပလိုမာတက်နေတဲ့ ကျောင်းသားဖြစ်ပြီး စာမေးပွဲဖြေပြီးချိန် ၂၀၀၃ ခုနှစ်၊ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းစဉ်မှာပါဝင်ခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံခဲ့ရသူဖြစ်ပါတယ်။ သူပြန်လွတ်လာချိန်ကစပြီး အခုချိန်ထိ ကျောင်းပြန်တက်ခွင့်မရတော့ကြောင်း မိသားစုက ပြောပါတယ်။

လက်ရှိမှာတော့ ဗကသများအဖွဲ့ချုပ်မှာ ဦးဆောင်ကျောင်းသားတဦးဖြစ်ပြီး ပညာရေးဥပဒေပြင်ဆင်ပြောင်းလဲနိုင်ရေး လှုပ်ရှားဆောင်ရွက်နေသူ တဦးလည်းဖြစ်ပါတယ်ရှင်။

XS
SM
MD
LG