သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအနှိပ်ခန်းမှာ အဖမ်းခံရသူတွေထဲ အသက်မပြည့်တဲ့ မြန်မာအမျိုးသမီးတွေ ပါဝင်


Nataree အနှိပ်ခန်း ထိုင်းရဲဝင်စီးစဉ် (Photo Credit: CJ)
Nataree အနှိပ်ခန်း ထိုင်းရဲဝင်စီးစဉ် (Photo Credit: CJ)

ထိုင်းနိုင်ငံ ဘန်ကောက်ပိုင် ဟွေ့ခွမ်မြို့နယ်ထဲမှာ လူကုန်ကူးခံရပြီး ပြည်တန်ဆာရုံမှာ ရောင်းစားခံရတဲ့ မိန်းကလေးတွေကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေက ဝင်ရောက် စီးနင်းဖမ်းဆီးရာမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေ အပါအဝင် မိန်းကလေး ၁၂၀ ကျော်ထဲမှာ အများစုဟာ မြန်မာမိန်းကလေးတွေ ဖြစ်နေကြပါတယ်။ သူတို့ထဲကတချို့ဟာ ရောင်းစားခံနေရကြောင်းကို အပြင်မှာရှိတဲ့ သူတို့ကိုကယ်ဆယ်နိုင်မယ့် အဖွဲ့တွေကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။ အသေးစိတ်ကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နာမည်ထင်ရှားတဲ့ အနှိပ်ခန်းတခုကို ရဲတွေက ဝင်ရောက်စီးနင်းရာမှာတော့ မြန်မာနိုင်ငံသား မိန်းကလေးတွေ အများစုကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ထဲက တချို့ဟာ လူကုန်ကူးခံရတဲ့အကြောင်း သူတို့ကိုကယ်ဆယ်ဖို့အတွက် လူကုန်ကူးမှု တားဆီးရေးလုပ်နေတဲ့ အဖွဲ့တွေကို အကြောင်းကြားခဲ့တာပါ။ ဒီနောက် သတင်းအချက်အလက် ဖလှယ်မှုတွေလုပ်ဆောင်ခဲ့ပြီး သူတို့ကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေက သွားရောက် စီးနင်းမှုတွေ လုပ်ကြတာဖြစ်တယ်လို့ လစဉ် လူကုန်ခံရသူတွေကို ကယ်ဆယ်ရေးလုပ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ဒါရိုက်တာ ဦးကျော်သောင်း က ဆိုပါတယ်။

“သတင်းအချက်အလက်တော့ ကျနော်တို့ ပေးရတယ်။ ၁၂၁ ယောက်မှာ မြန်မာအမျိုးသမီးက ၁၀၀ လောက် ပါပြီးတော့ ကျန်တဲ့ ၂၁ ယောက်က ကမ္ဘောဒီးယားနဲ့ ထိုင်းအမျိုးသမီးတွေ၊ ဒီထဲမှာ ၁၈ နှစ်အောက်က ၃ ယောက်။ သူတို့တွေ တော်တော်များများဟာ ဒီလုပ်ငန်းခွင်ထဲကို လူကုန်ကူးခံရပြီးတော့မှ လိမ်လည်လှည့်ဖျားပြီးတော့မှ ရောက်လာကြတယ်။ ဒီ ၄၊ ၅ နှစ်လောက်အတွင်းမှာ ဒီလို လိင်အလုပ်သမား အရေအတွက် ရာချီပြီးတော့ ဖမ်းမိတာ ဒါ ပထမဦးဆုံးလို့ ပြောလို့ရတာပေါ့နော်။ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကိစ္စ လုပ်တဲ့လူတွေကို သူတို့ရဲ့ အဖြစ်အပျက်တွေကို ရေးသားပေးပို့လိုက်တာမျိုးတို့၊ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ အကူအညီတောင်းခံလာတာမျိုးတို့မှ တိုက်တိုက်ဆိုင်ဆိုင် ရတာပါ။”

ဘန်ကောက်မြို့က ထင်ရှားတဲ့ ဟွေ့ခွမ်မြို့နယ် ရာ့ချ်ဒါးဖိဆစ်နယ်မြေမှာရှိတဲ့ အနှိပ်ခန်းဟာ စနစ်တကျနဲ့ လုပ်ဆောင်ထားတဲ့ နေရာဖြစ်ပြီး အဲဒီနေရာကို ရောက်သွားတဲ့ အမျိုးသမီးငယ်တွေ ထွက်ပြေးလွတ်မြောက်ဖို့က လွယ်ကူူတဲ့နေရာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနေရာကို ထိုင်းအာဏာပိုင်တွေက စီးနင်းဖို့အတွက် ၂ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့ပေမဲ့ အောင်မြင်မှု မရှိခဲ့ဘူးလို့ ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားတာပါ။ အဲဒီနေရာကို စုံစမ်းဖို့အတွက် ရောက်ရှိခဲ့တဲ့ ဦးကျော်သောင်းကလည်း အခုလို ပြောပါတယ်။

“အဲဒီ ပြည့်တန်ဆာရုံထဲမှာ ဘာတွေရှိသလဲဆိုတော့ ထမင်းစားခန်းရှိတယ်။ မုန့်စားခန်းရှိတယ်။ ဘီယာသောက်ခန်းရှိတယ်။ အဲဒီ ပြည့်တန်ဆာလုပ်ငန်း ပိုင်ရှင်တွေက အဲဒီ ပြည့်တန်ဆာ အမျိုးသမီးလေးတွေကို မှန်ခန်းထဲမှာ မပေါ့တပေါ်လေး ဝတ်ပြီးတော့ ရင်ဘတ်ပေါ်မှာ နံပါတ်ကလေး ချိတ်ထားတယ်။ အဲဒီ အပြင်ကရောက်လာတဲ့ ဧည့်သည်တွေကနေပြီးတော့ အပြင်က ဘီယာတွေ အရက်တွေ သောက်စားပြီးတော့မှ အဲဒီ မိမိတို့ ပျော်ပါးမယ့် သဘောကျတဲ့ လိင်အလုပ်သမားတွေရဲ့ နံပါတ်ကို လက်ညှိုးထိုးပြရတယ်။”

မိန်းကလေးတွေဟာ ကာရာအိုကေမှာ အလုပ်ရမယ်ဆို စားပွဲထိုးလုပ်ရမယ် ဆိုတာကြောင့် အလုပ်အကိုင် ရှာဖွေဖို့လာရင်းနဲ့ အခုလိုမျိုး ပြည်တန်ဆာအဖြစ် ရောင်းစားခံရသူတွေလည်း ပါဝင်တာပါ။ သူတို့အားလုံးကို သေချာစိစစ်ပြီးသွားရင်တော့ အမျိုးအစားအလိုက်ခွဲပြီး ကယ်ဆယ်ရေးနဲ့ အကူညီပေးရေးတွေ ပြစ်ဒဏ်ပေးတာတွေကို ထိုင်းအာဏာပိုင်တွေက လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ ဘန်ကောက်မြို့က မြန်မာသံရုံးကိုတော့ ဆက်သွယ်လို့ မရသေးပါဘူး။ ထိုင်းအာဏာပိုင်တွေကတော့ ပြည်တန်ဆာအဖြစ် ဖမ်းဆီးခံရသူတွေထဲက အများစုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG