သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား သတင်းဆု ဖြစ်မြောက်ရေး ကော်မတီ တိုးချဲ့ဖွဲ့


အမျိုးသား သတင်းဆု ဖြစ်မြောက်ရေး ကော်မတီ တိုးချဲ့ဖွဲ့
အမျိုးသား သတင်းဆု ဖြစ်မြောက်ရေး ကော်မတီ တိုးချဲ့ဖွဲ့

မြန်မာနိုင်ငံထဲက သတင်းသမားတွေအတွက် ရွေးချယ်ချီးမြှင့်မယ့် အမျိုးသား သတင်းဆု (National Press Award) ရဲ့ ကော်မတီကို တိုးချဲ့ ဖွဲ့စည်းလိုက်သလို အကဲဖြတ် ရွေးချယ်ရေး အဖွဲ့ကိုလည်း ဒီကနေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။ အမျိုးသား သတင်းဆု ကော်မတီထဲမှာသာ စာပေစိစစ်ရေးနဲ့ စာပေ စာနယ်ဇင်းက တာဝန်ရှိသူတွေ ပါတာဖြစ်ပြီး ဆုအကဲဖြတ်ရေး အဖွဲ့မှာတော့ ဝါရင့် သတင်းစာဆရာတွေ၊ ဝါရင့် စာပေပညာရှင်တွေနဲ့ပဲ လွတ်လပ်စွာ ရွေးချယ်မှာ ဖြစ်တယ်လို့ ဆုဖြစ်မြောက်ရေး ကော်မတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြည်တွင်းက စာနယ်ဇင်း သတင်းသမားတွေအတွက် နှစ်စဉ် ဆုတခုကို ချီးမြှင့်ပေးသွားဖို့ အမျိုးသား သတင်းဆု ကော်မတီထဲမှာ မဂ္ဂဇင်းနဲ့ သတင်းဂျာနယ်တွေက အယ်ဒီတာချုပ်တွေ၊ တာဝန်ခံ အယ်ဒီတာတွေအပြင် ထုတ်ဝေသူတွေနဲ့အတူ ပြီးခဲ့တဲ့ သြဂုတ်လထဲမှာ အဖွဲ့ဝင် ၂၀ နဲ့ ဖွဲ့စည်းခဲ့ပြီး ဒီကနေ့မှာတော့ နောက်ထပ် အဖွဲ့ဝင် ၁၂ ယောက်နဲ့ အဖွဲ့ဝင် ၃၂ ဦးပါ ကော်မတီကို ထပ်မံတိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။

တခါ ဝါရင့် သတင်းစာဆရာကြီးတွေ၊ ဝါရင့် စာပေပညာရှင် ၃၄ ယောက်နဲ့လည်း ဆုရွေးချယ်ရေး ကော်မတီ တရပ်ကိုလည်း ဒီကနေ့မှာပဲ ဖွဲ့စည်းလိုက်ပါတယ်။ ဒီသတင်းဆုဟာ မြန်မာနိုင်ငံမှာ ၁၉၆၄ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သတင်းသမားတွေကို စတင်ချီးမြှင့်မယ့် ဆုတခုလည်း ဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်းမှာရှိတဲ့ သတင်းသမားတွေ အထူးသဖြင့်တော့ မျိုးဆက်သစ် လူငယ် သတင်းထောက်တွေအတွက် အားပေးမှုတခု ဖြစ်အောင်လို့ စီစဉ်တာ ဖြစ်တယ်လို့ ဆုဖြစ်မြောက်ရေး ကော်မတီက ဆိုပါတယ်။

အခု အမျိုးသား သတင်းဆုထဲက ကော်မတီထဲမှာသာ စာပေ စာနယ်ဇင်းနဲ့ စာပေစိစစ်ရေးက တာဝန်ရှိသူတချို့ ပါဝင်မှာ ဖြစ်ပေမဲ့ အကဲဖြတ် ဆုရွေးချယ်ရေး အဖွဲ့မှာတော့ ဘယ်အဖွဲ့အစည်းရဲ့ သြဇာသက်ရောက်မှုမှ မရှိဘဲ လွတ်လပ်စွာ ရွေးချယ် လုပ်ဆောင်မှာ ဖြစ်တယ်လို့ အခု ဆုဖြစ်မြောက်ရေး ကော်မတီက တာဝန်ရှိသူ တဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသက ပြောပါတယ်။

“အခုအချိန်ထိကတော့ ကျနော် အဲဒီလို အာမခံချက် ရတဲ့အတွက် ကျနော် ပါဝင်ပြီးတော့ လုပ်တာပါ။ သက်ဆိုင်ရာ သြဇာလွှမ်းတာတို့၊ ပါဝင်စွက်ဖက်တာတို့ မရှိဖို့ကတော့ ကျနော့်ကို အဲဒီလို အာမခံချက်လည်း ပေးပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ အများကဲ့ရဲ့စရာ မဖြစ်အောင် မှန်မှန်ကန်ကန်နဲ့ ဖြောင့်ဖြောင့်မတ်မတ် လုပ်သွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။

“အမျိုးသား သတင်းဆု ကော်မတီ အနေနဲ့ကတော့ စာပေနဲ့ စာနယ်ဇင်း အဖွဲ့က ကူညီပံ့ပိုးတယ်။ ရုံးလုပ်ငန်းတွေကို အကူအညီပေးတယ်။ ကျနော်တို့ အစည်းအဝေးတွေ ဘာတွေ လုပ်ဖို့အတွက် အစည်းအဝေးခန်း နေရာပေးမယ်။ အဲဒီက ရုံးအဖွဲ့ဝင် အင်အားတွေနဲ့ အကူအညီပေးမယ်။ လုပ်သင့်လုပ်ထိုက်တယ်၊ နောက် ဒီအချိန်မှာ ကျနော်တို့က ဒီလုပ်ငန်းကို အစပျိုးသင့်တယ်၊ ကျနော်တို့က အစပျိုးတဲ့ အတွက်ကြောင့်မို့ ကျနော်တို့ ချို့ယွင်းတာတွေလည်း ရှိနိုင်တယ်၊ အားနည်းတာတွေ ရှိနိုင်တယ်။ ဒါပေမဲ့ ဒါတွေကို တဖြည်းဖြည်းနဲ့ ကြည့်ပြီးတော့ ပြင်သွားမယ်။ ဒီလိုပဲ ကျနော်တို့ ကြိုးစားထားပါတယ်။”

ပြည်တွင်းက မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေမှာ ထုတ်ေ၀ ဖော်ပြပြီးသမျှ သတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ ဓာတ်ပုံတွေ အားလုံး ဝင်ရောက် ယှဉ်ပြိုင်နိုင်သလို နောက်ဆုံး အစိုးရထုတ် သတင်းစာထဲက ဆောင်းပါးတွေလည်း ပါဝင်နိုင်တယ်လို့ ဆိုသလို ဆုအမျိုးအစား ၅ မျိုးနဲ့ နှစ်စဉ် ချီးမြှင့်သွားမယ်လို့လည်း ပြောပါတယ်။

“အကောင်းဆုံး သတင်းဆု၊ အကောင်းဆုံး အာဘော် ဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆု၊ အကောင်းဆုံး သတင်းကာတွန်းဆု ဆိုပြီးတော့ ဆု ၅ ဆု သတ်မှတ်ထားပါတယ်။ ပြည်တွင်းမှာထုတ်တဲ့၊ ပုံနှိပ်ဖော်ပြတဲ့ စာနယ်ဇင်း၊ အဲဒီအထဲက ရွေးမှာပါ။

“အခုဆိုရင် အစိုးရသတင်းစာ ၂ စောင်ရှိတယ်။ အစိုးရ သတင်းစာတွေထဲကလည်း ကျနော်တို့က တကယ်ကို ပေးသင့်ပေးထိုက်တဲ့ သတင်းဆောင်းပါးတို့ ဘာတို့ပေါ့လေ၊ တိုင်းပြည်အတွက် အင်မတန် အကျိုးရှိမယ့် သတင်းဆောင်းပါး၊ ဒါမှမဟုတ် သတင်းပီသတဲ့၊ တကယ့်ကို အဆင့်အတန်းမီတဲ့ သတင်းမျိုးဆိုရင် ကျနော်တို့က ပေးမှာပဲ။”

ဒီ အမျိုးသား သတင်းဆုကို သတင်းသမားနဲ့ ဓာတ်ပုံဆရာတွေ ကိုယ်တိုင် အဆိုပြု တင်နိုင်သလို စာဖတ်သူ ပြည်သူတွေရဲ့ ရွေးချယ်မှု ဆန္ဒတွေနဲ့လည်း ရွေးချယ်သွားမှာ ဖြစ်တယ်လို့ ဆရာ မောင်ဝံသက ပြောပါတယ်။

“ပထမတမျိုးကတော့ စာဖတ်သူ ပြည်သူတွေက ဆန္ဒပေးတာ၊ အဲဒါ ကျနော်တို့ ဝက်ဘ်ဆိုက်တွေ ဘာတွေ လုပ်ထားမယ်၊ အဲဒီဝက်ဘ်ဆိုက်မှာ ဆန္ဒပေးလို့ရတယ်။ နောက် ကျနော်တို့ဆီကို ဆက်သွယ်ပြီးတော့ ဘယ်သတင်း၊ ဘယ်ဆောင်းပါးတွေကိုတော့ သူတို့ကြိုက်တယ် ဆိုပြီးတော့ ဆန္ဒပေးလို့ ရပါတယ်။

“ဒုတိယတမျိုးက သက်ဆိုင်ရာ စာနယ်ဇင်းတွေရဲ့ အဆိုပြုချက်ပေါ့၊ သူတို့အနေနဲ့ ဒီသတင်း၊ ဒီဆောင်းပါးတွေကို စဉ်းစားဖို့ ဆိုပြီးတော့ ကော်မတီကို လှမ်းပို့လို့ ရပါတယ်။ တတိယအချက်ကတော့ ကာယကံရှင် ဖန်တီးတဲ့ သတင်းထောက်တို့၊ ဓာတ်ပုံဆရာတို့ သူတို့ကနေပြီးတော့ ကိုယ်တိုင် အဆိုပြုတာတွေ လုပ်လို့ရပါတယ်။ ၃ မျိုး၊ ၃ နည်းပေါ့လေ။”

အမျိုးသား သတင်းဆု ဖြစ်မြောက်ရေး တာဝန်ခံထဲက တဦးဖြစ်တဲ့ စာရေးဆရာ မောင်ဝံသ ပြောပြခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် ဇန်နဝါရီလကစလို့ ဒီဇင်ဘာလကုန်အထိ တနှစ်စာ ထုတ်ဝေခဲ့တဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေကို ရွေးချယ်ပြီး ဆုပေးပွဲကိုတော့ နောင်နှစ် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဆုကြေးငွေကတော့ တဆုကို ကျပ်ငွေ ၁၀ သိန်း သတ်မှတ်ထားပြီး ဆုဖြစ်မြောက်ရေး ကော်မတီထဲကနေ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ ဖွဲ့စည်းပြီး ဒီဆုကြေးငွေ ရဖို့အတွက် ရန်ပုံငွေပွဲတွေလည်း လုပ်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG