သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်


စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်
စာရေးဆရာ နန္ဒာသိန်းဇံ ကွယ်လွန်

မြန်မာပြည်က နာမည်ကျော် စာရေးဆရာ နန္ဒာသိန်းဇံဟာ ဒီကနေ့ ညနေပိုင်းမှာပဲ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ နန္ဒာသိန်းဇံဟာ အတွေးအခေါ်ရေးရာနဲ့ ပတ်သက်တဲ့ စာအုပ်စာပေ အများအပြား ရေးသားထုတ်ဝေခဲ့သူဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာနမှာလည်း ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူပါ။ သူ့ရဲ့ အတွေးအခေါ်ဆိုင်ရာ စာအုပ်စာတမ်းတွေဟာ စာဖတ်ပရိသတ်ကို အများကြီး လွှမ်းမိုးခဲ့ပါတယ်။

နာမည်ကျော် စာရေးဆရာ တယောက်ပဲဖြစ်တဲ့ စာရေးဆရာ ဖေမြင့်က အတွေးအခေါ် စာရေးဆရာ နည်းပါးလှတဲ့ မြန်မာစာပေလောကမှာ ဆရာ နန္ဒာသိန်းဇံ ကွယ်လွန်သွားတာဟာ အတွေးအခေါ် စာပေပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံး လစ်ဟာမှုကြီးပဲ ဖြစ်တယ်လို့ ပြောပါတယ်။

“ဆရာ နန္ဒာသိန်းဇံက စောစောပိုင်းတုန်းက တော်တော်များများ ရေးခဲ့တယ်ဗျ။ သူ့စာတွေက တော်တော်ကြီး လွှမ်းမိုးပါတယ်။ နောက်ပိုင်း ဆရာ နန္ဒာသိန်းဇံက ကျန်းမာရေး မကောင်းလို့လား မသိဘူး၊ သိပ်ပြီး မရေးဖြစ်တာ တော်တော်ကြာပါပြီ။ ကျနော်တို့ကတော့ ဆရာ့စာအုပ်တွေ မှတ်မိတယ်၊ ဆရာနဲ့အတူ ဟောပြောပွဲတွေ ဘာတွေ ဟောပြောဖူးတယ်၊ ပြောတဲ့အခါမှာ ဆရာ နန္ဒာသိန်းဇံက ဘာထူးခြားလဲဆိုတော့ အတွေးအခေါ် အကြောင်းအရာကို တော်တော်စိတ်ဝင်စားအောင် သူက ပြောနိုင်တယ်ဗျ။ အဲဒါကတော့ သူ့ရဲ့ ထူးခြားချက်ပဲ။ ဒဿန အကြောင်းအရာ တရပ်ကို သာမန်ပရိသတ်တွေ စိတ်ဝင်စားအောင် ပြောနိုင်တယ်။”

ဆရာ နန္ဒာသိန်းဇံ ရေးသားခဲ့တဲ့ စာအုပ်တွေထဲမှာ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း၊ မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း၊ ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ စတဲ့စာအုပ်တွေက အောင်မြင် ထင်ရှားလှပြီး သူ့ရဲ့ ဒဿနိကဗေဒဆိုင်ရာ ဟောပြော ပို့ချချက်တွေကိုလည်း လူကြိုက်များကြပါတယ်။ လူမှုရေး၊ ဘာသာရေးနဲ့ အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးတွေလည်း အများအပြား ရေးသားခဲ့တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဆရာဟာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလက စပြီးတော့လည်း သာသနာတော် ထွန်းကားပြန့်ပွားရေး ဌာနမှာ ဧည့်ပါမောက္ခအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရက ချီးမြှင့်တဲ့ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဆရာ နန္ဒာသိန်းဇံဟာ ကွယ်လွန်ချိန်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

XS
SM
MD
LG