၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်စစ်ပွဲ ခေါင်းဆောင်မှုကဏ္ဍကို မြောက်အတ္တလန္တိတ်စစ်စာချုပ် NATO မဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေ ထံကနေ အာဖဂန်နစ္စတန်အစိုးရ တပ်မတော်ကို လွှဲပြောင်းပေးဖို့ အစီအစဉ်ကို NATO အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေက စနေနေ့က သဘောတူ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ သူ့အခေါ် ထိရောက်ပြီး ရေရှည်တည်တံ့မယ့် အသွင်ကူးပြောင်းရေးကို အကောင်အထည်ဖော်မယ့် ဒီအစီအစဉ်ကို အာဖဂန်နစ္စတန်သမ္မတ Hamid Karzai က ကြိုဆိုလိုက်ပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်းမှာ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကို အာဖဂန်နစ္စတန်မှာ တိုက်ခိုက်ရေးတပ်တွေအဖြစ် တွေ့ရဖွယ်မရှိတော့ဘူးလို့ NATO အဖွဲ့ အထွေထွေအတွင်းရေးမှူး Anders Fogh Rasmussen ကပြောပါတယ်။
အသွင်ကူးပြောင်းရေး အကောင်အထည်ဖော်တဲ့ အချိန်ကာလဟာ အာဖဂန်နစ္စတန် လုံခြုံရေးအခြေအနေပေါ် မူတည်မယ်ဆိုတာကို သတိရှိဖို့လိုပေမဲ့ သတ်မှတ်ထားတဲ့ ၂၀၁၄ ခုနှစ်မှာ ပြီးအောင် လုပ်မယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Ban Ki-Moon ကလည်း အသွင်ကူးပြောင်းမှုကို အချိန်ဇယားထက် လက်တွေ့ဖြစ်နိုင်တဲ့ အခြေအနေပေါ်ကို မူတည် လုပ်သင့်ကြောင်း သတိပေးလိုက်ပါတယ်။ နိုင်ငံပေါင်း ၂၈ နိုင်ငံပါဝင်တဲ့ NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တွေဟာ ကြားဖြတ် အစည်းအဝေးပွဲတွေမှာ ရုရှားသမ္မတ Dmitry Medvedev နဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။