သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံအုတ်မြစ်က စပြီး ပြောင်းလဲပစ်ရမယ့် မြန်မာ့ပညာရေးစနစ်


ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ( RASU) အတွင်းက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အဓိပတိလမ်းမကြီး။
ရန်ကုန် ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ် ( RASU) အတွင်းက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အဓိပတိလမ်းမကြီး။
ဦးစည်သူအောင်မြင့်။ ။ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့က မြန်မာနိုင်ငံရဲ့ ထင်ရှားတဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာမြင့်မြင့်ခင် တစ်ယောက် ကွယ်လွန်သွားခဲ့ပါပြီ။ ဒေါက်တာမြင့်မြင့်ခင် ကွယ်လွန်သွားတာဟာ မြန်မာ့ပညာရှင်လောက၊ ဆေးလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခုဖြစ်သလို ပညာရေးလောကအတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုပါ။ ဒေါက်တာမြင့်မြင့်ခင်ဟာ ပွင့်လင်းစ အပြောင်းအလဲကာလမှာ ပညာရေးစနစ်နဲ့ပတ်သက်ပြီး ဘာတွေ ပျက်စီးယိုယွင်းနေသလဲ၊ ဘယ်ကဏ္ဍတွေကို အချိန်မဆိုင်း ပြုပြင်သင့်သလဲ ဘယ်လိုနည်းနဲ့လုပ်ရမလဲ စသဖြင့် ရဲရဲတင်းတင်း မထောက်မညှာဘဲ စပြီးပြောခဲ့သူပါ။ ပညာရေးနဲ့ ပတ်သက်ပြီး ဆရာမကြီး ပြောသွားတဲ့ မှတ်မှတ်ရရ စကားတစ်ခွန်းကတော့ ပညာရေးစနစ်ပြောင်းလဲရာမှာ ဟိုနားနည်းနည်း ဒီနားနည်းနည်း လိုက်ပြုပြင်နေလို့မရဘူး၊ တော်လှန်ရေး လုပ်သလို အမြစ်ကနေ လှန်ပြီး ပြောင်းလဲပစ်မှရမယ် ဆိုတဲ့ စကားပါ။ ဆရာမကြီး ဒီလို စကားတွေ အဆက်မပြတ်ပြောခဲ့တာဟာ စစ်အစိုးရ စာပေစိစစ်ရေးက ဖိနှိပ်ထားဆဲ ၂၀၁၁ နှစ်ဆန်းပိုင်းလောက်က စပါတယ်။ ခုဆို ၃ နှစ်ကျော်ခဲ့ပါပြီ။ မြန်မာ့ ပညာရေး ဘယ်အခြေအနေ ရောက်နေသပါလဲ၊ ပြုပြင်ပြောင်းလဲမှု ကိုရော စတင်နေပြီလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဒေါ်အင်ကြင်းနိုင်။ ။ ပညာရေးအကြောင်းပြောရင် အဓိက အကျဆုံးဖြစ်တဲ့ ပညာတတ်မြောက်ရေးနဲ့ဆိုင်တဲ့အပိုင်း၊ ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ လွတ်လပ်မှုနဲ့ စာသင်ကျောင်း၊ သင်ထောက်ကူပစ္စည်းနဲ့ စာအုပ်စာတန်းတွေလို ရုပ်ဝတ္တု ကိစ္စတွေဆိုပြီး ခွဲပြောရပါလိမ့်မယ်။ လက်ရှိ မြန်မာ့ပညာရေးအခြေအနေ နိမ့်ကျမြဲ နိမ့်ကျနေဆဲပါ။ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူတွေ၊ ဘွဲ့ရသူတွေ၊ မဟာဘွဲ့ရသူတွေ၊ ပါရဂူလို့ဆိုတဲ့ ဒေါက်တာဘွဲ့ရသူတွေဟာ အောင်မြင်မှုအတိုင်းအတာနဲ့ကိုက်ညီတဲ့ပညာ လုံး၀ မတတ်မြောက်ကြ သေးပါဘူး။ သာမန် ရိုးရိုးဘွဲ့ရ အဆင့်လောက်ဆိုရင် သူရထားတဲ့ ဘွဲ့အမျိုးအစားရဲ့ ဘာသာရပ်ကို ကောင်းကောင်း နားမလည်တာထား၊ အင်္ဂလိပ်လိုလည်း ကောင်းကောင်းမတတ်၊ ဗမာစာတောင် မှန်အောင် ဖြောင့်အောင် မရေးနိုင်ကြပါဘူး။

ဒီလိုဖြစ်ရတာဟာ သင်ရိုးပြဿနာတော့ မဟုတ်ပါဘူး။ မြန်မာပြည်သင်ရိုးကို အတန်အသင့် အဆင့်အတန်းရှိတဲ့ သင်ရိုးတွေအဖြစ် နိုင်ငံတကာက အသိအမှတ် ပြုကြပါတယ်။ အဓိကပြဿနာက အတန်းတိုင်း အတန်းတိုင်းမှာ အဲဒီသင်ရိုးကို ကျောင်းသူကျောင်းသားတွေ နားလည်အောင် သင်ကြားပြသပေးနိုင်မယ့် ဆရာ ဆရာမ မရှိတဲ့ ပြဿနာပါ။ ဆရာအရင်းအမြစ်ပြဿနာလို့ ပြောရင် ရနိုင်ပါတယ်။ ပထမ တစ်ချက်က ဒီ ဆရာဆရာမတွေ ကိုယ်တိုင် အလွန့်အလွန် ညံ့ဖျင်းတဲ့ ပညာရေးစနစ်မှာ ကြီးပြင်း ပညာသင်ကြားခဲ့သူတွေဖြစ်လေတော့ သူတို့ ကိုယ်တိုင် ပညာကောင်းကောင်း မဆည်းပူးခဲ့ကြရပါဘူး။ ဆရာဘ၀ မရောက်ခင်နဲ့ ဆရာအဖြစ် သက်မွေးဝမ်းကျောင်းနေစဉ် ကာလအတွင်းမှာလည်း လုံလောက်တဲ့သင်တန်းတွေ မရှိ၊ တက်ခွင့် မရကြပါဘူး။ နောက်တစ်ချက်က ကျောင်းဆရာ ဆရာမဆိုတဲ့ အသက်မွေးဝမ်းကျောင်းကို ထူးချွန်သူ၊ ထက်မြက်သူတွေက မရွေးချယ်တော့တဲ့ ပြဿနာပါ။ လစာအခွင့်အရေး အလွန်နည်းပါးတာက အဓိက ပြဿနာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ အရည်အသွေး မပြည့်မီတဲ့ ဆရာတွေဟာ ကျောင်းသူ ကျောင်းသားတွေကို ပြဌာန်း သင်ရိုး ကောင်းကောင်း တတ်မြောက်အောင် သင်ကြားနိုင်ခြင်းမရှိတာ ထူးတော့ မထူးဆန်းပါဘူး။

ဦးစည်သူအောင်မြင့်။ ။ ၉ တန်း၊ ၁၀ တန်း၊ လက်ရှိ ဂရိတ် 10-11 လို့ခေါ်တဲ့ အထက်တန်း သင်ရိုးကျတော့ ပိုဆိုးပါတယ်။ ဗမာစာက လွဲပြီး ဘာသာရပ်အားလုံး အင်္ဂလိပ်လို ပြဌာန်းထားလို့ အင်္ဂလိပ်လို သင်ကြရပါတယ်။ ပြဿနာက အဲဒီမှာ စ ပါတယ်။

ဘာသာရပ်သင် ဆရာမတွေဟာ ပထမအဆင့် အင်္ဂလိပ်လို ပြောတတ်၊ ရေးတတ်၊ ဖတ်တတ်၊ နားထောင် နားလည်နိုင်စွမ်း 4 Skill ရှိဖို့ လိုပါတယ်။ ဒါမှ သက်ဆိုင်ရာ ဘာသာရပ်ကို အင်္ဂလိပ်လို သင်နိုင်၊ မေးနိုင်၊ မေးခွန်းထုတ်နိုင်၊ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အထက်တန်းအဆင့်သင်တဲ့ အဲဒီ ဆရာဆရာမတွေဟာ အဲလို အင်္ဂလိပ်စာကို ကောင်းကောင်းတတ်သူတွေ မဟုတ်ကြပါဘူး။ ဒီအခါ စာ ကောင်းကောင်း မသင်နိုင်၊ ကျောင်းသူ ကျောင်းသားတွေလည်း စာလုံးဝမတတ်ဘဲဖြစ်ရတာ ဘာမှ အဆန်းတကျယ်တော့ မဟုတ်ပါဘူး။ အဲဒီ ဘာမှမတတ်တဲ့ ကလေးတွေ အလွတ်ကျက်ပြီး ဆယ်တန်းအောင်၊ တက္ကသိုလ်မှာလည်း ဒီလိုပဲ ဖြစ်သန်းပြီး ဘွဲ့ရ စာမတတ်သူတွေ ဖြစ်လာရတာပါ။

ဒေါ်အင်ကြင်းနိုင်။ ။ လောလောဆယ် လွှတ်တော်ထဲမှာ ပညာရေးဆိုင်ရာ ဥပဒေကြမ်း ရောက်နေ၊ ဆွေးနွေးနေပေမယ့် ဒီလို အလွန့်အလွန် အရေးကြီးတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ နည်းနာ ပါပုံမရပါဘူး။ လက်ရှိ အစိုးရသစ် (၃) နှစ်တာကာလအတွင်း ပညာရေးနဲ့ပတ်သက်ပြီး လုပ်တဲ့ ပြုပြင်ပြောင်းလဲရေးကတော့ သေးသေးမွှားမွှား ရုပ်ဝတ္တုဆိုင်ရာ ပံ့ပိုးမှုလောက်ပဲ တွေ့ရပါတယ်။ အခုဘဏ္ဍာရေးနှစ်အတွက် ပညာရေး ဘတ်ဂျက် နှစ်ဆနီးပါးလောက် တိုးပေးလိုက်တယ် ဆိုပေမယ့် ကျောင်း အဆောက်အဦတွေ ပြုပြင်ဖို့တွေ၊ ပြိုပျက်လုဆဲကျောင်းတွေ ပြန်ဆောက်ဖို့တောင် လောက်ငှတာ မဟုတ်ပါဘူး။ ရန်ကုန်တစ်တိုင်းထဲမှာတောင် ကျောင်းအဆောက်အဦ သုံးပုံတစ်ပုံ ပျက်စီးယိုယွင်းနေလို့ ပြင်ဆင်ဖို့ ဆိုပြီး ဘတ်ဂျက် ကျပ်ငွေ ၃ ဘီလျံလောက် လျာထားရပါတယ်။
ထူးတာတစ်ခုက မူလတန်းအတွက် အခမဲ့ကျောင်းအပ်နိုင်တာ၊ ပြဌာန်းစာအုပ်တစ်ချို့နဲ့ ဗလာစာအုပ်တစ်ချို့ အလကားပေးတာ၊ ကျောင်းဝင်ခွင့်အတွက် ငွေကြေး တစ်စုံတစ်ရာကောက်ခံရင် တိုင်ကြားနိုင်၊ အရေးယူပေးတာတွေရှိတော့ မိဘတွေ အထိုက်အလျောက် သက်သာသွားတာ မျိုးတော့ ရှိပါတယ်။

ဦးစည်သူအောင်မြင့်။ ။ ဒါပေမယ့် သင်ထောက်ကူ ပစ္စည်းဆိုင်ရာ ဖြည့်တင်းမှုတွေ၊ ဆရာ ဆရာမတွေကို တဆင့်မြင့် သင်တန်းတွေအတွက် ငွေကုန်ကြေးကျ ခံတာမျိုးတွေတော့ မတွေ့ရသေးပါဘူး။ ပြောရရင် ပညာရေးမှာ အဓိကကျတဲ့ သင်ကြားရေးဆိုင်ရာမှာ ပြုြုပင်ပြောင်းလဲရေး လုပ်မယ့် အစီအစဉ် ဘာတစ်ခုမှ မတွေ့ကြရသေးတာပါ။ အခြားတစ်ဖက်မှာတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ တစ်နေ့တစ်ခြား တိုးပွားလာတာကလည်း အစိုးရ စာသင်ကျောင်းစနစ် မပြည့်မစုံ၊ ယိုယွင်းနေသလို ဖြစ်နေတာကို ပြတဲ့ ပြယုဂ်လည်း ဖြစ်ခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၁,၆၀၀ နီးပါး၊ ကျောင်းသားကျောင်းသူ ၂ သိန်း ၇ သောင်းနီးပါး အထိ ရှိနေတယ်ဆိုရင် အစိုးရပညာရေး အခြေအနေ ဘယ်လောက် ကျဆင်းနေသလဲ ခန့်မှန်းနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စိတ်မကောင်းစရာ တစ်ခုက ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင် မျှော်မှန်းသလို မြန်မာ့ပညာရေးကို အမြစ်ကနေ တော်လှန်ပြောင်းလဲနိုင်ဖို့ ဝေးလို့ မှန်ကန်တဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစပေါ်ကိုတောင် ရောက်မလာသေးပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG