သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းဆန့်ကျင်မှု လူထုဆန္ဒပြပွဲများဖြစ်ပွား


စစ်အာဏာသိမ်းဆန့်ကျင်မှု လူထုဆန္ဒပြပွဲများဖြစ်ပွား

ZawGyi/Unicode

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြပွဲတွေ ရန်ကုန်နဲ့မန္တလေးမြို့အပါအဝင် တချို့မြို့တွေမှာတော့ ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်မြို့မှာတော့ ကျောင်းသားတွေနဲ့ အလုပ်သမားတွေဦးဆောင်ပြီး ဒီနေ့မှာ လမ်းပေါ် ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာစစ်တပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

“အာဏာရှင်စနစ် ကျဆုံးပါစေ…….”

ကျောင်းသားတွေ၊ အလုပ်သမားတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်ပြီးတော့ ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ သမိုင်းဘက်ကနေ အင်းစိန် လမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြချီတက်ရာလမ်းတလျှောက်မှာတော့ ဆန္ဒပြတဲ့သူတွေက လက် ၃ ချောင်း ထောင်ပြီးတော့ စစ်အာဏာရှင်စနစ် ကျဆုံးပါစေ၊ စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေးစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ချီတက်ခဲ့ကြပါတယ်။

“ဒီမိုကရေစီ ရရှိရေး….တို့အရေး၊ တို့အရေး….”

ဆန္ဒပြရာလမ်းတလျှောက်မှာလည်း ပြည်သူတွေက ဆန္ဒပြတဲ့သူတွေကို ထောက်ခံအားပေးခဲ့ကြပြီး ကားတွေကလည်း ဆန္ဒပြတဲ့သူတွေကို ထောက်ခံကြောင်းပြသတဲ့အနေနဲ့ ဟွန်းတွေတီးပြီးတော့ အားပေးခဲ့ကြပါတယ်။

ဒါပေမယ့် ကမာရွတ်လှည်းတန်းမီးပွိုင့်နားမရောက်ခင် စံရိပ်ငြိမ်နားမှာတော့ လုံခြုံရေးတပ်ဖွဲ့တွေက နေရာယူပြီး ဆန္ဒပြတဲ့သူတွေကို တားဆီး လိုက်တဲ့အတွက် ဆန္ဒပြတဲ့သူတွေဟာ ရှေ့ဆက်လို့မရဘဲဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြတဲ့သူတွေနဲ့ လုံခြုံရေးတွေကြား ရုန်းရင်ဆန်ခတ်နဲ့ပဋိပက္ခဖြစ်တာတွေမရှိဘဲ အေးအေးဆေးပဲရှိနေခဲ့ပြီး ဆန္ဒပြတဲ့သူတွေက လုံ့ခြုံရေးရဲတပ်ဖွဲ့ဝင်တွေကို ရေနဲ့ အစားအစားတွေ ပေးတာတွေလည်း ရှိခဲ့ပါတယ်။

“အဲဒါ ခင်ဗျားတို့တွေ ယူပါ။ ခင်ဗျားတို့တွေ ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ ကျနော်တို့တွေ ဝမ်းလည်း ဝမ်းသာပါတယ်။ ဒီနေ့ ကျနော်တို့တွေကို မေတ္တာထားပြီးတော့ ဘာမှမလုပ်တဲ့အတွက် ဝမ်းသာပါတယ်။ ဒါ ပြည်သူက ပေးတဲ့မေတ္တာပါ။”

…“ဒါ ပြည်သူ့ရဲတွေ….ပြည်သူ့ရဲတွေ….”

လက်ခုပ်သံများ

တချိန်တည်းမှာပဲ လှည်းတန်းဘက်မှာလည်း နောက်ထပ် ဆန္ဒပြတာတွေရှိခဲ့သလို အလုံနဲ့ ဆူလေးအဝိုင်းတွေဘက်မှာလည်း ဆန္ဒပြတာ တွေရှိခဲ့ပြီး ညနေပိုင်းမှာတော့ လူစုခွဲလိုက်တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့က ဒီနေ့ ဆန္ဒပြပွဲအခြေအနေနဲ့ပတ်သက်ပြီး ဒီဆန္ဒပြပွဲမှာ ပါဝင်တဲ့သူ တစ်ယောက်ကတော့ ဗီအိုအေကို အခုလို ပြောပါတယ်။

“ဆန္ဒပြတယယ်ဆိုတာကြားတော့ မနက် ၁၀ နာရီခွဲလောက်က သွားကြည့်တယ်ပေါ့နော်၊ အဲဒီအချိန်မှာတော့ ဆန္ဒပြတဲ့အဖွဲ့တွေလည်းရှိတယ်။ လူထုကလည်း ဘေးကနေ ဝိုင်းရံတယ်ပေါ့နော်။ အစကတော့ စိုးရိမ်တာပေါ့နော်။ နောက်တော့ တဖြည်းဖြည်းနဲ့လူထုလည်း အရမ်းတက်ကြွလာပြီးတော့ ဆန္ဒပြတဲ့သူတွေနဲ့ပူးပေါင်းပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြကြတယ်။ ရဲလုံခြုံရေးတွေ ရှိတယ်။ ရဲလုံခြုံရေးတွေကိုလည်း ဆန္ဒပြသူတွေက ရေသန့်တွေ ဘာတွေ တိုက်တယ်။ သူတို့ဘက်ပါအောင် စည်းရုံးတဲ့သဘောလေးတွေပေါ့- အဲဒါလေးတွေ လုပ်တယ်။ တဖြည်းဖြည်းနဲ့လူက ပိုပိုများလာတယ်။ ပိုများလာပြီးတော့ နေ့လည် ၁ နာရီလောက်ကျတော့ လှည်းတန်းစင်တာရှေ့မှာ လူအများ- လူ ထောင်ဂဏန်းလောက်တော့ စုမိသွားတယ်။ လူထုကလည်း တက်တက်ကြွကြွနဲ့ ပါဝင်တယ်။ ဘေးက ဖြတ်သွားတဲ့ကားတွေ အားလုံးကလည်း လက်သုံးချောင်းထောင်ပြီးအလေးပြုတယ်။ ပြီးရင် ဟွန်းတွေကို တရစပ်တီးကြတယ်။ ဟွန်းတီးတယ်ဆိုတာ ကားလမ်းပိတ်လို့ ဟွန်းတီးတာမဟုတ်ဘူးပေါ့နော်- ဆန္ဒပြတာကို ထောက်ခံနဲ့အနေနဲ့ သူတို့ပါ ဝိုင်းပြီးတော့ ဟွန်းတီးပြီး ဆန္ဒထုတ်ဖော်တဲ့သဘောပါပဲ။ လူထုကတော့ အားလုံးက တက်တက်ကြွကြွနဲ့ ပါဝင်ကြတယ်ပေါ့နော်။”

ဒါ့အပြင် မန္တလေး၊ မကွေးနဲ့ တခြားမြို့တွေမှာလည်း ဒီနေ့မှာ ကျောင်းသားတွေဦးဆောင်ပြီးတော့ ဆန္ဒပြခဲ့ကြပါတယ်။ မန္တလေးမြို့က ဆန္ဒပြပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ကိုမင်းခန့်ကျော်လင်းက အခုလို ပြောပါတယ်။

“…..ဒီနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မန္တလေးမှာဆိုရင် လူ ၃၀၀ လောက် ပတ်ပြီးတော့ လက်သုံးချောင်းထောင်ပြီးတော့ ပတ်တာတွေ ရှိတယ်ပေါ့နော်။ ရန်ုကုန်မှာဆိုရင် မြို့လယ်မှာ ၁၅ နေရာလောက် လူငယ်တွေ စုပြီးတော့ အကြမ်းမဖက် ဆန္ဒပြတာတွေ ရှိလာတယ်ပေါ့နော်။ တစ်အချက်ပေါ့နော်။ ဒါကို ကျနော်တို့အနေနဲ့ “မြန်မာ့နွေဦး” လို့ သတ်မှတ်ထားတယ်ပေါ့လေ။

ဒါ့အပြင် ကြို့ပင်ကောက်မြို့မှာတော့ ဆန္ဒပြတဲ့သူဦးကို ရဲတပ်ဖွဲ့ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒီကနေ့ဆန္ဒပြပွဲတွေနဲ့ပတ်သက်ပြီး ရန်ကုန်မြို့ခံ နောက်တဦး ကတော့

“ကျနော်ကတော့ အားရတယ်လို့ပဲ ပြောရမှာပေါ့နော်။ ပြီးခဲ့တဲ့ရက်တွေအတွင်းမှာလည်းလူထုရဲ့ဆန္ဒကို ဖေ့စ်ဘုတ်တွေ၊ တွစ်တာတွေအပေါ်မှာ တင်ပြခဲ့ပြီးပြီပဲ။ ညဘက်ဆိုရင်လည်း သံပုံးတွေတီးတယ်။ အိုးတွေ ခွက်တွေ တီးပြီးတော့ တင်ပြခဲ့ပြီးပြီ။လူတွေက အွန်လိုင်းပေါ်မှာတင် ဆန့်ကျင်နေတာမဟုတ်တော့ဘဲ ၊ ပါတီစွဲကြောင့် မဟုတ်တော့ဘဲ မခံချင်စိတ်ကြောင့် လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတာလို့ ကျနော် မြင်တယ်။”

အခုလောလောဆယ်မှာတော့ အာဏာပိုင်တွေဘက်က အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပြီး ညမထွက်ရအမိန့်တွေ စစ်အုပ်ချုပ်ရေးကြေညာတာတွေ ရှိလာနိင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဆန္ဒပြတဲ့သူတွေဘက်ကတော့ နောက်ရက်တွေမှာလည်း ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်အလားအလာတွေရှိနေပါတယ ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Unicode


















#MyanmarMilitaryCoup #MyanmarPolitics #VOABurmese

XS
SM
MD
LG