သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် ၂ ဦး ၂၀၁၈ခုနှစ် Aubuchon သတင်းလွတ်လပ်ခွင့် ဆု ချီးမြှင့် ခံရ


ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံး
ဖမ်းဆီးခံ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုကျော်စိုးဦးနဲ့ ကိုဝလုံး

သတင်းလွတ်လပ်ခွင့် ကို အာဏာတည်မြဲရေးအတွက် ခြိမ်းခြောက်မှုလို့ ယူဆတဲ့ အစိုးရတွေရဲ့ ပစ်မှတ်ထားခံရတဲ့ သတင်းထောက်တွေ အပေါ် နှိပ်ကွပ်မှုတွေများပြားတဲ့ ဒီနှစ်မှာ National Press Club က ရိုက်တား သတင်းထောက် ၂ ဦးတို့ဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို သတင်းယူဖို့ ရှေ့တန်းမှာ ရုန်းကန်မှုအတွက် ၂၀၁၈ Aubuchon သတင်းလွတ်လပ်ခွင့် ဆုကို ချီးမြှင့်လိုက်ပါတယ်။

National Press Club ရဲ့ လာမယ့် ဆောင်းဦးပေါက်မှာ ကျင်းပမယ့် နှစ်ပတ်လည် အခန်းအနားမှာ ဒီဆုကို ချီးမြှင့်မှာ ဖြစ်ပါတယ်။ ၂၀၁ရ ဒီဇင်ဘာလ ၁၂ ရက်နေ့က ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦး ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ အရ အရေးယူခံထားရတာ ဖြစ်ပါတယ်။ သူတို့ သတင်းယူခဲ့တဲ့ ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦး အသတ်ခံရမှု သတင်းကို ရိုက်တာက မကြာသေးခင်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

National Press Club ရဲ့ ဥက္ကဌ Andrea Edney က သတင်းလွတ်လပ်ခွင့် ချိုးဖေါက်မှုတွေဟာ မြန်မာ၊ တူရကီနဲ့ မက်ဆီကိုတို့လို နိုင်ငံတွေမှာ တွေ့ရှိရတဲ့ အပြင် အမေရိကန်ပြည်ထောင်စုမှာတောင် မမျှော်လင့်ပဲ တွေ့ရှိနေရကြောင်း ပြည်သူတွေရဲ့ အခြေခံ အခွင့်ရေးတွေကို ထိန်းသိမ်း နိုင်ရေးဟာ အခုချိန်မှာ ပိုအရေးကြီးနေကြောင်းပြောပါတယ်။ ဒါ့အပြင် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လို သတင်းထောက်တွေရဲ့ ကြိုးပမ်းမှုတွေ ဟာ အရွေးကောက်ခံ အာဏာပိုင်တွေရဲ့ တာဝန်ယူမှုကို နိုင်ငံသားတွေ အနေနဲ့ တောင်းဆိုရာမှာ အရေးပါတဲ့ အထောက်အကူဖြစ်တဲ့ အကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရ အနေနဲ့ တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံ တည်ဆောက်လိုတယ်ဆိုရင် သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးတွေကို လေးစား လိုက်နာသင့်တယ်လို့လည်း National Press Club သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

Aubuchon သတင်းလွတ်လပ်ခွင့် ဆုဟာ သတင်းလွတ်လပ်ခွင့်နဲ့ ပွင့်လင်းတဲ့ အစိုးရဖြစ်ရေးအတွက် ရုန်းကန်ကြိုးပမ်းပေးသူတွေကို ဂုဏ်ပြုတာ ဖြစ်ပြီး နှစ်စဉ် ပြည်တွင်းနဲ့ နိုင်ငံတကာ ဆုရှင် တွေကို ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးကို ဒီလဆန်းမှာလည်း PEN America ၂၀၁၈ ခုနှစ်အတွက် PEN/ Barbey Freedom to Write ဆုပေးဖို့ ရွေးချယ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG