မြန်မာစစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ပေးတာတွေကို ဆက်လုပ်ပေးတော့မှာ မဟုတ်သလို နာဂစ်ဒေသ ကူညီရေးတွေ လုပ်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း ဗီဇာသက်တမ်း တိုးပေးတော့မှာ မဟုတ်ဘူးလို့  ကြေညာလိုက်ပါတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေဆဲဖြစ်တဲ့ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ လုပ်လက်စ လုပ်ငန်းတွေ ဆက်လုပ်ခွင့် ရရေးအတွက် မြန်မာပြည်တွင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက မြန်မာစစ်အစိုးရကို ပန်ကြားနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မနော်ရှိုးက တင်ပြထားပါတယ်။
နာဂစ်ဒေသတွေမှာ အရေးပေါ် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေထက် သာမန်ဖွံ့ဖြိုးရေး လုပ်ငန်းတွေအဖြစ် အသွင်ပြောင်းဖို့ အချိန်ရောက်ပြီ ဖြစ်တာကြောင့် မြန်မာစစ်အစိုးရရဲ့ လူမှုဖူလုံရေး၊ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနက သူတို့အနေနဲ့  နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ကမထမပြု လုပ်ပေးတော့မှာမဟုတ်ဘူးလို့ မြန်မာပြည်တွင်းက ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အပါအ၀င် နိုင်ငံတကာ NGO အဖွဲ့အစည်းတွေကို ဩဂုတ်လ ၁၆ ရက်နေ့က ပြောခဲ့တာကို ဒီနေ့ထုတ် IRIN ခေါ် ကုလသမဂ္ဂ သတင်းဌာနမှာ ထုတ်ပြန် ရေးသားထားတာပါ။
နာဂစ်ဒေသကူညီရေးအတွက် နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးတော့မှာ မဟုတ်သလို ရှိရင်းစွဲ ဗီဇာ တွေကိုလည်း သက်တမ်းတိုးပေး တော့မှာ မဟုတ်ဘူးလို့လည်း မြန်မာစစ်အစိုးရက ကြေညာခဲ့တာပါ။
၂၀၀၈ ခုနှစ် မေလဆန်းမှာ နာဂစ်မုန်တိုင်း ၀င်ရောက် တိုက်ခတ်ပြီးတဲ့နောက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့ ပါဝင်တဲ့ သုံးပွင့်ဆိုင် TCG အဖွဲ့က မုန်တိုင်းလွန်ကာလ တလျှောက်လုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို တာဝန်ယူ ညှိနှိုင်း ဆောင်ရွက် ပေးလာခဲ့ရာက ပြီးခဲ့တဲ့ဇူလိုင်လ အကုန်မှာ ဒီတာဝန်ကို မြန်မာစစ်အစိုးရ လက်ထဲ လွှဲပြောင်း ပေးအပ်ခဲ့တာပါ။ TCG ရဲ့ အခန်းကဏ္ဍ အားဖြင့် မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုတွေကို အတိုင်းအတာ တခုအထိ တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကို ယေဘုယျအားဖြင့် အများက ယူဆကြပါတယ်။ ဒါကြောင့် ဒီလိုယုံကြည်မှုတွေကို အဟန့်အတားမရှိစေဘဲ ဆက်ထိမ်းထားဖို့ အရေးကြီးတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ သတင်းနဲ့  ပြန်ကြားရေး ဌာက ဦးအေးဝင်းက ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။
“ဒီဟာနဲ့ပတ်သက်လို့ပေါ့လေ မြစ်ဝကျွန်းပေါ်ဒေသက အမေကြီးတယောက်ရဲ့ ဥပမာလေးကို ကျနော် ပြောချင်တယ်ဗျာ။ အဲဒါက ပုံပေါ် စေမယ်ထင်လို့ပါ။ သူ ပြောသွားတဲ့စကားမှာ ထမင်းအိုးတည်တုန်း ထင်းပြတ်သွားလို့မဖြစ်ဘူး ဆိုပြီးတော့ ပြောဖူးတယ်ဗျ။ ဆိုတော့ အဲဒီအတိုင်းပါပဲ။ ကျနော်တို့ နာဂစ်မှာဆိုရင် တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှု၊ တည်ဆောက်လာခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်ချ ခဲ့တာ အားလုံးကလည်း တော်တော်ကြီးကို ချီးကျူးခဲ့ပါတယ်။ အဲဒီအပေါ်မှာ ဆက်ပြီးတော့ တင်ဆက်သွားဖို့ လိုတာပေါ့ဗျာ။ နောက်ပြီးတော့ အဲဒီတုန်းက လုပ်ခဲ့တဲ့ ထမင်းအိုးတည်ခဲ့တဲ့ဟာ ထမင်းအိုး မနူးမနပ်အချိန်မှာ မီးစပြတ်သွားလို့ရှိရင် ထမင်းလည်း စားရမှာမဟုတ်ဘူးပေါ့ဗျာ။ အဲဒီထမင်းအိုးလည်း သွန်ရမယ့်သဘော ဖြစ်သွားတာပေါ့။ အဲဒီတော့ အဲဒီလို မဖြစ်စေရအောင် အခြေအနေလေးကတော့ ပေးဖို့လိုမယ်ပေါ့လေ။ အဘက်ဘက်ကတော့ အခြေအနေကတော့ ရှိတာပေါ့။ ပြည်တွင်းပြည်ပ အခြေအနေ အကုန်လုံးကတော့ ပေးနိုင်ရင်တော့ ကောင်းတာပေါ့ခင်ဗျာ။”
အခုလောလောဆယ် နာဂစ်ဒေသကူညီရေးတွေ လုပ်နေတဲ့ နိုင်ငံခြားသား ၀န်ထမ်း ၉၀ ကျော်ရဲ့ ဗီဇာအခြေအနေဟာ မရေမရာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ရန်ကုန်ဌာနေ ကိုယ်စားလှယ် မစ္စတာ ဘီရှိုး ပရာဂျူလီ (Bishow Parajuli) ကတော့ နိုင်ငံတကာ NGO နဲ့ အစိုးရတို့ကြား MOU လို့ခေါ်တဲ့ နားလည်မှုစာချွန်လွှာသစ်တွေ လျှောက်ထားစဉ် ကြားကာလအတွင်း နိုင်ငံခြားသား ၀န်ထမ်းတွေရဲ့ ဗီဇာတွေ၊ လုပ်ငန်းဆိုင်ရာ သဘောတူညီမှုတွေကို ယာယီ သက်တမ်းတိုးပေးဖို့ ပန်ကြားထားကြောင်း ပြောခဲ့တာကို ကုလသမဂ္ဂ သတင်းမှာ ကိုးကားထားပါတယ်။
နာဂစ်ဒဏ်သင့်ဒေသ ပြန်လည် နလန်ထူနိုင်ဖို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မကြာခင်တုန်းကမှာ ကုလသမဂ္ဂက ပြုလုပ်ခဲ့တဲ့ အကဲဖြတ် လေ့လာသုံးသပ်ချက်တွေ အရ လပွတ္တာနဲ့ ဘိုကလေး ဒေသတွေဟာဆိုရင် ခုချိန်အထိ အရေးပေါ် အခြေအနေမှာတင် ရှိနေသေးတဲ့ အကြောင်းကိုလည်း IRIN သတင်းမှာ ရေးသားထားပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့ ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာနက ဦးအေးဝင်းကလည်း နာဂစ်ဒေသက လုပ်လက်စ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကို ရပ်ထားလို့ မဖြစ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။
“Humanitarian (လူသားချင်းစာနာကူညီမှု) လုပ်ငန်းပေါ့နော်။ ဒီဟာက ရုပ်ရှင်ကြည့်သလို pause လုပ်ထားလို့ရတာ မဟုတ်ဘူးခင်ဗျ။ ဆက်ပြီးတော့ ထိန်းသွားရမယ့်ကိစ္စမိုလို့ပါ။ အဲဒီတော့ အခြေအနေ အရပ်ရပ်ကြောင့် ဒီဟာက ကြားထဲမှာ ပြတ်တောက်သွားရင်၊ ဒါမှမဟုတ်လို့ရှိရင် လှေလှော်ရင်း တက်ကျိုးသွားရင် အရှိန်အဟုန် ပြတ်သွားလို့က အကုန်လုံးက လုပ်ခဲ့သမျှ အကျိုးရှိသင့်သလောက် မရှိမှာစိုးလို့ပါ။”
နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူ့အသက်ပေါင်း ၁၃၈,၀၀၀ လောက် ဆုံးရှုံးခဲ့ရတာပါ။ မုန်တိုင်းဒဏ် သင့်ခဲ့သူပေါင်း ၂သန်းခွဲ အနက် တ၀က်ဟာလည်း ပုံမှန်ဘ၀ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အခုချိန်ထိ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။