သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားပေါင်းစုံ ပါတီကြီးတစ်ခု တည်ထောင်မည်


တိုင်းရင်းသားနိုင်ငံရေးပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ဆွေးနွေးပွဲကို ဇွန်လ ၁၂ ရက်နေ့ ဗုဒ္ဓဟူးနေ့က တောင်ကြီးမြို့မှာ စတင်ကျင်းပပြီးတော့ ဒီဆွေးနွေးပွဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ ခုနှစ်မတိုင်ခင် နိုင်ငံရေး အင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးနဲ့ တိုင်းရင်းသားပါတီတွေ စုစည်းထားတဲ့ ပြည်ထောင်စုပါတီတရပ် ထူထောင်ရေးဆိုတာတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဆုံးဖြတ်ချက်တွေကိုတော့ ဒီကနေ့မှာ ဆက်လက်ဆွေးနွေးပြီးတော့ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော် က တင်ပြထားပါတယ်။

ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲမှာ အခုလို ပါတီသစ်တရပ် ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့် က အခုလို ပြေပါတယ်။

“တက်ရောက်တဲ့ ကိုယ်စားလှယ်အားလုံး ၆၂ ဦးစလုံးက ကန့်ကွက်မယ့်သူ မရှိဘူးခင်ဗျ။ အားလုံးက သဘောတူတယ်။ ကျနော်တို့ ၁၅ ပါတီထဲက ၁ ပါတီကို ကိုယ်စားပြု တက်ရောက်ခဲ့မယ်။ ၁ ပါတီကို ကိုယ်စားပြု ၁ ယောက်ထည့်ပြီးတော့ ၁၅ ဦးပြည့်တာနဲ့ ကျနော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း ကော်မရှင်ကို ကျနော်တို့ တင်မယ်။ ပါတီသစ်အဖြစ် တင်မယ်ပေါ့နော်။ ဇွန်လကုန်မှာ နောက်ဆုံး အားလုံးကို ကိုယ်စားလှယ်စာရင်း တောင်းခံထားပါတယ်ခင်ဗျ။ ဇူလိုင်လလယ်လောက်ဆို တင်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။”

ပါတီအသစ်မှာ ပါဝင်မယ်ဆိုရင် အဖွဲ့ဝင်ပါတီတွေက ကိုယ်စားလှယ်ဟာ မိခင်ပါတီက နှုတ်ထွက်ရမယ်၊ ဒါမှမဟုတ် အဖွဲ့ဝင်ပါတီတွေဟာ မူလ ပါတီဝင် မဟုတ်သူကိုလည်း ကိုယ်စားလှယ်အဖြစ် တင်သွင်းနိုင်တယ်လို့ ပြောပါတယ်။ လောလောဆယ်မှာတော့ ပါတီမူဝါဒ၊ ဖွဲ့စည်းပုံ စတာတွေကို မူကြမ်း ရေးဆွဲဖြန့်ဝေထားပြီး နောက်လအတွင်းမှာပဲ အတည်ပြု ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပါတီသစ် ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကိုတော့ ဦးစောသန်းမြင့်က အခုလို ဆက်ပြောပါတယ်။

“မြန်မာပြည်မှာ လောလောဆယ် အကြီးဆုံးပါတီ တစ်ခုထဲမှာဖြစ်အောင် ကျနော်တို့ လုပ်တယ်ပေါ့နော်။ ကျနော့်တိုင်းရင်းသားအားလုံးက ပြည်နယ်အားလုံးမှာ သူ့ပါတီ၊ ကိုယ့်ပါတီအားလုံး အင်အားကောင်းတယ်။ ပြည်မမှာ ကျနော်တို့က ပါတီမရှိဘူး။ ယှဉ်ပြိုင်မယ့်ပါတီ။ ပြည်မမှာ ယှဉ်ပြိုင်မယ်ဆိုရင် တခြားပါတီအောက်ကို သွားတယ်။ ကျနော်တို့ တိုင်းရင်းသားတွေက။ အဓိက ရည်ရွယ်ချက်က ပြည်မမှာ ကျနော်တို့ရှိတဲ့ တိုင်းရင်းသားအားလုံးကို စုစည်းပြီးတော့ ပြည်မမှာ ကျနော်တို့ ယှဉ်ပြိုင်မယ်။ နိုင်ငံတဝှမ်းလုံးကိုပေါ့နော်။ ယှဉ်ပြိုင်မယ့်ပါတီဖြစ်တယ်။ ညီနောင်ပါတီတွေရှိတဲ့ ပြည်နယ်တွေမှာတော့ ကျနော်တို့က မယှဉ်ဘူး။ ညီနောင်ပါတီတွေ မယှဉ်ပြိုင်မယ့် ကျန်တဲ့နေရာ အကုန်လုံးကို ကျနော်တို့က ကွက်လပ်မကျန်ပေါ့နော် အကုန်လုံး ယှဉ်ပြိုင်မယ်။ အဲ့လို ကျနော်တို့ အကုန်လုံး ရည်ရွယ်ချက်ထားတယ်ပေါ့။”

ပါတီ ရန်ပုံငွေကိုတော့ လက်ရှိအဖွဲ့ဝင် ၁၅ ပါတီက မတည်ငွေအဖြစ် ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။ အသစ်ဖွဲ့စည်းမယ့် ဖက်ဒရယ် ပြည်ထောင်စု ပါတီဝင်တွေကိုတော့ လူမျိုးမရွေး၊ ဘာသာမရွေး လက်ခံသွားမှာ ဖြစ်တယ် လို့လည်း ဦးစောသန်းမြင့် က ပြောပါတယ်။

“လူမျိုးမရွေး၊ ဘာသာမရွေး ပြည်မမှာရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ကျနော်တို့က လက်ကမ်းကြိုဆိုပါတယ်။ ဒါပေမဲ့ ကျနော်တို့က တိုင်းရင်းသားတွေ ဦးဆောင်ပြီးတော့ အမည်ခံပြီးတော့မှ လုပ်ထားတဲ့ ပါတီဖြစ်တယ်။ တချို့လူတွေက ကျနော်တို့က တိုင်းရင်းသား မဟုတ်ဘူးပေါ့။ တိုင်းရင်းသားဆိုတာ ပြည်နယ်မှာ နေတဲ့ဟာ တိုင်းရင်းသား။ ပြည်မဆိုတာ တိုင်းရင်းသားမဟုတ်ဘူး။ ဗမာပဲဆိုတဲ့ အယူအဆမျိုးတွေလည်း တချို့လူတွေ ရှိတယ်လေ။ ဗမာအများစုကတော့ အခုက ဗမာလည်း တိုင်းရင်းသား ဆိုတာကို လက်ခံလာပြီ။ ဗမာဟာ တိုင်းရင်းသားဆိုရင်လည်း လူမျိုးမရွေး၊ ဘာသာမရွေး အားလုံးကို ကျနော်တို့ ပါတီရဲ့ မူဝါဒကြိုက်တယ်။ ကျနော်တို့ပါတီရဲ့ လုပ်ဆောင်မှုတွေကို ထောက်ခံတယ်ဆိုရင် ကျနော်တို့က အားလုံးကို လက်ကမ်းကြိုဆိုပါတယ်။”

ဒီလို ပါတီသစ် ဖွဲ့စည်းမယ့်အပေါ်မှာတော့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဥက္ကဌ ဦးခင်မောင်ဆွေ က အခုလို သုံးသပ်ပါတယ်။

“အရေးကြီးတာကတော့ အများထဲက တယောက်ဟာ ပြည်ထောင်စု အဖွဲ့ဝင်တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အယူအနေနဲ့သာ သွားမယ်ဆိုရင် သိပ်ကောင်းတာပေါ့ဗျာ။ သို့မဟုတ်ဘဲနဲ့ နိုင်ငံရေးပါတီ အချင်းချင်းဟာ ခွဲရေး၊ တွဲရေးတွေ လုပ်ပြီးတော့ တိုက်နေမယ်ဆိုလို့ရှိရင်တော့ ပြိုင်ဘက် အနေအထားမျိုးဖြစ်အောင် လုပ်နေတယ်ဆိုလို့ရှိရင်တော့ မြန်မာနိုင်ငံရဲ့
နိုင်ငံရေး အလားအလာက မကောင်းလှဘူးခင်ဗျ။ ပြည်ထောင်စုပုံသဏ္ဍန် ရောက်စေချင်တယ် ဆိုရင်တော့ဖြင့် --- အနေအထားတစ်ခုကို သွားဖို့လိုပါတယ်။”

ဒီကနေ့ ပြီးဆုံးသွားတဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်းရဲ့ ဆွေးနွေးပွဲက ကြေညာလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့ တောင်းဆိုချက် အချက် ၆ ချက်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ၂၀၁၅ မတိုင်ခင် နိုင်ငံရေးအင်အားစုတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးနဲ့ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကန့်ကွက်ကြောင်း ဆုံးဖြတ်ချက်အပြင် မတရားသင်းဆိုင်ရာ အက်ဥပဒေပုဒ်မ ၁၇ (၁) နဲ့ (၂)၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ (က) ပုဒ်မခွဲ ၃ ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုထားတဲ့ အချက်တွေ ပါဝင်ပါတယ်။
XS
SM
MD
LG