သုံးရလွယ်ကူစေသည့် Link များ

နာဂစ်ဆိုင်ကလုန်း ၃ နှစ်ပြည့်ပေမဲ့ ဒေသခံတွေ အခက်ကြုံနေရဆဲ


နာဂစ်ဆိုင်ကလုန်း ၃ နှစ်ပြည့်ပေမဲ့ ဒေသခံတွေ အခက်ကြုံနေရဆဲ

မြန်မာနိုင်ငံမှာ နာဂစ်ဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရတာ ဒီနေ့ဆို ၃ နှစ်ပြည့်ပြီ ဖြစ်ပေမဲ့ ပြန်လည် နာလန်ထူနိုင်မယ့် အခြေအနေတွေနဲ့ အလှမ်းဝေးနေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။ လေဘေးဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ဒေသတွေအဖို့ နေ့စဉ်ဘ၀မှာ အရင်လို အခြေအနေတွေ ပြန်မရောက်နိုင်ဘဲ ဖြစ်နေရတယ်လို့ ပြောကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း အတွင်းမှာတော့ ထိရောက်တဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေကို ဆောင်ရွက်ပေးနိုင်ခြင်း မရှိတာတွေကြောင့် အခုထိ အိုးအိမ်မဲ့ ဖြစ်နေရတဲ့ ကိစ္စတွေ၊ လယ်ယာနဲ့ အသက်မွေးရတဲ့ ဒေသခံတွေဟာ လယ်ယာနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်း လုပ်နိုင်ဖို့အတွက် ခေတ်မီတဲ့ ကိရိယာတွေ မရရှိတာတွေကြောင့် နာဂစ်ဖြစ်တာ ၃ နှစ်ပြည့်ခဲ့ပေမဲ့လည်း ဒေသခံတွေ ဒုက္ခဆင်းရဲကနေ မထွက်နိုင်ကြသေးဘူးလို့ ဆိုပါတယ်။

ရွာလုံးကျွတ်နီးပါး နာဂစ်မုန်တိုင်းထဲ ပါသွားတဲ့ လူမသိ သူမသိ ကျေးရွာတွေမှာဆိုရင် အခုထိ အိုးအိမ်မဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲပဲလို့ ဆိုပါတယ်။ အိမ်ရာတွေကို ပြန်လည်ဆောက်ပေးတာဟာလည်း လူအများ မြင်တွေ့နိုင်တဲ့ နေရာတွေမှာသာ ရှိနေကြောင်း ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်တွင်းက ဒေသခံတဦးက အခုလို ပြောပြပါတယ်။

“တချို့နေရာမှာ လူတိုင်းစေ့ မဟုတ်ဘူး၊ အကုန်လုံးကို လျှောက်ပေးတာ မဟုတ်ဘူး။ လူကြီးတွေ မမြင်နိုင်တဲ့ နေရာမျိုးမှာ ဘာတခုမှ လုပ်ပေးမှာ မဟုတ်ဘူး။ လူမြင်နိုင်တဲ့နေရာ၊ လက်ညှိုးထိုးပြလို့ ရတဲ့ နေရာမျိုးတွေမှာ သူတို့က အလုပ်လုပ်ကြတာ။ အကောင်အထည်ဖော်တယ်လို့ လက်ညှိုးထိုးပြတာတွေက အနည်းအကျဉ်းပဲ။ NGO အဖွဲ့တွေ အကုန်လုံးက ဒီအတိုင်းချည်းပဲ။ နေနေကြတာပဲ၊ ဒီအတိုင်းပဲ။ အခုလက်ရှိ အခြေအနေမှာ ဘ၀မြင့်မားဖို့၊ တိုးတက်ဖို့ဆိုတာ ဘာတခုမှ မရှိတော့ဘူး။ ဘာမှလည်း မဖြစ်ပါဘူး၊ ဒီအတိုင်းပါပဲ။”

မြစ်ဝကျွန်းပေါ်ဒေသမှာ လွန်ခဲ့တဲ့ ၃ နှစ်က နာဂစ်ဆိုင်ကလုန်း လေမုန်တိုင်းဒဏ် ခံခဲ့ရတဲ့အတွက် လူပေါင်း ၁၄၀,၀၀၀ လောက် အသက်ဆုံးရှုံးခဲ့ရသလို နောက်ထပ် ၂,၅၀၀,၀၀၀ လောက်ဟာလည်း လေဘေးဒဏ် ခံခဲ့ကြရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာ ဒေသခံတွေဟာ တောင်သူလယ်သမားတွေ ဖြစ်တာကြောင့် လယ်ယာနဲ့ အသက်မွေး ၀မ်းကြောင်းနိုင်ဖို့ဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်နေသူတွေက လယ်သမားတွေ လိုအပ်ချက်ကို လျစ်လျုရှု သလို ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

“ကျနော်ကတော့ သိပ်ပြီးတော့ နားမလည်နိုင်ဘူး၊ သူတို့ လုပ်တာကိုင်တာတွေကို။ ဥပမာ ရွာတွေမှာ အလုပ်ရုံတွေ လုပ်တယ်၊ ၀ပ်ရှော့တွေ ထောင်ပေးတယ်၊ ပိုက်ဆံတွေ အများကြီးပေါ့။ တခါတလေကျရင် ရွာတွေမှာ ရှပ်တာတွေ လုပ်တယ်။ အဲဒါတွေက တကယ်တမ်း ပြည်သူတွေ လိုအပ်ချက် မဟုတ်ဘူး။ အမှန်တကယ်က သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်တဲ့ ဆန်စပါးစိုက်တဲ့ လုပ်ငန်းကို လုပ်ရမှာ။ စပါးစိုက်တဲ့ လုပ်ငန်းမှာလည်း လက်ရှိ ရှိနေတဲ့ စိုက်ပျိုးရေးစရိတ်တို့ နည်းစနစ်ပိုင်းတို့ တွင်တွင်ကျယ်ကျယ်နဲ့ ဒီ့ထက်မက အထွက်တိုးမယ် ဆိုရင်တော့ သူတို့ရဲ့ ဘ၀အတွက်က ဖူလုံလိမ့်မယ်။ နိုင်ငံအတွက်လည်း ပိုကောင်းလိမ့်မယ်။ အဓိကကတော့ အဲဒါပဲ။

“မြေပေါ်မှာ ဘယ်လိုလုပ်ရမယ်၊ အထွက်တိုးအောင် ဘယ်လိုတိုင်းရမယ်ဆိုတာ အဲဒီ နည်းစနစ်ပိုင်းတွေ လိုတယ်။ လယ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ အကုန်လုံး လိုအပ်တယ်။ ကျနော်တို့ နိုင်ငံက အခြေခံ အကျဆုံး၊ အဆင်းရဲဆုံး၊ အဲဒီမှာ စကားပြောတယ်။ ကျနော်တို့ ဘိုကလေး အောက်ပိုင်းဆို နေရာ တော်တော်များများ လိုအပ်သေးတယ်။ မထိရောက်သေးပါဘူး။ ထိထိမိမိ ရွာတွေက ပြည်သူတွေကို ပေးဖို့၊ ပံ့ပိုးဖို့ ဘာတခုမှ မရှိသေးဘူး။”

တောင်ယာလုပ်ငန်း၊ လယ်လုပ်ငန်းတွေနဲ့ အသက်မွေးနေသူတွေကတော့ ဆားငန်ရေတွေဝင်တဲ့ လယ်တွေမှာ အလုပ်လုပ်ရတာ ဖြစ်တာကြောင့် နာဂစ်ဖြစ်ဖြစ်ချင်းမှာ လယ်ယာသီးနှံ အထွက်နည်းတယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာတော့ အရင်နှစ်ကထက် စပါး အနည်းငယ် ပိုထွက်လာပေမဲ့ အချိန်အခါမဲ့ မိုးတွေကြောင့် သီးနှံ ပျက်စီး တာတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။ လယ်ယာလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပံ့ပိုးမှုတွေ လိုအပ်နေသေးကြောင်းတွေ ကို ပြောပြပါတယ်။

မြန်မာအစိုးရဘက်ကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ပြုလုပ်တဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှု အသိုင်းအ၀ိုင်းကောင်စီ အစည်းအဝေး တက်ရောက်စဉ် ပြန်ကြားရေးနဲ့ ယဉ်ကျေးမူ ၀န်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အမျိုးသားအဆင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း တွေမှာ ၂၀၀၈ ခုနှစ်က ဖြစ်ခဲ့တဲ့ နာဂစ်မုန်တိုင်းသင့် ဒေသများမှာ ပြန်လည်ထူထောင်ရေးနဲ့ လူမှုစီးပွားဘ၀ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း ဧရာဝတီတိုင်း အတွင်းက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ ဟိုင်းကြီးကျွန်း စတဲ့ဒေသတွေမှာ ဒေသခံ ပြည်သူတွေရဲ့ ဘ၀အခြေအနေတွေ တိုးတက်ပြောင်းလဲလာခြင်း မရှိဘဲ ပြန်လည်ထူထောင်ရေးမှာ ထိရောက်တဲ့ ပံ့ပိုးကူညီမှုကို မရကြဘူးလို့ ပြောကြပါတယ်။

XS
SM
MD
LG