သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအာဏာလျော့စေမယ့် ကာလုံဥပဒေကြမ်း ပြည်ပဝေဖန်


ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အမျိုးသားလွှတ်တော်အမတ်တွေလေ့လာဖို့ ဖြန့်ဝေခဲ့တဲ့ ကာလုံဥပဒေကြမ်းသစ်ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်ရင် နောက်တက်လာမယ့် သမ္မတရဲ့လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့ ရည်ရွယ်လုပ်ဆောင်တာဖြစ်တယ်လို့ ပြည်ပရောက် မြန်မာ့အရေးကျွမ်းကျင်သူတွေက ဝေဖန်လိုက်ပါတယ်။ လက်ရှိလွှတ်တော်သက်တမ်းကုန်ဆုံးခါနီး ဒီဥပဒေကြမ်းအသစ်ကို အမျိုးသားလွှတ်တော်ကနေ ရုတ်တရက် ဖြန့်ဝေလာတဲ့အပေါ်မှာ လွှတ်တော်တွင်း ဝေဖန်ပြောဆိုမှုတွေရှိနေကြတာပါ။ မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြမှာပါ။

ဒီဇင်ဘာလ (၂၁)ရက်နေ့ရက်စွဲနဲ့ အမျိုးသားလွှတ်တော်မှာ ဖြန့်ဝေခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ဥပဒေမူကြမ်းဟာ အမျိုးသားလုံခြုံရေးကိစ္စတွေနဲ့ပတ်သက်လာရင် သမ္မတရဲ့ဆုံးဖြတ်ခွင့်အာဏာကို ကန့်သတ်လိုက်တာဖြစ်တယ်လို့ဒီဥပဒေမူကြမ်းကိုလေ့လာထားတဲ့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံရှေ့နေဦးမင်းလွင်ဦးက ပြောပါတယ်။

“ကာကွယ်ရေးဦးစီးချုပ် လုပ်ချင်တာလုပ်၊ ပြီးရင် သမ္မတကခေါင်းခံဆိုတဲ့ သဘောမျိုးသက်ရောက်နေတာမျိုး ကျနော်တို့တွေ့ရတယ်။ အမျိုးသားလုံခြုံရေးကိစ္စနဲ့ပတ်သက်လို့ မဲခွဲဆုံးဖြတ်ကျတဲ့အခါမှာ သမ္မတက မဲပေးခွင့်မရှိဘူး။ အရင်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒီလိုမပါဘူး။ အခုကျတော့ သဘာပတိအနေအထားမှာနေရမယ်၊ မဲပေးလို့မရတဲ့အတွက် နောက်ဆုံး မဲအရေတွက် (၅)မဲဆီသွားတူနေရင်တောင်မှ သမ္မတရဲ့အကြံပြုချက်ကို သူတို့ကမှတ်တမ်းပဲယူပြီးတော့ထားမှာ၊ လိုက်နာပြီးကျင့်သုံးမှာမဟုတ်ဘူး။ အဲတော့ စစ်တပ်က သမ္မတရဲ့အမိန့်အာဏာကိုကျော်လွန်ပြီးလုပ်ပိုင်ခွင့်ရအောင် စီမံပြီးရေးဆွဲတဲ့ဥပဒေဖြစ်တယ်။”

အရင်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပြဌာန်းထားတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ဥပဒေအရ ဆိုရင် ဒီကောင်စီမှာပါဝင်တဲ့ စစ်ဘက်က (၆)ဦး၊ အရပ်ဘက်က (၅)ဦးမှာ အမျိုးသားလုံခြုံရေးနဲ့ပတ်သက်ရင် သမ္မတမှာ ဆုံးဖြတ်ပိုင်ခွင့်အာဏာရှိနေတာပါ။ ဒါပေမဲ့ ဒီဥပဒေကြမ်းမှာ သမ္မတရဲ့အမိန့်ကို ကျော်လွန်ပြီး ကာကွယ်ရေးဦးစီးချုပ်က လုပ်ပိုင်ခွင့်ရရှိစေဖို့နဲ့ စစ်တပ်က လိုအပ်ရင် တိုင်းပြည်အာဏာသိမ်းပိုင်ခွင့်ကိုပိုပြီး လုပ်ပိုင်ခွင့်ပေးထားတာတွေ့ရတယ်လို့ ဦးမင်းလွင်ဦးကသုံးသပ်ပါတယ်။

“အရေးပေါ်အခြေအနေတွေပေါ်ပေါက်လို့ နောက်ဆုံးကာကွယ်ရေးဦးစီးချုပ်ကိုအာဏာလွဲှရပြီဆိုရင်တောင် (၆)လသက်တမ်း၊ မလုံလောက်ဘူးဆိုရင် နောက်တကြိမ်၊ တနှစ်အထိသက်တမ်းတိုးပြီးတောင်းနိုင်တယ်။ သို့သော်လည်းပဲ ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ ရွေးကောက်ပွဲတွေ ကျင်းပပြီးလို့ ပြည်ထောင်စုအပါအဝင် ပြည်နယ်နဲ့တိုင်း အစိုးရအဖွဲ့အသီးသီးကိုအားလုံးတာဝန် လွှဲပြောင်းပေးအပ်တာ တွေပြီးတဲ့အချိန်မှ သူ့လုပ်ငန်းတာဝန်ပြီးဆုံးမယ်ဆိုတဲ့ ပြဌာန်းချက်တွေပါနေတာရှိတယ်။ အဲတော့တပ်မတော်က လိုအပ်ရင် သူအာဏာ သိမ်းချင်သလောက်သိမ်းထားနိုင်တဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတာကို ဒီဥပဒေကြမ်းမှာတွေ့ရတယ်။”

ဒီဥပဒေမူကြမ်းကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက ကြံခိုင်ဖွံဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးတင်မြက အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်ကိုပေးပို့ထားတာဖြစ်တယ်လို့ ပြည်တွင်းအခြေစိုက်သတင်းဌာနတချို့မှာဖေါ်ပြထားပါတယ်။ ဒါပေမဲ့ ဦးတင်မြက လက်ရှိဆေးခွင့်ယူထားပြီး အမျိုးသားလွှတ်တော်မှာ ကိုယ်တိုင်တင်သွင်းနိုင်ခြင်းလည်းမရှိသေးတဲ့အချိန်မှာ အမျိုးသားလွှတ်တော်ရုံးကနေ ဒီဥပဒေမူကြမ်းကို လွှတ်တော်အမတ်တွေလေ့လာဖို့ဆိုပြီး ရုတ်တရက်ဖြန့်ဝေခဲ့တဲ့အပေါ် ဝေဖန်မှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီဥပဒေမူကြမ်းမှာပါတဲ့အချက်တွေကိုကြည့်ရင် နောက်တက်လာမယ့်အစိုးရသစ်ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ရည်ရွယ်ကန့်သတ်ထားတာမျိုးတွေ့ရတယ်လို့ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တယောက်ဖြစ်ပြီး အခု အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်မှာ နေထိုင်နေတဲ့ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“လက်ရှိလွှတ်တော်က မကြာခင်ပဲ သက်တမ်းကုန်တော့မယ့်အချိန်မှာ အခုလို ပြည်သူလူထုတစ်ခုလုံး မျက်ပြူးဆန်ပြာ ဖြစ်ရလောက်အောင် အဆိုပြုချက်- လို့ ပြောရမယ်ပေါ့နော်- ဖြန့်ဝေမှုအဆင့်ကို ရောက်လာတာကတော့ တိုက်ဆိုင်မှု မဟုတ်ဘဲ တမင်တကာ လုပ်သလားလို့ ကျနော် သံသယရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအပြီး နောက်ထပ်လွှတ်တော်မပေါ်ခင် - နောက်ထပ် ဦးသိန်းစိန်သမ္မတမတက်ခင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မဆင်းခင်မှာ အဲသလိုပဲ အရေးပေါ် ကြေညာချက်၊ အရေးပေါ်ဥပဒေဆိုတာကြီးတွေ လက်မှတ်ထိုးပြီး ထုတ်သွားခဲ့တယ်ဗျ။ သူတို့ ဖြန့်ဝေတဲ့စာအရ နောက်လာမယ့် သမ္မတ၊ သမ္မတတွေဟာ မဲပေးပိုင်ခွင့်မရှိဘူး၊ တနည်းအားဖြင့် သမ္မတကို ကန့်သတ်ချုပ်ခြယ်တဲ့ ဥပဒေတစ်ရပ်ဖြစ်တယ်။ အဲဒီတော့ကာ အခု လက်ရှိသမ္မတမဟုတ်ဘဲနဲ့ နောက်သမ္မတကလည်း ဘာပဲပြောပြော NLD က လာမယ့် သမ္မတဖြစ်မယ်၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည် မဖြစ်သေးတောင်မှ ဖြစ်စရာအလားအလာတွေ ဖြစ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကန့်သတ်တဲ့ ဥပဒေတစ်ခုလို့ မြင်တယ်။”

ဥပဒေကြမ်းမှာပါတဲ့ ကာ/လုံကောင်စီမှာ ပါဝင်မယ့် ၁၁ဦးတို့ကတော့ စစ်ဘက်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ နယ်စပ်ရေးရာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီးနဲ့ တပ်မတော်သားအမတ်တို့ အဆိုပြုထားတဲ့ ဒုသမ္မတတစ်ဦးတို့ဖြစ်ပြီး အရပ်ဘက်ကတော့ သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ လွှတ်တော်က ရွေးချယ်တဲ့ ဒုသမ္မတတစ်ဦးတို့ ဖြစ်ပါတယ်။

XS
SM
MD
LG