သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံလုံးဆိုင်ရာ NLD လူငယ်ညီလာခံ ကျင်းပပြီးစီး


နိုင်ငံလုံးဆိုင်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (လူငယ်) ညီလာခံ။
နိုင်ငံလုံးဆိုင်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (လူငယ်) ညီလာခံ။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေအနေနဲ့ နေရာနဲ့တာဝန်ကို ခွဲခြားမြင်ဖို့လိုကြောင်း ဂျူလိုင်လ (၅) ရက်နဲ့ (၆) ရက် စနေ၊ တနင်္ဂနွေ နှစ်ရက်ကြာ ရန်ကုန်မြို့မှာကျင်းပတဲ့ နိုင်ငံလုံးဆိုင်ရာ NLDပါတီ လူငယ်ညီလာခံမှာ တိုက်တွန်းလိုက်ပါတယ်။ ဒီညီလာခံကနေ အဖွဲ့ဝင် (၁၅) ဦးပါ NLD ဗဟိုလူငယ်လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

NLD ပါတီရဲ့ ဗဟိုလူငယ်ညီလာခံတချို့ကို လွန်ခဲ့တဲ့ နှစ်အစိတ် ၁၉၈၉ ခုနှစ်တုန်းက တိုင်းနဲ့ပြည်နယ်တချို့မှာ လုပ်နိုင်ခဲ့ပေမယ့် တနိုင်ငံလုံး ဆိုင်ရာ လူငယ်ညီလာခံကို အခုလို ကျင်းပတာတော့ ဒါပထမဦးဆုံးအကြိမ်လို့ပဲ ဆိုရမှာပါ။ တိုင်းနဲ့ပြည်နယ် အသီးသီးမှာရှိကြတဲ့ NLD ပါတီ လူငယ် တာဝန်ခံတွေကို ရပ်ကျေး မြို့နယ်အဆင့်တွေကနေ တိုင်းနဲ့ပြည်နယ် အဆင့်တွေအထိ အဆင့်ဆင့် ရွေးချယ်တင်မြှောက်ခဲ့ကြတာပါ။ ညီလာခံမှာ လူငယ်ကိုယ်စားပေါင်း (၁၆၆) ဦးတက်ရောက်ခဲ့တဲ့ထဲကမှ လူငယ်ခေါင်းဆောင် (၅၇) ဦးကို ရွေးချယ်ပြီး NLD ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ဗဟိုလူငယ် ဦးဆောင်အဖွဲ့အဖြစ် ဖွဲ့စည်းပြီးနောက် အဲဒီ (၅၇) ဦးထဲကမှ လူငယ် ခေါင်းဆောင် (၁၅) ဦးကို ထပ်မံရွေးချယ်ပြီး ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်တာပါ။

ဒီညီလာခံကို ရည်ရွယ်ချက် (၃) ရပ် လုပ်ငန်းစဉ် (၈) ခု ချမှတ်ပြီး ကျင်းပခဲ့တာဖြစ်ကြောင်း NLD ပါတီ လူငယ်ညီလာခံကျင်းပရေး ဗဟိုကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဦးက VOA ကို ပြောပါတယ်။

“ဒီလူငယ်ညီလာခံကြီးကနေပြီးတော့ အနာဂတ်မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တွေကို ဖော်ထုတ်ဖို့ပေါ့နော်၊ အနာဂတ် မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖော်ထုတ်ပြီးတော့ လူငယ်လုပ်ငန်းတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်၊ ဗဟိုအဆင့်တွေ ဖွဲ့စည်းပြီးတဲ့အခါမှာ ဒီအဖွဲ့တွေကနေပြီးတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကြီးရဲ့မူဝါဒတွေ၊ ရည်ရွယ်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို ဒိထက်ပိုပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ရယ်၊ ပြီးတော့ လူငယ်ထု ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ လုပ်နိုင်အောင်ရယ်၊ ဒေသန္တရ ဖွံ့ဖြိုးရေးတွေကို စီမံအကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ရယ်၊ အဲလို အခြေခံ ရည်ရွယ်ချက်တွေ ရှိပါတယ်။”

နှစ်ရက်ကြာ ကျင်းပတဲ့ NLD ပါတီ ဗဟိုလူငယ်ညီလာခံကို ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး ဆွေးနွေးခဲ့ပါတယ်။ နေရာနဲ့ တာဝန်ကို ခွဲခြားမြင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေကို တိုက်တွန်းခဲ့ကြောင်း ဦးမောင်မောင်ဦးက ပြောပါတယ်။

“အဓိကပြောသွားတာတော့ တာဝန်နဲ့ နေရာကို ခွဲခွဲခြားခြား ပြောသွားပါတယ်။ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လူငယ်နဲ့ပတ်သက်လို့ ဘာ နေရာပေးမှာလဲ။ နေရာပေးဖို့ မရှိဘူး၊ တာဝန်ပေးဖို့ပဲ ရှိတယ်ဆိုတာကို အဓိက ဇောင်းပေးပြီး ပြောပါတယ်။ မနေ့က ညစာစားပွဲမှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ်တွေ ကြုံတွေ့နေရတဲ့ အခြေအနေအားလုံးကို သူ စိတ်ဝင်တစားနဲ့ သေချာမေးမြန်းပါတယ်။ သေချာ နားထောင်တယ်။ ပိတ်ပွဲ အခမ်းအနားမှာတော့ ထွက်လာတဲ့ရလဒ်ကို သူ အရမ်းကျေနပ်တယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားတွေ အကုန်လုံးနီးပါး ပါတယ်။ ပြီးတော့ အမျိုးသမီးတွေ ၅၀ % လောက် ပါလာတာကို သူ အရမ်းကျေနပ် ဝမ်းသာသွားပါတယ်။ ဒါကို သူ အပိတ်မိန့်ခွန်းမှာ ထည့်ပြောသွားပါတယ်။”

အသစ်ရွေးချယ်ခံရတဲ့ထဲမှာ NLD ဗဟိုလူငယ် လုပ်ငန်းအဖွဲ့တာဝန်ခံအဖြစ် ဧရာဝတီတိုင်းက ဒေါက်တာစိုးမိုးသူကို ရွေးချယ်ခဲ့ကြတာပါ။ တာဝန်ခံ ဖြစ်လာတာနဲ့ပတ်သက်လို့ ဒေါက်တာစိုးမိုးသူက သူ့အမြင်ကို ခုလို ပြောလာပါတယ်။

“အခု ကျနော် တာဝန်ခံဖြစ်လာပြီဆိုတော့ NLD လူငယ် ဗဟိုလုပ်ငန်းအဖွဲ့ တာဝန်ခံဖြစ်တဲ့အတွက်ကြောင့် NLD လူငယ်လုပ်ငန်းတွေကို အကုန်လုံး ကျနော် ဦးဆောင်ရမှာ ဖြစ်တော့ လူငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးကအစပေါ့ဗျာ၊ လူငယ်ထုထဲမှာ နိုင်ငံရေး ဆိုတဲ့ စိတ်ဓာတ်လေး၊ လူငယ်တွေ နိုင်ငံရေးလုပ်တယ်ဆိုတာ အပြစ်မဟုတ်ပါဘူး။ မိဘတွေက ကျနော်တို့ကို အမြဲတားလေ့ရှိတယ်။ နိုင်ငံရေး မပတ်သက်နဲ့၊ နိုင်ငံရေးနဲ့ မပတ်သက်နဲ့…အဲဒီ အမြင်ကို ကျနော် တွန်းလှန်ချင်တယ်ပေါ့နော်။ အဲဒီတော့ လူငယ်တွေကိုလည်း နိုင်ငံရေး စိတ်ဝင်စားလာအောင် ဦးဆောင်ဦးရွက်နဲ့ ရှေ့တန်းကနေပြီးတော့ မားမားမတ်မတ် ရင်ဆိုင်ပြီး လူငယ်တွေကို အမြင်ဖွင့်ပေးချင်တယ်လို့ ကျနော် ပြောချင်ပါတယ်ခင်ဗျ။ ကျနော်လည်း နေရာလိုချင်လို့ဆိုတာထက် ကျနော်က တာဝန်ထမ်းဆောင်ချင်တာပါ။ ဘာမှ မျှော်လင့်ပြီး ကျနော်ဝင်လာတာ မဟုတ်ပါဘူး။”

အခု ရွေးချယ်လိုက်တဲ့ NLD ဗဟို လူငယ်လုပ်ငန်းအဖွဲ့ဝင် (၁၅) ဦးထဲမှာ အမျိုးသမီး (၇) ဦးနဲ့ အမျိုးသား (၈) ဦး ပါဝင်ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်က ကိုယ်စားလှယ်တွေကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေက လူငယ်တွေပါဝင်ပြီး တိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်ခင်ဗျား။

XS
SM
MD
LG