သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ် ငြိမ်းချမ်းရေးညီလာခံ ဒီဇင်ဘာတတိယပတ်ထဲ ကျင်းပမည်


နိုဝင်ဘာလအတွင်းက အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ကြစဉ်က KNU ပြောခွင့်ရသူ စကားပြောကြားနေစဉ်။
နိုဝင်ဘာလအတွင်းက အစိုးရနဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရဖို့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဆွေးနွေးခဲ့ကြစဉ်က KNU ပြောခွင့်ရသူ စကားပြောကြားနေစဉ်။
မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ညီလာခံကြီးကို ဒီဇင်ဘာ တတိယအပတ်ထဲမှာ ကျင်းပသွားမယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ ဒီညီလာခံမတိုင်ခင် တိုင်းရင်းသားတွေဘက်က ရေးဆွဲထားတဲ့ မူကြမ်းနဲ့ ပတ်သက်ပြီး KNU ဗဟို ကော်မတီဝင်တွေအကြား ဆွေးနွေးသုံးသပ်ခဲ့ကြပေမယ့် တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အောင်မြင်ဖို့ ကတော့ မရေရာလှသေးပါဘူး။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့တဲ့ KNU ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေးအတွင်း တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ရေးဆွဲထားတဲ့ မူကြမ်းကို ဆွေးနွေးသုံးသပ်ခဲ့ကြတာပါ။ ဒီအထဲမှာ အဓိကအားဖြင့်တော့ တဖွဲ့ချင်းနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ ကာလအတွင်း ဖြစ်နေတဲ့ အခြေအနေတွေအပေါ် သုံးသပ်ပြီး မူကြမ်းထဲမှာ ထပ်မံ ဖြည့်စွက်သင့်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

“အဓိက-ကတော့ ကျနော်တို့ရဲ့ အခြေခံမူတွေ၊ နောက်ပြီးတော့ တိုင်းရင်းသားထဲမှာက တချို့ဒေသတွေမှာက ကျနော်တို့ရဲ့ ထိန်းချုပ်မှု အောက်မှာပဲ ကျနော်တို့အစီအစဉ်နဲ့ ပညာရေး၊ ကျန်းမာရေးလုပ်ဆောင်နေတဲ့ အပေါ်မှာ တကယ်လို့ အပစ်အခတ်ရပ်စဲရေးလုပ်မယ်ဆိုလို့ရှိရင် ဆွေးနွေးရေး ကာလမှာပေါ့ဗျာ- ဒီဒေသတွေကိုလည်း ကျနော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဆက်ထားပြီးတော့ တဖြည်းဖြည်းနဲ့ အသွင်ကူးပြောင်းသွားတဲ့ အခြေအနေကို လုပ်သွားလို့ရှိရင် ပိုပြီးတော့ သင့်တော်တယ်လို့ မြင်တာကို။ တပ်နေရာ ချန်ထားမှုလည်း တနေရာပေါ့လေ- ဒါကတော့ သွားရေးလာရေးကိစ္စတို့- ဒါတွေကလည်း အကြံပေးမှု တချို့ပေါ့။ ”

တနိုင်ငံလုံးအပစ်အခတ်စဲရေး ဒုတိယအကြိမ် ညီလာခံကြီးကိုတော့ KNU ထိန်းချုပ်ရာ နယ်မြေတစ်ခု အတွင်းမှာပဲ အဖွဲ့အစည်းအားလုံးအတွက် ဖြစ်နိုင်ချေရှိတဲ့ ဒီဇင်ဘာလ ၁၇ ရက်ကနေ ဒီဇင်ဘာလ ၂၅ ရက်ကြားမှာ ကျင်းပသွားဖို့ စီစဉ်နေတယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ ရက်အတိအကျကိုတော့ အဖွဲ့အစည်းတွေကြား ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ အရင်တခေါက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့က ကျင်းပခဲ့တဲ့ ပထမအကြိမ် ညီလာခံကြီးမှာတော့ - အောင်မြင်တဲ့အဖြေ တစုံတခု ချမှတ်နိုင်လိမ့်မယ်လို့ ပြည်သူအများက မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုအဖွဲ့ NCCT က ရေးဆွဲထားတဲ့ မူကြမ်းနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီဘက်က တင်သွင်းတဲ့ မူကြမ်းအကြား ကွဲလွဲမှုတွေ ရှိခဲ့ပြီးတော့ ဆုံးဖြတ်ချက် မချနိုင်ဘဲ ပြီးဆုံးသွားခဲ့တာပါ။ ဒါကြောင့် အခုတခေါက် ကရင်ပြည်နယ်တွင်းမှာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံကြီးမှာရော တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး နှစ်ဘက် ညှိနှိုင်း သဘောတူညီချက်တွေ ရရှိဖို့ ဘယ်လောက် အတိုင်းအတာအထိ နီးစပ်မှုရှိပါသလဲလို့ KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကွယ်ထူးဝင်းကို မေးကြည့်တော့ -

“တချို့အချက်အလက်တွေကတော့ တူပါတယ်။ တချို့အချက်အလက်တွေ ကျတော့ မတူညီတဲ့ အပိုင်းတွေကတော့ ရှိတာပေါ့။ အစွန်းဆုံးရည်မှန်းချက်က တပြည်လုံးအပစ်အခတ်ရပ်စဲရေး ရရှိပြီးတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့အတွက်ပဲ။ ဒါပေမဲ့ ဒီလို အပစ်အခတ်ရပ်စဲရေး ရရှိပြီးတဲ့ နောက်ပိုင်းမှာ တကယ့်အပစ်အခတ်ရပ်စဲရေးကို အာမခံနိုင်တဲ့အချက်အလက် အနေနဲ့ ပါဝင်ရမယ်။ နောက်ပြီးတော့လည်း ဒီကာလအတွင်းမှာ ကျနော်တို့ရဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း ရပ်တည်နိုင်ပြီးတော့ နိုင်ငံရေးပြဿနာ ရှင်းနိုင်တဲ့အချိန်အထိပေါ့လေ၊ တစုံတရာရပ်တည်နိုင်ဖို့အတွက် ဒါကလည်း ထည့်သွင်းစဉ်းစားရမယ့်အပေါ်မှာ မူတည်ပြီးတော့ ဒါ မတူညီတဲ့ အပိုင်းတွေတော့ ရှိနေမှာပေါ့နော်။ ဒါတွေကတော့ ညှိနှိုင်းရမှာပဲလို့ မြင်တယ်။”

တိုင်းရင်းသားတွေရဲ့ NCCT ညှိနှိုင်းရေးအဖွဲ့က ရေးဆွဲထားတဲ့ မူကြမ်း ၁၁ ချက် ထဲမှာတော့ သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် စတဲ့ အားလုံးပါဝင်လက်မှတ်ထိုးဖို့၊ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့ စတဲ့ အချက်တွေ ပါဝင်ပြီး အစိုးရဘက်ကရေးဆွဲတဲ့ မူကြမ်းထဲမှာတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ရပ်တည်ရေးကို ရေရှည်မှာ ထိခိုက်စေနိုင်တဲ့ တပ်သားသစ်မစုဆောင်းရ၊ နယ်မြေကျော် လွန်ပြီး မသွားရ၊ အခွန်မကောက်ရ ဆိုတဲ့ တပ်မတော်မူ ၆ ချက် ပါဝင်တဲ့ အခန်း စုစုပေါင်း ၁၅ ခန်း ပါဝင်ပါတယ်။ ဒါတွေကို ပြီးခဲ့တဲ့ ပထမအကြိမ် ညီလာခံကြီးမှာ အခြေအတင် ဆွေးနွေးခဲ့ကြရ တာ ဖြစ်ပြီး မကြာခင် ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံမှာတော့ အဖြေ ဘယ်လိုထွက်လာမလဲ စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတချို့က ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အခုပြီးစီးသွားတဲ့ ၅ ရက်ကြာ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး အတွင်း KNU ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ချမှတ်နိုင်ခဲ့တယ်လို့ သူက ပြောပါတယ်။

“အဓိက-က ရှေ့လုပ်ငန်းစဉ်ဆိုတဲ့နေရာမှာ ကျနော်တို့ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ပါမယ်၊ နောက်ပြီးတော့ ဌာနဆိုင်ရာ လုပ်ငန်းစဉ်တွေ ပါတာပေါ့နော်။ နိုင်ငံရေးလမ်းစဉ်ကတော့ ကျနော်တို့အနေနဲ့ ပြဿနာကို နိုင်ငံရေးနည်းနဲ့ဆိုတဲ့ မူအတိုင်း ဆက်ပြီးကိုင်သွားမယ်။ လုပ်တဲ့နေရာမှာလည်း တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရော၊ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ ဒီမိုကရေစီ အင်အားစုတွေရောနဲ့ လက်တွဲပြီးတော့ လုပ်ဆောင်သွားဖို့။ တခြားဌာနဆိုင်ရာ လုပ်ငန်းတွေကျတော့ ကျန်းမာရေးတို့၊ ကယ်ဆယ်ရေးတို့ နောက်ပြီးတော့ ပညာရေးကိစ္စတွေပါပဲ။”

KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောကွယ်ထူးဝင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ အလားတူ ဒီသီတင်းပတ်ထဲမှာပဲ ပြည်တွင်းပြည်ပ ရခိုင်ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ရခိုင်လက်နက်ကိုင် အင်အားစုတွေ အချင်းချင်း လက်တွဲပူးပေါင်းပါဝင်နိုင်ရေး အဓိက ဆွေးနွေးခဲ့ကြတယ်လို့လည်း ရခိုင်အမျိုးသားညီလာခံကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်ရှင်။
XS
SM
MD
LG