သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြင့်


 နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ (သတင်းဓါတ်ပုံ-MOI)
နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲ (သတင်းဓါတ်ပုံ-MOI)

လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရသက်တမ်းတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေနဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းခဲ့သလို နောင်တက်လာမယ့် အစိုးရသစ်လက်ထက်မှာလည်း မပြီးသေးတဲ့လုပ်ငန်းစဉ်တွေကို ဆက်ပြီး အကောင်အထည်ဖော်ဖို့ ရအောင် လူမျိုးစွဲ၊ ဝါဒစွဲမထားပဲ ကျရာအခန်းကဏ္ဍကနေ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ သူ့ရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲမှာ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ သမ္မတ ဦးသိန်းစိန် တာဝန်က အနားမယူခင်အချိန်မှာပဲ သူ့သမ္မတ သက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ဖော်ဆောင်နိုင်ရေး ကဏ္ဍပေါင်းစုံက စွမ်းဆောင်ရည်မြင့်တင်ပေးခဲ့တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို နိုင်ငံစွမ်းဆောင်ရည် ဆုတွေ ကို ဒီကနေ့ နေပြည်တော်မှာ ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ပွဲ အသေးစိတ် မဆုမွန်က တင်ပြပေးပါမယ်။

ဒီကနေ့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၉ရက်နေ့ အင်္ဂါနေ့မှာတော့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ရဲ့ နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာနမှာ ကျင်းပခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က တပ်မတော်ဦးဆောင်တဲ့ အစိုးရကနေ ဒီမိုကရေစီနည်းကျရွေးချယ်တင်မြှောက်တဲ့ အရပ်သားအစိုးရ အသွင်ကူးပြောင်းချိန်နိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံက ဝိုင်းဝန်းကြိုးပမ်းပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပေးရတဲ့အကြောင်း အခုလိုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

“ကျနော်တို့အစိုးရအနေနဲ့ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်နေ့က စပြီး တပ်မတော်ဦးဆောင်တဲ့အစိုးရကနေ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အစိုးရ၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်၊ လက်နက်ကိုင် ပဋိပက္ခကနေ ထာဝရ ငြိမ်းချမ်းရေးရရှိတဲ့ အခြေအနေများအဖြစ် ပြောင်းလဲနိုင်အောင် ရည်မှန်းချက်များထားပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီလို ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်တဲ့နေရာမှာ ထူးခြားချက်ကတော့ တခြားသော ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့ နိုင်ငံအများစုလို နိုင်ငံရေးစနစ် တခုတည်း ပြောင်းလဲခဲ့ရတာ မဟုတ်ပဲ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ ပုဂ္ဂလိက ကဏ္ဍ ၄ ခုမှာ တပြိုင်တည်း ပြောင်းလဲဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် သိသာထင်ရှားတဲ့ အောင်မြင်မှုများကို ဖော်ဆောင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းများကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို စွမ်းဆောင်ရည်ဆုများကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။”

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆုယူနေစဉ် (Photo-MOI)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဆုယူနေစဉ် (Photo-MOI)

ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်ကာကွယ်ရေး ကြိုးပမ်းခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် စီးပွားရေးပိတ်ဆို့မှုတွေကို ပယ်ဖျက်နိုင်အောင် ကြိုးစားခဲ့သူတွေ ကြွေးမြီပြဿနာတွေကို ပြေလည်အောင် ဝိုင်းဝန်းဖြေရှင်းပေးသူတွေ စသဖြင့် လူပုဂ္ဂိုလ် အဖွဲ့အစည်း ၃၀ကျော်ကို ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလိုရှင်းပြပါတယ်။

“ဒီနေ့ပေးတဲ့အထဲမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ အဖွဲ့တွေလေ၊ အဲဒီထဲမှာတော့ အဖွဲ့ဝင်တွေ အနေနဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော် အရာရှိကြီးတွေ ပါပါတယ်ခင်ဗျ။ သူတို့ကိုလည်း နိုင်ငံတော်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေး၊ တည်ငြိမ်ရေးအတွက်ကို ကြိုးစားဆောင်ရွက်သူများဆိုတဲ့အနေနဲ့ ဆုပေးတာလည်း တွေ့ပါတယ်။ အဲဒီလိုပဲ မြန်မာ National Air ကိုလည်း သူတို့ပေးတာမျိုး၊ နောက်ပြီး sanction ကနေပြီးတော့ လွတ်အောင်ဆောင်ရွက်တဲ့အဖွဲ့တွေ ကိုပေးတာတွေ့တယ်။ အဲလိုပဲ ကျနော်တို့နိုင်ငံရဲ့ကြွေးမြီ တွေကို ကြိုးစားပြီးတော့ ရှင်းပေးခဲ့တဲ့ဟာ၊ နောက်ပြီးတော့ EITI လိုမျိုးကို အကောင်အထည်ဖော်ပေးတာ၊ အဲလိုမျိုးပေါ့နော်။ တနိုင်ငံလုံးနဲ့ခြုံပြီးတော့ ဆောင်ရွက်တဲ့ လုပ်ငန်းတွေပေါ်မှာ ပေးတာပါပဲ။ အားလုံးကတော့ တယောက်တည်းကို ပေးတာမဟုတ်ဘဲ အဖွဲ့လိုက်တွေကို ပေးတာပါ။ ဒီနှစ်ကတော့ ထူးထူးခြားခြားတွေ့ရပါတယ်။ သမ္မတကြီး ဦးသိန်းစိန် တာဝန်မပြီးဆုံးခင်မှာ ဆောင်ရွက်ခဲ့တဲ့ဟာတွေအားလုံးကို ခြုံပြီးတော့ ပေးတယ်လို့ ယူဆပါတယ်။”

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံနိုင်ရေး၊ အာဆီယံဥက္ကဋ္ဌ တာဝန်ယူနိုင်ရေးကြိုးပမ်းပေးခဲ့တာ၊ အေရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပနိုင်ရေး အပါအဝင် သမ္မတပညာသင်ဆု၊ တက္ကသိုလ်အဆင့်မြှင့်ရေး၊ ရှေးဟောင်းအဆောက်အဦးများ ထိန်းသိမ်းနိုင်ရေးအပါအဝင် ငြိမ်းချမ်းရေးဖော်ဆောင်ပေးခဲ့သူတွေကိုလည်း ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲမှာ သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်သည့်အဖွဲ့ကို ဂုဏ်ပြုခဲ့တဲ့အထဲ နိုင်ငံသားတာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ခဲ့သူအဖြစ် ကိုယ်တိုင် နိုင်ငံစွမ်းဆောင်ရည်ဆုချီးမြှင့်ခံရသူဖြစ်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“ ၅ နှစ်တာ အတွင်းမှာပေါ့လေ၊ စုစုပေါင်း ၃၃ ဆု ပေးတာကိုတွေ့တယ်ခင်ဗျ။ အဲဒီအထဲမှာ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်သူများဆိုပြီးတော့ ဆု ၁ ဆုပေးပါတယ်။ ကျနော်တို့ရဲ့နိုင်ငံသား တာဝန်အပြင်၊ ကျနော်တို့ ငြိမ်းချမ်းရေးမှာ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ခဲ့တာဆိုတော့ ဒီနေ့ဆုရတာကို ဝမ်းလည်း ဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် ငါးနှစ်တာကာလအတွင်း စစ်မှန်တဲ့ ဒီမိုကရေစီပန်းတိုင်ကို ရောက်အောင် လမ်းကြောင်းပေါ် တင်ပေးနိုင်ခဲ့သလို နောက်တက်လာမယ့် အစိုးရသစ်လက်ထက် ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရေး မပြီးပြတ်သေးတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လက်ပြီး ဝိုင်းဝန်း အကောင်အထည်ဖော်ပေးကြဖို့ကိုလည်း သမ္မတဦးသိန်းစိန်က တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရဲ့ နိုင်ငံစွမ်းဆောင်ရည်ဆု ချီးမြင့်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ဒုသမ္မတနှစ်ဦးအပါအဝင် အစိုးရအဖွဲ့ဝင်တွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသစ် ဒုဥက္ကဋ္ဌနဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌသစ် ဒုဥက္ကဋ္ဌနဲ့ ပြည်နယ်နဲ့တိုင်းအသီးသီးက ဝန်ကြီးချုပ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

XS
SM
MD
LG