သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား


အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား
အမျိုးသား ပြန်လည်သင့်မြတ်ရေး တစည လိုလား

ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲမှာ အမတ်နေရာ စုစုပေါင်း ၆၄ နေရာ အနိုင်ရခဲ့တဲ့ တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် ပါတီအားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပြောပါတယ်။ အမျိုးသား ရင်ကြားစေ့ရေး ဖြစ်ပေါ်ဖို့ ဘယ်ပါတီ အဖွဲ့အစည်းနဲ့မဆို ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့် ရှိတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီးနောက် တစညပါတီကလည်း အခုလို ပြောလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ကိစ္စတွေအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ဘယ်လိုပါတီမျိုးနဲ့မဆို လက်တွဲ လုပ်ဆောင်ဖို့ သူ့ဘက်က အဆင်သင့်ရှိတဲ့ အကြောင်း နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီး နောက်ပိုင်း လူထုကို ပြောကြားတဲ့ မိန့်ခွန်းထဲမှာရော သတင်းဌာနတွေနဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းတွေမှာပါ ဒေါ်အောင်ဆန်းစုကြည်က အကြိမ်ကြိမ် ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ လွှတ်တော် ရွေးကောက်ပွဲတွေမှာ အမတ်နေရာ အများဆုံး အနိုင်ရခဲ့ပြီး အစိုးရဖွဲ့မယ်လို့ အများက မျှော်လင့်ထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒီကိစ္စနဲ့ ပတ်သက်လို့ တစုံတရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးပေမဲ့လည်း စစ်အစိုးရနဲ့ နီးစပ်မှု ရှိတယ်လို့ အများက ယူဆထားတဲ့ တစညပါတီကတော့ နိုင်ငံရေးပါတီတိုင်းကို လုပ်ဖော်ကိုင်ဘက်လို သဘောထားပြီး အမျိုးသား ရင်ကြားစေ့ရေးကိစ္စ အပါအဝင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောပါတယ်။

“ကျနော်တို့ပါတီ အနေနဲ့ ရှိနေတဲ့ နိုင်ငံရေး ပါတီတွေကို တန်းတူရည်တူ သဘောထားမယ်၊ ဒီနိုင်ငံရေး ပါတီတွေကလည်း အားလုံး ဒီမိုကရေစီ ခရီးလမ်းမှာ တလှေတည်းစီး၊ တခရီးတည်းသွားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်တယ် စသဖြင့်။ နောက်တခါ နိုင်ငံတော်ရဲ့ အကျိုးစီးပွား၊ တမျိုးသားလုံးရဲ့ အကျိုးစီးပွားအတွက် ဖြစ်လာမယ်ဆိုရင် ကျနော်တို့ပါတီ အနေနဲ့ကလည်း ဘယ်ပါတီနဲ့ဖြစ်ဖြစ် ပူးပေါင်းပြီး ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာ ကျနော်တို့ထားတဲ့ သဘောထား ရှိပါတယ်။

“တကယ်လို့ ရည်ရွယ်ချက် လုပ်ငန်း မတူရင်လည်း ကိုယ့်ပါတီ အသီးသီး ကိုယ့်ဘာသာ ဆောင်ရွက်သွားကြမယ်၊ တူညီတယ် ဆိုရင်တော့လည်း အားလုံး ပူးပေါင်းပြီးတော့ ဆောင်ရွက်ကြမယ်ဆိုတဲ့ သဘောထားဟာ ရှေးဦးမဆွကတည်းက ကျနော်တို့ပါတီ အနေနဲ့ ချမှတ်ထားတဲ့ နိုင်ငံရေး ပါတီတွေနဲ့ ပတ်သက်တဲ့ သဘောထား ဖြစ်ပါတယ်။ လောလောဆယ်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင်ပါတီ ဟုတ်တယ်၊ မဟုတ်ဘူး ဆိုတာကတော့ ကျနော်တို့လည်း ဥပဒေပညာရှင် မဟုတ်တော့ ပြောလို့မရတဲ့ အခြေအနေတော့ ရှိပါတယ်။”

တစညပါတီ အနေနဲ့လည်း ရွေးကောက်ပွဲနောက်ပိုင်း လုပ်ဆောင်ဖို့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေထဲမှာ အမျိုးသား ရင်ကြားစေ့ရေးကိစ္စ ပါဝင်တယ်လို့ ဦးဟန်ရွှွေက ဆက်ပြောပါတယ်။

“ကျနော်တို့မှာလည်း မူအနေနဲ့ကတော့ ကျနော်တို့ ပါတီက ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် ၃ ရပ် ချမှတ်ထားတာ ပထမလုပ်ငန်းက တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပေါ့ဗျာ၊ ကျနော်တို့က ဒီလို သုံးနှုန်းပါတယ်၊ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာလည်း အနှစ်သာရ အတူတူပါပဲ။ ကျနော်တို့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ခံယူပြီးတော့ ရွေးကောက်ပွဲအလွန် ကာလမှာ ဆောင်ရွက်မယ့် လုပ်ငန်းအဖြစ်နဲ့ ကျနော်တို့ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အတိအလင်း ဖော်ပြခဲ့ပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ပါတီရဲ့ သဘောထားက ပါတီစုံစနစ်ကို သွားမယ် ဆိုကတည်းက ပါတီစုံစနစ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးပါတီတွေ အပေါ်မှာ ထားတဲ့ သဘောထားကို ချမှတ်ထားပြီး ဖြစ်ပါတယ်။”

အမျိုးသား ရင်ကြားစေ့ရေးပဲပြောပြော၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ ပြောပြော တစညပါတီ အနေနဲ့ကတော့ ရှေ့လုပ်ငန်းစဉ်တွေမှာ ၂၀၀၈ ဖွဲ့စည်းပုံက ပြဋ္ဌာန်းထားတာတွေနဲ့အညီ ဆက်လုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ဦးဟန်ရွှွေက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဏ္ဍိုင်ထားပြီးတော့ သွားတဲ့ နိုင်ငံရေးကို လက်ခံတာကိုး။ လက်ခံတဲ့ အခါကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေက ထားတဲ့ လမ်းကြောင်းအတိုင်းပဲ လိုက်ပါ ဆောင်ရွက်သွားမယ့် အနေအထား ရှိတယ်လို့ ပြောချင်ပါတယ်။ သို့သော် တဘက်ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြည်သူက ဆန္ဒမဲပေးပြီး အတည်ပြုထားတော့ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဒီအနှစ်သာရက ရှိနေတာကိုး။ ရှိနေတော့ ကျနော်တို့က အဲဒီကို မဏ္ဍိုင်ပြုတဲ့ နိုင်ငံရေးပဲ သွားရလိမ့်မယ်လို့ ယူဆပါတယ်။”

ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အသစ် ခေါ်ယူတဲ့ အခါမှာတော့ တူညီတဲ့ လုပ်ငန်းတွေကို လွှတ်တော်အတွင်းမှာ ရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဦးဟန်ရွှွေက ပြောပါတယ်။

XS
SM
MD
LG