သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသတင်းထောက် ဆုပေးရေး ကော်မတီ ဖွဲ့စည်း


မြန်မာသတင်းထောက် ဆုပေးရေး ကော်မတီ ဖွဲ့စည်း
မြန်မာသတင်းထောက် ဆုပေးရေး ကော်မတီ ဖွဲ့စည်း

နှစ်စဉ်ချီးမြှင့်သွားမယ့် အမျိုးသားအဆင့် အကောင်းဆုံး သတင်းဆု အပါအဝင် တခြားဆုတွေအတွက် ဆုရွေးချယ်ရေး ကော်မတီတရပ်ကို မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အပါအဝင် လွတ်လပ်တဲ့ သတင်းစာ ဆရာကြီးတွေ၊ စာပေစိစစ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ဒီကနေ့ ဖွဲ့စည်းလိုက်ပါတယ်။ လောလောဆယ်တော့ ဒီကော်မတီက ဘယ်လိုမူဝါဒတွေနဲ့ ဆုတွေကို ရွေးချယ်ပေးသွားမယ် ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။ အပြည့်အစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြထားပါတယ်။

စာပေလွတ်လပ်ခွင့် အဆိုးဆုံးနိုင်ငံ စာရင်းဝင်လို့ လူသိများတဲ့ မြန်မာနိုင်ငံမှာ သတင်းနဲ့ ဆက်စပ်တဲ့ ဆုတွေ ပေးမယ့် အစီအစဉ်ဟာ အခုတကြိမ် ပထမဆုံး ဖြစ်ပါတယ်။ ဆုရွေးချယ်ရေး ကော်မတီကို ဒီကနေ့မှာပဲ ဖွဲ့စည်းလိုက်တာပါ။

ကော်မတီဥက္ကဋ္ဌ သတင်းစာဆရာကြီး မောင်ဝံသက ဆုတွေအပေါ် မူတည်ပြီး သတင်းလွတ်လပ်ခွင့် ဘယ်လောက်ရှိမယ်ဆိုတာ တိုင်းတာဖို့ လိုတယ်လို့ ဆိုပါတယ်။

“ဟုတ်ပါတယ်၊ ဒီအခွင့်အရေး ဆိုတာကတော့ အစိုးရက သီးခြားပေးတဲ့ဆုမျိုး မဟုတ်ဘူးလေ။ ကျနော်တို့က အမျိုးသား သတင်းဆု ကော်မတီဆိုပြီး ဖွဲ့တယ်၊ ရန်ပုံငွေလည်း ကိုယ့်ဘာသာကိုယ် ရှာကြမယ်။ ဆုကိုလည်း ထိုက်ထိုက်တန်တန် ပေးမယ်ဆိုတော့ ကျနော်တို့က ပေးတဲ့ သတင်းဆုရတဲ့ ပုဂ္ဂိုလ်တွေက ဘာပဲပြောပြော အဲဒီ ထိုက်တန်တဲ့ သတင်းမျိုးပေါ့ဗျာ၊ တိုင်းပြည်က လက်ခံတဲ့ သတင်းရေးတဲ့ ပုဂ္ဂိုလ်တွေပဲ ရမှာပဲ။ အဲဒီတော့ ကျနော်တို့ပေးတဲ့ ဆုတွေမှာ ကြည့်ပြီးတော့မှ ကျနော်တို့ရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ၊ အတိုင်းအတာကို လေ့လာလို့ရမယ် ထင်ပါတယ်။”

အစိုးရသစ် တက်လာချိန်ကစပြီး စာပေစိစစ်ရေး မူဝါဒတချို့ ပြောင်းလဲတာတွေ၊ စာနယ်ဇင်းကဏ္ဍကို စတုတ္ထမဏ္ဍိုင် အနေနဲ့ အလေးအနက် ထားရမယ်လို့လည်း အစိုးရသစ်က ပြောဆိုလာတာပါ။ အခုဖွဲ့စည်းလိုက်တဲ့ ကော်မတီမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ စာပေစိစစ်ရေးက တာဝန်ရှိသူတချို့ ပါဝင်နေပေမဲ့ အစိုးရနဲ့ တိုက်ရိုက် မပတ်သက်ဘူးလို့ ဆရာ မောင်ဝံသက ဆိုပါတယ်။

“စာပေစိစစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ တာဝန်အရ ပါတာတော့ မရှိပါဘူး။ ဒါပေမဲ့ စာပေစိစစ်ရေးက ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ကလောင်နာမည် ရဲရင့်တင့်ဆွေ၊ နောက်တခါ အခုလက်ရှိ ညွှန်ကြားရေးမှူး ဦးမျိုးမြင့်မောင်၊ မျိုးမြတ်မြတ်မြင့်မောင် ဆိုပြီး ကဗျာတွေ၊ စာတွေလည်း ရေးပါတယ်။ သူတို့ကိုတော့ အမှုဆောင်ထဲမှာ ထည့်ထားတယ်။ ကျနော်တို့ ကော်မတီ လုပ်ငန်းတွေ လုပ်တဲ့အခါ သူတို့လည်း တွဲသိကြမှာပေါ့လေ။ တခါတည်း သိသွားအောင် ဆိုပြီးတော့၊ ဒါပေမဲ့ စာပေစိစစ်ရေးရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ ပါတာ မဟုတ်ပါဘူး။”

ဆုတွေအတွက် အရည်အသွေး သတ်မှတ်ချက်နဲ့ ပတ်သက်လို့ တိကျတဲ့ စံချိန်စံညွှန်းတွေ မရှိသေးပေမဲ့ ဝါရင့် စာနယ်ဇင်း သမားကြီးတွေ၊ ပညာရှင်တွေကို သတင်းဆု စိစစ်ရွေးချယ်ပေးဖို့အတွက် အကူအညီ တောင်းခံမှာ ဖြစ်တဲ့အတွက် ဆုရွေးချယ်ရေးအဖွဲ့ဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်မယ်လို့ ကော်မတီက ယုံကြည်နေပါတယ်။

ကော်မတီဖွဲ့တဲ့ အဆင့်ပဲ ရှိတာမို့ ဆုရွေးချယ်ရေး မူဝါဒတွေကို မသတ်မှတ်ရသေးဘူးလို့ မြန်မာနိုင်ငံ စာပေနဲ့ စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကိုက ဆိုပါတယ်။

“ဆုရွေးချယ်ရေးနဲ့ ပတ်သက်လို့ အမျိုးသား သတင်းဆု စိစစ်ရွေးချယ်ရေး အဖွဲ့တရပ်ကို ဝါရင့် စာနယ်ဇင်း ပညာရှင်ကြီးများနှင့် ဖွဲ့စည်းရန် ဆောင်ရွက်လျက် ရှိပါသည်။ ကျနော်တို့ ဖွဲ့စည်းပြီး ဆောင်ရွက်မှာ၊ Independent သတင်းစာ ဆရာကြီးတွေနဲ့ စိစစ် ရွေးချယ်ရေးအဖွဲ့ ဖွဲ့မှာ။ ခင်ဗျားပြောတဲ့ ဆုတွေ ဘယ်လိုပုံစံမျိုးတွေ လာမလဲ၊ ဘာဆုတွေ ပါမလဲ၊ ဘယ်လိုမူနဲ့ ရွေးမလဲ ဆိုတာကတော့ ဒီနေ့မှ ကျနော်တို့ ကော်မတီ ဖွဲ့တာဗျ။ ကော်မတီက ထပ်ပြီးတော့ ဆွေးနွေးမှာ။”

ဆုတွေကတော့ သတင်းဆု၊ သတင်းဆောင်းပါးဆု၊ အာဘော်ဆောင်းပါးဆု၊ သတင်းဓာတ်ပုံဆုနဲ့ သတင်းကာတွန်းဆုတို့ ဖြစ်ပါတယ်။ ဆုတွေ ချီးမြှင့်မယ် ဆိုပေမဲ့ ရွေးချယ်မယ့် မူဝါဒရှိဖို့ လိုတယ်လို့ ပြည်တွင်း သတင်းအယ်ဒီတာ တယောက်က ဆိုပါတယ်။

“လုပ်ပေးတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီဟာက မှန်မှန်ကန်ကန်နဲ့ ရွေးပေးဖို့ရယ်၊ နောက် ဘယ်လိုစံတွေနဲ့ ရွေးပေးမလဲ၊ အဲဒီဟာတွေ သတ်မှတ်ပြီးတော့ ဒါတွေကို ထုတ်ပြန်ပေးသင့်တယ်လို့ ကျနော် ထင်တယ်လေ။ အဲဒီလိုမဟုတ်ပဲ ရှင်းရှင်းလင်းလင်း မကျတဲ့ အခါကျတော့ ဘယ်လိုစံနဲ့ ရွေးမှန်း၊ ဘာကြောင့်ရွေးမှန်း မသိရဘဲနဲ့တော့ ဒီဟာကြီးက။”

စောစောပိုင်းကတော့ ဦးကျော်ရင်မြင့်၊ ဦးရဲနိုင်မိုး အပါအဝင် စာနယ်ဇင်းသမား တချို့က အလားတူ ဆုချီးမြှင့်မယ့် အစီအစဉ်တွေ ရှိခဲ့ပေမဲ့ စာပေစိစစ်ရေးကပါ ပူးပေါင်း လုပ်ဆောင်လိုတဲ့အတွက် အစီအစဉ် ပျက်သွားခဲ့ပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ ကော်မတီဟာ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေးနဲ့ စာနယ်ဇင်း ကျင့်ဝတ်တွေအတွက် တိကျ သတ်မှတ်တဲ့ ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့လည်း လွှတ်တော် အဆင့်ဆင့်က တင်ပြ ပြောဆိုသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG