သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရခိုင်ပြည်နယ်လေ့လာ


ရခိုင်ပြည်နယ်အရေးသွားရောက်လေ့လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနောက်မှ လိုက်ပါလာကြသော မွတ်ဆလင်ဒုက္ခသည်များ။ (ဇန်နဝါရီ၊ ၇ ၊ ၂၀၁၃)
ရခိုင်ပြည်နယ်အရေးသွားရောက်လေ့လာသော အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနောက်မှ လိုက်ပါလာကြသော မွတ်ဆလင်ဒုက္ခသည်များ။ (ဇန်နဝါရီ၊ ၇ ၊ ၂၀၁၃)
ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဒုက္ခရောက်နေသူတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးမယ်လို့ မြန်မာနိုင်ငံကို ၂ ရက်ကြာ သွားရောက် လည်ပတ်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa က ကတိပြုခဲ့ပါတယ်။ လူမျိုးအချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားမှုတွေနဲ့ပတ်သက်လို့ အတွေ့အကြုံရှိထားတဲ့ နိုင်ငံတခုဖြစ်တာနဲ့အညီ ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ကူညီလုပ်ဆောင်ပေးလိုတဲ့အကြောင်းလည်း ကမ်းလှမ်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင် တင်ပြပေးပါမယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ဟာ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည် စခန်းတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေက ၂ ရက်ကြာ သွားရောက် လေ့လာခဲ့တာဖြစ်ပြီး ဒီခရီးစဉ်ဟာ အချက်အလက်ရှာဖွေရေးခရီးစဉ်ဖြစ်တယ်လို့ ပြောပါတယ်။

မစ္စတာ နာတာလီဂါဝါဟာ အင်္ဂါနေ့တုန်းကတော့ မြန်မာအစိုးရ နယ်စပ်ဒေသရေးရာဝန်ကြီး ဦးသိန်းဌေးအပါအဝင် တခြား အစိုးရအရာရှိတွေ၊ ဒေသခံ မြို့မိ မြိုဖတွေနဲ့ တွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အတွင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် အင်ဒိုနီးရှားနိုင်ငံက အကူအညီပေးမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။

“အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာအစိုးရကို အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီပေးဖို့ ကတိပြုတဲ့အကြောင်း နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ တွေ့ဆုံစဉ် မစ္စတာ နာတာလီဂါဝါက ပြောကြားသွားတာ ဖြစ်ပါတယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်နဲ့ဆိုင်တဲ့ တခြား အချက်အလက်တွေကိုတော့ ရန်ကုန်မြို့မှာရှိတဲ့ အင်ဒိုနီးရှားသံရုံး ဒုတိယအတွင်းဝန် ဂျင်မာရာ ဆူပရီယာမီက ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဒီခရီးစဉ်မှာ အဓိက ရည်ရွယ်ချက် ၃ ခုပါပါတယ်။ ပထမကတော့ - ရခိုင်ပြည်နယ်အတွင်း မှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ နိုင်ငံရေးအရ ညှိနှိုင်း အဖြေရှာရေးပဲဖြစ်ပါတယ်။ ဒုတိယ ရည်ရွယ်ကတော့ - လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးရေးကိစ္စဖြစ်ပါတယ်။ အဲဒီမှာ အင်ဒို နီးရှား အစိုးရက အမေရိကန်ဒေါ်လာ တစ်သန်း ကူညီမယ့်ကိစ္စလည်း ပါပါတယ်။ တတိယ အချက်ကတော့ - ရခိုင်ပြည်မှာ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးမှာ အင်ဒို နီးရှားအနေနဲ့ ကိုယ်တိုင် ပါဝင် ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ အင်ဒိုနီးရှား အနေနဲ့ ဘာသာရေး ပဋိပက္ခဖြေ ရှင်းရေး၊ ပြန်လည်ထူထောင်ရေး စသဖြင့် တို့မှာ အတွေ့အကြုံရှိတဲ့အတွက်ကြောင့် - အထူးသဖြင့် ဆူနာမီ ပြန်လည်ထူထောင်ရေးမှာ အတွေ့အကြုံ ရှိခဲ့တဲ့အတွက် အခု ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးမှာ ကူညီပေးနိုင်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါအနေနဲ့ မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ် တခြား အကြံပြုချက်တွေကိုလည်း မြန်မာအစိုးရကို တင်ပြ ဆွေးနွေးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“အင်ဒို နီးရှား အစိုးရအနေနဲ့ မြန်မာအစိုးရကို အကြံပေးရာမှာ နိုင်ငံသား ခံယူမှု ဥပဒေနဲ့ ပတ်သက်ပြီးတော့ တရားမျှတစွာ စဉ်းစားပေးဖို့ တခြား ကုလသမဂ္ဂအပါအဝင် တခြား နိုင်ငံတွေ ကလည်း အကြံပြုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် ပြဿနာဖြေရှင်းရေး အပါအဝင် ဒေသတွင်း တည်ငြိမ်ရေးမှာ အာဆီယံနိုင်ငံတွေနဲ့ ပါဝင် ဆောင်ရွက်ပေးနိုင်မယ့် အခန်းကဏ္ဍကို အင်ဒိုနီးရှားက လာရောက် လေ့လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။”

လူသားချင်းစာနာတဲ့အကူအညီပေးမှာနဲ့ပတ်သက်လို့တော့ ဘယ်လိုပုံစံနဲ့ ပေးမယ်ဆိုတဲ့ အသေးစိတ်တွေကို နောက်ပိုင်းမှာ ဆွေးနွေး ညှိနှိုင်းသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါဟာ သူ့ရဲ့ ၂ ရက်ကြာ ရခိုင်ပြည် ခရီးစဉ်အတွင်း ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး အင်ဒိုနီးရှား အစိုးရရဲ့ အကူအညီနဲ့ တည်ဆောက်နေတဲ့ အဆောက်အဦးတွေကိုလည်း လေ့လာခဲ့တယ်လို့ ရခိုင်အဓိကရုန်း သတင်းထုတ်ပြန်ရေးကော်မီတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောပါတယ်။

“ညအိပ်ပါတယ်ခင်ဗျ။ မနေ့က ညအိပ်ပြီးတော့ အစိုးရအဖွဲ့တွေ၊ ဒီက အမျိုးသမီးအဖွဲ့တွေ နဲ့ တွေ့ပြီးတော့ ဒီနေ့ ပြန်သွားပါတယ်ခင်ဗျ။ ပထမနေ့ကလည်း ဗိုလ်ချုပ်ကြီး သိန်းဌေး တို့နဲ့ မောင်းတောမြို့က စခန်းရှိတဲ့နေရာတွေကို သွားကြတယ်။ ဒီနေ့မနက်တော့ အစိုးရအဖွဲ့မှာ မြို့မိမြို့ဖတွေနဲ့တွေ့ပြီးတော့ အကူအညီပေးရေး ကိစ္စတွေကိုပဲဆွေးနွေးပါတယ်။ ဘာတွေ ထပ်ပေးမယ်ဆိုတာကိုတော့ ကျနော်တို့ မသိသေးဘူးခင်ဗျ။ စခန်းရှိတဲ့နေရာတွေကိုပဲ သွားကြည့်တာပါ။ လောလောဆယ် အဆောက်အဦးဆောက်တဲ့ ကိစ္စတွေကိုပဲ ရှင်းပါတယ် ခင်ဗျ။ ဆောက်ပြီးတဲ့အိမ်တွေရယ်၊ နောက်ပြီး ဆက်ပြီး ဆောက်မယ့် နေရာတွေရယ်။”

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဖနွမ်းပင်မှာ ကျင်းပခဲ့တဲ့ ၂၁ ကြိမ်မြောက် အာဆီယံထိပ်သီး ညီလာခံပြင်ပမှာ အင်ဒိုနီးရှားသမ္မတနဲ့ မြန်မာသမ္မတ ၂ ဦးတို့ တွေ့ဆုံ ဆွေးနွေးမှုတွေရဲ့ နောက်ဆက် တွဲ ထွက်ပေါ်လာတဲ့ အကျိုးဆက် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တချို့ကို အင်ဒိုနီးရှားနိုင်ငံက လက်ခံထားတယ် လို့လည်း သိရပါတယ်ခင်ဗျား။
XS
SM
MD
LG