သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုနဲ့ ပြည်နယ် အကြား သယံဇာတ စီမံခန့်ခွဲမှု ခွဲဝေရေး ဆွေးနွေး


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့ ။သတင်းဓာတ်ပုံ- မြန်မာငြိမ်းချမ်းရေးစင်တာ။ (ဇန်နဝါရီ ၁၄၊ ၂၀၁၆)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယနေ့ ။သတင်းဓာတ်ပုံ- မြန်မာငြိမ်းချမ်းရေးစင်တာ။ (ဇန်နဝါရီ ၁၄၊ ၂၀၁၆)

တတိယနေ့အဖြစ် ဆက်ပြီး ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင်း မှာတော့ ဗဟိုအစိုးရနဲ့ ပြည်နယ်တိုင်း အစိုးရတွေအကြား ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အချိုးအစားတွေနဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ သဘာ၀ သဃံဇာတ ခွဲဝေရေးမှာ သက်ဆိုင်ရာပြည်နယ်တိုင်းတွေဖက်က ၇၀ ရာခိုင်နှုန်း ခံစားခွင့်ရဖို့ တိုင်းရင်းသားတွေဘက်က တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးချက်တွေကို စုစည်းပြီး လာမယ့် အစိုးရသစ် လက်ထက်မှာ ပြည်ထောင်စု လွှတ်တော်ကို တင်ပြ အတည်ပြုသွားမယ်လို့လည်း ကိုယ်စားလှယ်တွေ က ပြောပါတယ်။ ဗွီအိုအေ ရန်ကုန်ရုံးက မမေခ စုံစမ်းမေးမြန်းထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယနေ့မှာ သဘာဝ သယံဇာတ ခွဲဝေရေးနဲ့ ပတ်သတ်ပြီး တိုင်း ပြည်နယ်နဲ့ ဗဟိုအစိုးရ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အချိုး၊ ခံစားခွင့် အချိုးတွေနဲ့ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့ တိုင်းရင်းသားတွေကပြောပါတယ်။ ဒီမှာ တိုင်းရင်းသားတွေဘက်က သက်ဆိုင်ရာ ပြည်နယ် တိုင်း ရပိုင်ခွင့် ကို ရာခိုင်နှုန်း ၇၀ ခံစားခွင့်ရဖို့တင်ပြလာပြီး ဗဟိုအစိုးရကို ကျန် ရာခိုင်နှုန်း ခံစားဖို့ တင်ပြမှုတွေလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ဒီကနေ့ ညီလာခံမှာ လယ်ယာနဲ့သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲခြင်းနဲ့ ခွဲဝေခြင်းမှာ သဘာပတိအဖြစ် တာဝန်ယူလုပ်ဆောင်ခဲ့တဲ့ ချင်းတိုးတက်ရေးပါတီ မှ ဦးနိုထန်ကပ်ကတော့ ဒီကနေ့ဆွေးနွေးဖြစ် တာကို အခုလိုပြောပါတယ်။

" အထူးသဖြင့် တိုင်းရင်းသားဘက်က နေကတော့ သဘာဝ သယံဇာတ ထုတ်ကုန် အကျိုးအမြတ်တွေကို သက်ဆိုင်ရာ ပြည်နယ်တွေမှာ ၇၀% ၊ နောက်ပြည်ထောင်စု အစိုးရမှာ ၃၀% အဲ့သလိုမျိုး ခွဲရင်ကောင်းမလားပေါ့။ သက်ဆိုင်ရာ ပြည်နယ်က ထွက်လာတဲ့ သယံဇာတတွေပေါ့။ ဒါတွေကို ရောင်းလို့ရတဲ့ အကျိုးအမြတ် ခွဲယူဖို့တင် မဟုတ်ပဲနဲ့ အဲ့ဒီ့မှာ လုပ်ပိုင်ခွင့်တွေကိုလည်းပဲ ပြည်ထောင်စုက မကိုင်တော့ပဲနဲ့ သက်ဆိုင်ရာ ပြည်နယ် ဒါမှမဟုတ် တိုင်းဒေသကြီး လက်ထဲမှာဆိုရင် ပိုသင့်တော် တယ်ပေါ့။ အဓိကအားဖြင့် ဒါတွေပါပဲ။ အစိုးရဘက်က လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား(၂) မှာ ပြဋ္ဌာန်းထားတဲ့ တိုင်းဒေသကြီးနှင့် လုပ်ငန်း၊ ဒါကို အခြေခံ ထားပြီးတော့ ဒီဟာတော့ ထပ်ဆင့်ပြင်ဆင်သင့်တယ်ပေါ့။ ဒါပေမဲ့ တိုင်းပြည် အတွင်းက အခြားအဖွဲ့အစည်းတွေ တင်ပြသလောက်တော့ နည်းနည်း သိပ်မများဘူးပေါ့လေ။ "

ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံမှာအစိုးရနှင့် လွှတ်တော်အစိုး ရအဖွဲ့မှ ကိုယ်စားလှယ် ၇၀ကျော်နဲ့ ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက် ကိုင်၊ နိုင်ငံရေးပါတီတို့ မှ အယောက် ၂၀၀ နီးပါးတို့က ဦးစီးပြီး အစုကြီး ငါးစုအ ဖြစ် သတ်မှတ်၍ သီးခြားစီဆွေး နွေးနေကြတာပါ။ ဒီပြင် ပါဝင်သင့်ပါဝင် ထိုက်သူများနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်များကိုလည်း အစု နှစ်ခုအဖြစ် သတ်မှတ်၍ သီးခြား စီဆွေးနွေးကြတယ်လို့ တက်ရောက်တဲ့ ကိုယ်စားလှယ်တွေကပြောပါတယ်။

ဆွေးနွေးတာမှာ ကဏ္ဍ ၅ခုကိုဆွေးနွေးခဲ့ကြပြီး နိုင်ငံ ရေးကဏ္ဍမှာ ဖက်ဒရယ်စနစ်မှာ အခြေခံတဲ့ မူတွေ၊ စီးပွား ရေးကဏ္ဍမှာ အခွန်ကောက်ယူ ခြင်း၊ ပြန်လည် ခွဲဝေခြင်းတွေ ၊ လုံခြုံ ရေး ကဏ္ဍမှာ ကာကွယ် ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံသည့် မူတွေ၊ လူမှုရေး ကဏ္ဍမှာ အိုင်ဒီပီများနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ ၊ သဘာ၀ ပတ်ဝန်းကျင် ကဏ္ဍမှာတော့ သယံဇာတစီမံခန့်ခွဲခြင်းနဲ့ ခွဲဝေခြင်းဆိုင်ရာ ကိစ္စရပ်တွေကို၊ သီးခြားစီသဘောထားအမြင်များကို ဆွေး နွေးကြတယ်လို့ ကိုယ်စားလှယ်တွေကပြောပါတယ်။

ဒီညီလာခံဟာ အမြင်သဘောထားတွေစုစည်းမှု သပ်သပ်သာဖြစ်ပြီး ဆုံးဖြတ်ချက်ချဖို့ မဟုတ်ပါဘူး။ ဆွေးနွေးတာမှာ ရရှိလာတဲ့ အစုအဖွဲ့အသီးသီးကတင်ပြချက်တွေကို စုစည်းပြီး နောင် တက်လာမယ့် အစိုးရက ဆက်လက် လုပ်ဆောင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်ကို တင်ပြသွားမယ်လို့ ရခိုင် အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောပါတယ်။ ဒီကနေ့ဆွေးနွေးမှုအပေါ် သူက ခုလိုပြော ပြပါတယ်။

"လောလောဆယ်က ဘာမှ ဆုံးဖြတ်လို့ မရသးဘူး။ တင်ပြချက်တွေကိုပဲ စုစည်းတဲ့ အနေအထားပဲ ရှိပါတယ်။ ပြည်ထောင်စု အစိုးရ၊ ပြည်နယ် တိုင်းဒေသကြီး အစိုးရ အဲ့ဒီ့နှစ်ရပ်ကို ဘယ်လို အာဏာ ခွဲဝေပေးမလဲ။ ပြည်ထောင်စုအစိုးရရဲ့ ဥပဒေပြုမှု၊ ပြည်နယ် တိုင်းဒေသကြီး အစိုးရရဲ့ ဥပဒေပြုမှု၊ ပူးတွဲ ဥပဒေပြုမှု၊ ဒါမျိုးတွေပေါ့နော်။ ကြွင်းကျန်တဲ့ အာဏာကို ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီး အစိုးရကို ပေးမယ်ဆိုတာမျိုးပေါ့နော်။ အဓိကကတော့ ဘယ်လို အာဏာခွဲဝေပြီးမှ ပြည်ထောင်စုကြီးကို ပိုပြီး အေးချမ်းတည်ငြိမ်မှု ရှိအောင် ဆောင်ရွက်မလဲ အဲ့ဒီ့အပိုင်းတွေကို တဆက်တည်း ဆွေးနွေးကြတယ်လို့ ယူဆရပါတယ်။ မနက်ဖြန် တရက်ထပ်ဆွေးနွေးမယ် ဒီကဏ္ဍကြီးတွေကိုပဲ ဆက်ဆွေးနွေးသွားမယ်လို့ ကြားပါတယ်။ "

ဒီကနေ့ဆွေးနွေးနေတဲ့ ခေါင်းစဉ် ကဏ္ဍကြီး ၅ခုကိုဘဲ မနက်ဖန်မှာ ဆက်လက်ဆွေးနွေး သွားမှာပါ။ လာမယ့် စနေနေ့ ညီလာခံ နောက်ဆုံးနေ့မှာတော့ ကဏ္ဍကြီး ၅ခုကိုဆွေးနွေးတင်ပြချက်အဆို တွေကိုစုစည်းသွားမှာ ဖြစ်တယ်လို့ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေကပြောပါတယ်။ အမြင်သဘောသား အသီးသီးကို တင်ပြနေတာ ဖြစ်တာကြောင့် အခက်အခဲတစုံတရာ မရှိသလို ငြင်းခုံရတာတွေလည်း မရှိသေးဘူးလို့ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

XS
SM
MD
LG