TCG ခေါ် ကုလသမဂ္ဂ၊ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နဲ့မြန်မာစစ်အစိုးရတို့ ပါဝင် ဖွဲ့စည်းထားတဲ့ သုံးပွင့်ဆိုင်အဖွဲ့က ကမကထပြု ဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသက ပြန်လည်ထူထောင်ရေး စီမံကိန်း ၃ ခုကို ဒီကနေ့မှာ အာဆီယံအဖွဲ့ကနေ ဒေသခံ တာဝန်ရှိသူတွေရဲ့ လက်ထဲ ပြန်လည် လွှဲပြောင်းလိုက်ပါတယ်။
အဲဒီလို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို အာဆီယံအသင်းရဲ့ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Dato’ Misran Karmain က ကြီးမှူးပြီး ဒီနေ့ ရန်ကုန်မြို့မှာ ကျင်းပခဲ့ကြောင်း အာဆီယံက သတင်းထုတ်ပြန်ခဲ့ပါတယ်။
TCG အဖွဲ့ကနေပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၁၀ ဇွန်လအတွင်းမှာ ကွမ်းခြံကုန်း၊ ကော့မှူး၊ လပွတ္တာနဲ့ ဖျာပုံမြို့နယ်တွေမှာ နေထိုင်ကြတဲ့ အိမ်ထောင်စုဦးရေ အနည်းဆုံး ၅,၀၀၀ တို့ရဲ့ ဘ၀ ပြန်လည်ထူထောင်ရေး၊ သောက်သုံးရေ ရရှိရေးနဲ့ တကိုယ်ရေ ကျန်းမာရေးဆိုင်ရာ စီမံကိန်း ၃ ခုမှာ ကမကထပြု ဆောင်ရွက်ပေးခဲ့တာကို ဒေသခံ တာဝန်ရှိသူတွေလက်ထဲ တာဝန်လွှဲပြောင်းပေးခဲ့တာ ဖြစ်ကြောင်း ဒီနေ့ထုတ်ပြန်တဲ့ အာဆီယံရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။
ခုလို လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားနဲ့အတူ တံတားသစ်တခုကို ဖွင့်လှစ်လိုက်ပြီး TCG က စီမံကွပ်ကဲခဲ့တဲ့ စက်လှေတွေ၊ ရေတိုင်ကီတွေ၊ အဝီစိတွင်းတွေ၊ ဆန်စက်တွေကိုလည်း ကွမ်းခြံကုန်း ဒေသခံတွေလက်ထဲ အပ်နှံခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ အာဆီယံ၊ မြန်မာစစ်အစိုးရနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ အာဆီယံရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
လာမယ့် ဇူလိုင်လ အကုန်မှာတော့ TCG အနေနဲ့ နာဂစ် မုန်တိုင်းဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကမကထပြု ဆောင်ရွက်ပေးနေတာတွေ အားလုံး အဆုံးသတ်ရတော့မှာ ဖြစ်ပါတယ်။