သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ရက်ထပ်ရွေ့


UNFC အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်။
UNFC အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရအကြား ကရင်ပြည်နယ် ဘားအံမြို့မှာ ဒီလထဲ ကျင်းပဖို့ရှိတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကို ထပ်မံ ရွှေ့ဆိုင်းလိုက်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ - ရှမ်းပြည်နယ် ပလောင်ဒေသမှာ မြန်မာအစိုးရတပ်တွေနဲ့ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အကြား ဒီကနေ့ တိုက်ပွဲတွေဖြစ်ခဲ့ပြီး - ဒါဟာ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ကြန့်ကြာစေနိုင်တယ်လို့ TNLA က ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံ ကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပေးပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ မြန်မာအစိုးရအကြား - ဒီဖေဖော်ဝါရီလထဲမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ - တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးမယ့် ဒုတိယအကြိမ် ညီလာခံကို ထပ်မံ ရွှေ့ဆိုင်းလိုက်တယ်လို့ UNFC ပြောခွင့်ရပုဂ္ဂိုလ် နိုင်ဟံသာ က ဗွီအိုအေကို ပြောပါတယ်။

KNU ထိန်းချုပ်ရာနယ်မြေမှာ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ လော်ခီးလာ (ခေါ်) လေးဝါး ညီလာခံကို ကျင်းပပြီးတဲ့နောက် - အစိုးရနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေး ဆွေးနွေးမယ့် ဒုတိယအကြိမ် ညီလာခံကို ဘားအံမှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့လည်း ဆက်လက် ညှိနှိုင်းစရာတွေ ရှိနေသေးတာကြောင့် ရွှေ့ဆိုင်းခဲ့ပြီး - ရက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူးလို့ အခုလို ပြောပါတယ်။

"ကျနော်တို့က လော်ခီးလားပွဲပြီးတော့ ၂၉ရက်နေ့မှာ ဦးအောင်မင်းတို့နဲ့
တခါတွေ့တယ်။ တွေ့ပြီးတော့ ဒီလော်ခီးလာ မှာ ချမှတ်ထားတဲ့ သဘောထားတွေကို ပေးလိုက်တယ်။ အဲ့တာကို သူတို့အထက်က သက်ဆိုင်တဲ့သူတွေနဲ့ သွားတင်ပြမယ်။ ဟိုကရဲ့ သဘောထားကို ဒီဖေဖော်ဝါရီ တတိယအပတ် အန်ကယ်လ်တို့ ကိုယ်စားလှယ်အဖွဲ့က ရန်ကုန်ကို သွားပြီးတော့ ရယူမယ်။ အဲ့ဒီ့အပေါ်မှာ ကြည့်ပြီးတော့မှ အဲ့ဒီ့ဘားအံမှာတွေ့မယ့်ပွဲကို ရက်-သတ်မှတ်သွားဖို့ရှိတယ်။ နီးစပ်မယ်ဆိုရင်တော့ ပိုမြန်မယ်ပေါ့လေ။ တကယ်လို့ မနီးစပ်ရင်တော့ အချိန်ယူပြီးတော့ ပြန်ညှိနှိုင်းသွားဖို့ရှိတယ်။"

ဒီခရီးစဉ်ကိုတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ရဲ့ ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒို စောကွယ်ထူးဝင်းက ဦးဆောင်သွားမှာပါ။ အခုလို တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမယ့် ဒုတိယအကြိမ် ညီလာခံကို ရွှေ့ဆိုင်းလာတာ ဟာ ဒါ လေးကြိမ်မြောက်လည်းဖြစ်ပါတယ်။ အခုလို ရွှေ့ဆိုင်းနေတာဟာ အချိန်ဆွဲဖို့အတွက် လုပ်ဆောင်တာ မဟုတ်ဘဲ၊ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား ကွာဟမှုတွေကို အချိန်ယူ ညှိနှိုင်းနိုင်ဖို့ အတွက် ဖြစ်တယ်လို့ နိုင်ဟံသာ က ဆက်ပြောပါတယ်။

"အခုလို ထပ်ရွှေ့ရတဲ့အပိုင်းက ဘားအံမှာ တွေ့တဲ့ပွဲ ကျရင် နှစ်ဖက် နားလည်မှုပိုမို ရနိုင်ဖို့အတွက်ကို အဲ့ဒီ့ကြားထဲမှာ ညှိနှိုင်းနိုင်ဖို့ အဲ့သလို ရွှေ့ထားတာဖြစ်တယ်။ အထိုက်အလျောက်တော့ ကွာဟနေတဲ့ အပိုင်းလည်း ရှိတာပေါ့လေ။ ကွာဟမှုကတော့ စကား အသုံးအနှုံးတွေ၊ ဝေါဟာရတွေလေ။ အဲ့ဒီ့မှာလည်း တဖွဲ့နဲ့ တဖွဲ့ အမြင်မတူတဲ့ တချို့ ဝေါဟာရကို တဖက်က မကြိုက်ဘူး။ အဲ့လိုသဘောမျိုးတွေ ကွာဟမူတွေရှိပါတယ်။ ဥပမာ အန်ကယ်လ်တို့ဘက်က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့လို့ အဲ့လိုမျိုး သုံးချင်တယ်။ အဲ့ဒီ့တော်လှန်ရေး ဆိုတဲ့ဟာကို ဟိုဘက်က မကြိုက်ဘူး။ မသုံးစေချင်ဘူး။ အဲ့လိုသဘောမျိုးပေါ့လေ။"

ပထမအကြိမ် မြစ်ကြီးနားညီလာခံမှာတုန်းက အချေအတင်ဖြစ်ခဲ့တဲ့ ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ကိစ္စကိုတော့ တိုင်းရင်းသားတွေဘက်ကနေ အပစ်အခတ်ရပ်စဲရေး သဘောတူညီပြီး နိုင်ငံရေးဆွေးနွေးဝိုင်းတွေ ဖြစ်ပေါ်မှသာ ထည့်သွင်း ဆွေးနွေးဖို့ ပြင်ဆင်ခဲ့တယ်လု့ိ နိုင်ဟံသာ က ပြောဆိုခဲ့ပါတယ်။

အခုလို တိုင်းရင်းသားတွေနဲ့ မြန်မာအစိုးရ အကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်ဖို့ ကြိုးပမ်းနေချိန်မှာပဲ - UNFC အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဒီကနေ့ ၂ ကြိမ်ဖြစ်ခဲ့တဲ့အတွက် - ဒါဟာ တဘက်နဲ့တဘက် ယုံကြည်မှုကို လျော့ပါးစေတယ်လို့ TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မိုင်းအိုက်ကျော် က ပြောပါတယ်။

“၁၂ နာရီမှာဖြစ်တဲ့ ဟိုမိန်းနဲ့ ပန်ထွေရွာကြားမှာ အစိုးရတပ်တွေက ဟိုမိန်းရွာကနေ ပန်ထွေဘက်သွားတယ်။ သွားတဲ့အချိန် လမ်းမှာ ရင်ဆိုင်တိုက်ပွဲဖြစ်တာပါခင်ဗျ။ နေ့လည် ၃ နာရီ ၁၅ မှာဖြစ်တဲ့ တိုက်ပွဲကတော့ နမ့်ဆမ်မြို့နယ် ထဲမှာ။ နှစ်ဘက် ထိခိုက် ကျဆုံးမှုကတော့ ၁၂ နာရီပွဲကတော့ ကျနော်တို့ အခုထိ ဘာမှ ပြန်မရသေးဘူး။ ၃ နာရီ ၁၅ မှာ ဖြစ်တဲ့ပွဲကတော့ ဒီအစိုးရတပ်ဘက်က ဒုဗိုလ်မှူးကြီးတဦးနဲ့ ကျန်တဲ့ တပ်သား ၁၀ ယောက်ခန့် ကျဆုံးတယ်လို့ ကျနော်တို့ ရှေ့တန်းတပ်မတော်က သတင်းပေးပို့ပါတယ်ခင်ဗျ။ ကျနော်တို့ TNLA ဘက်ကတော့ အခုထိတော့ ကျဆုံးမှု၊ ဒဏ်ရာရရှိမှုကတော့ သတင်းပေးပို့ထားတာ မရှိသေးဘူး။ UNFC နဲ့ MPC ကတော့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေပါ တယ်။ တဘက်ကနေ ပြန်ကြည့်လို့ရှိရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန် တိုက်ပွဲက ခဏခဏ ပြန်ဖြစ်နေလို့ ရှိရင် ဆွေးနွေးမှုလည်း ကြန့်ကြာနိုင်တာပေ့ါနော်။ တဘက်နဲ့တဘက် အပြန်အလှန် ယုံကြည်မှု လျော့နည်းနိုင်တယ်လို့ ကျနော် မြင်ပါတယ်။”

UNFC အဖွဲ့ဝင်ဖြစ်တဲ့ TNLA တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်ဟာ မြန်မာ အစိုးရနဲ့ ပြည်နယ်အဆင့် မှာရော၊ ပြည်ထောင်စု အဆင့်မှာပါ အပစ်အခတ်ရပ်စဲရေး လုံး၀ လက်မှတ် မရေးထိုးရသေး သလို၊ ပြည်နယ်အဆင့် အပစ်ရပ်နိုင်ဖို့ အတွက်ကိုလည်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ မူဆယ်မြို့မှာ တကြိမ်သာ ဆွေးနွေးရသေးတာ ဖြစ်ပါတယ်။
XS
SM
MD
LG