သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေပြင်ဆင်ရေး နဲ့ အစိုးရခြေလှမ်း


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်အဆောက်အဦးတွင် တွေ့ရစဉ်။
ဒေါ်အင်ကြင်းနိုင်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ထုတ် သတင်းစာမှာ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု ဖော်ပြလာပါတယ်။ ပြည်သူတွေ လေ့လာသိရှိ အကြံပြုနိုင်အောင် တင်ပြတာ
ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ တကယ်ဆို အငြင်းပွားမှုတွေနဲ့ ပြဿနာတွေ အများကြီးပေါ်ပြီး “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ
ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တစ်ခု လွှတ်တော်က အတည်ပြုပေးလိုက်တာတောင် သိပ် မကြာသေးပါဘူး။ အခု ပြင်ပြီးတာ တစ်ခုကို ထပ်ပြင်ဖို့ အစိုးရဘက်က ဘာကြောင့် ကြိုးစားလာတာပါလဲ၊ ဘာရည်ရွယ်ချက်တွေများ ရှိနေနိုင်သလဲ ဆိုတာ ခုတစ်ပတ်
ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးစည်သူအောင်မြင့်။ ။ နိုင်ငံတစ်နိုင်ငံမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဆိုတာ အတော်လေး အရေးကြီးပါတယ်။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖော်ပြချက်မှာလည်း အခြေခံဥပဒေ ခုံရုံးဟာ အရေးကြီးရုံမက သက်ရောက်မှုကလည်း ကျယ်ပြန့်ပါတယ်။ ဒါတင်မက “ခုံရုံးရဲ့ ဆုံးဖြတ်ချက်တွေဟာ အပြီးအပြတ် အတည်ဖြစ်တယ်” ဆိုတာကလည်း ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားမှုတွေ ဖြေရှင်းရာမှာ အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တယ်ဆိုတာကို သတ်မှတ်ပေးထားတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအကြောင်း ပြောရင် သမ္မတ နဲ့ လွှတ်တော် အားပြိုင်မှုကနေ စ ပြီး ပြောမှ ဇာတ်ရည်လည်မှာပါ။

၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတ ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော် ပေါ်ပေါက်လာပြီးတဲ့အခါ ထင်မှတ် မထားတဲ့ ပုဂ္ဂိုလ်ရေး အားပြိုင်မှု ပေါ်ပေါက်လာပါတယ်။ ဒီ အားပြိုင်မှုတွေဟာ သမ္မတနဲ့လွှတ်တော် အားပြိုင်မှုအဖြစ် ရုပ်လုံး သွားပေါ်စေပါတယ်။ ၂၀၁၂ ထဲမှာ သမ္မတဦးသိန်းစိန်က လွှတ်တော်အမတ်တွေဟာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးကို အဓိပ္ပါယ် ဖွင့်ခိုင်းပါတယ်။

အဲဒီအချိန်တုန်းကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌဟာ ဦးသိမ်းစိုး ဖြစ်ပါတယ်။ ခုံရုံးက လွှတ်တော်အမတ်တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဆိုပြီး အဓိပ္ပါယ် ဖွင့်ဆိုပေးလိုက်ပါတယ်။ ဒီလိုနဲ့ လွှတ်တော် အမတ်တွေ ဒေါသူပုန်ထကုန်ပြီး ခုံရုံးတစ်ဖွဲ့လုံးကို စွပ်စွဲပြစ်တင်
ထုတ်ပယ်ဖို့ ကြိုးစားလာကြပါတော့တယ်။

ဒေါ်အင်ကြင်းနိုင်။ ။ သမ္မတနဲ့လွှတ်တော် အခြေအနေတွေ တင်းမာပြီး တကယ်ပဲ စွတ်စွဲပြစ်တင်မှု အထမြောက်ခါနီးမှာ ခုံရုံးတစ်ဖွဲ့လုံး သူ့ဖာသာသူ နုတ်ထွက်တာကို သမ္မတက ခွင့်ပြုပေးလိုက်ပါတယ်။ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ဒီလောက်နဲ့ မရပ်ပါဘူး။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးအဖွဲ့မရှိသေး၊ လစ်ဟာသွားတဲ့ အခြေအနေမှာ “နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေ” ကို ပြင်ဆင်ဖို့ အသည်းအသန် ကြိုးစားကြပါတော့တယ်။

အဲဒီမှာ အဓိက ပြင်ဆင်လိုက်တဲ့အချက်က ခုံရုံးဥက္ကဋ္ဌ တင်မြှောက်ရေး အပိုင်းပါ။ နဂိုရ် ဥပဒေမှာပါတာ ဖွဲ့စည်းပုံခုံရုံးကို သမ္မတက အဆိုပြုသူ သုံးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးဦး၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌက အဆိုပြုသူ သုံးဦး စုစုပေါင်း (၉) ယောက်နဲ့ ဖွဲ့စည်းရမယ်လို့ ဆိုထားပါတယ်။ အဲဒီအထဲကမှ သမ္မတက သူကြိုက်နှစ်သက်သူ တစ်ယောက်ကို ဥက္ကဋ္ဌ ခန့်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဘက်က ခုံရုံးဥက္ကဋ္ဌကို သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက် ပေါင်း (၃) ယောက် ဆွေးနွေး တိုင်ပင် ရွေးချယ် ခန့်အပ်ရမယ်လို့ ပြင်ဆင်လိုက်ပါတယ်။

လွှတ်တော်ဘက်က အဲလို ပြင်ဆင်ပြဋ္ဌာန်းဖို့ ကြိုးစားတာကို တပ်မတော်သား အမတ်တွေက အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့ကြ ပါသေးတယ်။ ဒါကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြင်းပြင်းထန်ထန် ပြောဆို တုံ့ပြန်မှုတွေတောင် လုပ်ခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခုံရုံးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို လွှတ်တော်က အတည်ပြုနိုင်ခဲ့ပါတယ်။

ဦးစည်သူအောင်မြင့်။ ။ နောက်ဆုံး ပြင်ဆင်ထားတဲ့ ဥပဒေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို ပြန်ပြီး ဖွဲ့စည်းတဲ့အခါ သူရဦးရွှေမန်း အဆိုပြုသူ ခုံရုံးဥက္ကဋ္ဌ ဖြစ်လာပါတယ်။ အခြားတစ်ဖက်မှာလည်း လွှတ်တော်က အတည်ပြုပေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီလို့ဆိုပြီး သမ္မတ က လက်မှတ်မထိုးဘဲထားတဲ့ ဥပဒေကလည်း (၈) ခု အထိ ရှိလာပါတယ်။ ပုံမှန်အားဖြင့်ဆိုရင် အဲဒီ ဥပဒေတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီမညီ သမ္မတက စိစစ်ဖို့ တင်ပြရမှာ ဖြစ်ပြီး ခုံရုံးက အဆုံးအဖြတ် ပေးရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း အဲဒီ အသံတွေ မကြားရတော့ဘဲ ငြိမ်သက်သွားခဲ့ပါတယ်။ အခုကျမှ သမ္မတဘက်က ပြင်ထားတာ သိပ်မကြာသေးတဲ့ ဥပဒေကို ပြန်ပြင်ဖို့ တင်ပြလာတာ တွေ့ရပါတယ်။

ဒေါ်အင်ကြင်းနိုင်။ ။ အများပြည်သူသိအောင် တင်ပြထားတဲ့ ဥပဒေကြမ်းမှာ အဓိက ပြင်လိုတဲ့အချက်ဟာ နဂိုရ် မူရင်းဥပဒေလို ခုံရုံးဥက္ကဋ္ဌ ကို သမ္မတက ရွေးချယ်ခွင့်ရရေး ထည့်သွင်းထားပါတယ်။ ဥပဒေပါ စကားလုံးတွေအတိုင်း ပြောရရင် “ ခုံရုံးဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် ညှိနှိုင်း၍ဖြစ်စေ၊ နိုင်ငံတော်သမ္မတက သင့်လျော်သည်ဟု ယူဆသည့် နည်းလမ်းအရ ဖြစ်စေ ရွေးချယ်နိုင်သည်” ဆိုတာပဲ ဖြစ်ပါတယ်။

အစိုးရဘက်က ဒီ ဥပဒေကြမ်းကို ပြဋ္ဌာန်းဖို့ ရည်ရွယ်ရခြင်းဟာ လက်ရှိ အသစ် တင်မြှောက်ထားတဲ့ ခုံရုံးအဖွဲ့နဲ့ ဥက္ကဋ္ဌကို ပြောင်းလဲဖို့ ရည်ရွယ်တာတော့ ဟုတ်ဟန် မတူပါဘူး။ အကြောင်းကတော့ ခုံရုံးအဖွဲ့ရဲ့ သက်တမ်းဟာ လွှတ်တော်ရဲ့ သက်တမ်းနဲ့အတူတူ သတ်မှတ် ထားတာမို့ ကြားထဲမှာ လွှတ်တော်ဘက်က စွပ်စွဲပြစ်တင်တာ မရှိမချင်း ၂၀၁၅ ခုနှစ် အထိ တာဝန်ထမ်းဆောင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး တက်လာတဲ့ သမ္မတနဲ့လွှတ်တော် ဥက္ကဋ္ဌတွေက ခုံရုံးအသစ် ကို ပြန်ဖွဲ့ကြမှာ ဖြစ်ပါတယ်။ ဒီအတွက် အဖြစ်နိုင်ဆုံးကတော့ ဒီ ခုံရုံး ဥပဒေကြမ်းဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းအတွက် ရည်ရွယ်ပုံ ရပါတယ်။

ဦးစည်သူအောင်မြင့်။ ။ အားလုံးသိကြတဲ့အတိုင်း ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတမှုရှိအောင် ကျင်းပပေးနိုင်ခဲ့ရင် လွှတ်တော် နှစ်ရပ်စလုံးမှာ NLD - အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမတ် အများစုအနိုင်ရဖို့ များပါတယ်။ ဒီအခါ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာလည်း အင်အယ်လ်ဒီ ပါတီက ဖြစ်လာနိုင်ပါတယ်။ သမ္မတ ရွေးချယ်ရေးမှာတော့ တပ်မတော်သားအမတ် ၂၅ % မဲက ရှိနေတော့ ဘယ်သူ သမ္မတဖြစ်မလဲ မပြောနိုင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံမှာ အလွန်အရေးကြီးတဲ့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး ဖွဲ့စည်းတော့မယ်ဆိုရင်၊ အဲဒီအချိန် လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ဟာလည်း အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်နေမယ်ဆိုရင် အင်န်အယ်လ်ဒီ
ပါတီက တင်မြှောက်သူ တစ်ယောက်ယောက် ခုံရုံးဥက္ကဋ္ဌ ဖြစ်လာမှာ သေချာပါတယ်။ ဒီလို ဖြစ်မလာရလေအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ခုံရုံးဥက္ကဋ္ဌကို သမ္မတက ခန့်အပ်နိုင်အောင် ဥပဒေကြမ်းတင် ပြန် ပြင်ဆင်ဖို့ ကြိုးစားတာသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG