သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ဥပဒေ ရုရှားချိုးဖောက်ဟု နေတိုးစွပ်စွဲ


အမေရိကန်ကာကွယ်ရေးဝန်ကြီး
အမေရိကန်ကာကွယ်ရေးဝန်ကြီး

ရုရှားနိုင်ငံဟာ တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့များဆိုင်ရာစာချုပ် (INF) ကို ချိုးဖောက်နေတယ်လို့ ဘယ်လ်ဂျီယမ်နိုင်ငံမှာ ကြာသပတေးနေ့ကလုပ်တဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ အစည်းအဝေးတခုအတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး James Mattis က ပြောပါတယ်။ ဓာတုလက်နက်အသုံးပြုမှုကို စုံစမ်းစစ်ဆေးနေတဲ့ နိုင်ငံတကာ အဖွဲ့တခုကို ရုရှားက ဒီနှစ် အစောပိုင်းမှာ ဆိုင်ဘာတိုက်ခိုက်မှုလုပ်ဖို့ ကြိုးစားတာကို တားဆီးခဲ့ရတယ်လို့ နယ်သာလန်နိုင်ငံက လည်း ပြောပါတယ်။ ရုရှားရဲ့ ရန်လိုတဲ့ ပြုမူလုပ်ဆောင်ပုံတွေအပေါ် အနောက်နိုင်ငံတွေက အရင်ကမရှိဖူးတဲ့ပုံမျိုးနဲ့ တုံ့ပြန်ပြော ဆိုနေကြတဲ့အကြောင်း Zlatica Hoke ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

စစ်အေးခေတ်ကာလက ချုပ်ဆိုထားတဲ့ INF လို့သိကြတဲ့ သဘောတူစာချုပ်ကို ချိုးဖောက်ပြီး ရုရှားနိုင်ငံဟာ နျူကလီးယား လက်နက်ထုတ်လုပ်နေတယ်လို့ အမေရိကန်က ယုံကြည်ပါတယ်။ ဒီအချက်သာမှန်တယ်ဆိုရင် ရုရှားအနေနဲ့ ဥရောပကို အချိန်တို အတွင်း နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်နိုင်စွမ်း ရှိလာမှာပါ။ စာချုပ်ပါကန့်သတ်ချက်တွေကို ရုရှားတို့ ဆက်ပြီး လိုက်နာမှု မရှိတော့ဘူးဆိုရင် အမေရိကန်က တုံ့ပြန်လုပ်ဆောင်ရလိမ့်မယ်လို့ ဝန်ကြီး Mattis က NATO ဝန်ကြီးတွေကိုပြောပါတယ်။

“အမြဲလုပ်ဆောင်နေကျအတိုင်း ကျနော်တို့မဟာမိတ်တွေနဲ့ ဟန်ချက်ညီ ညှိနှိုင်းပြီး သံတမန်ရေးနဲ့ ကာကွယ်ရေး အရ လုပ်ဆောင်နိုင်ခြေတွေကို အမေရိကန်က ဆန်းစစ်လေ့လာနေ ပါတယ်။ ဒီ စာချုပ်ကို ရုရှားက ဗြောင်ကျကျ ချိုးဖောက်နေတဲ့ လက်ရှိအခြေအနေအပေါ် ဘယ်လိုမှ လက်ခံနိုင် စရာမရှိဘူးဆိုတာ ကျနော် ပြတ်ပြတ်သားသား ပြောပါတယ်။”

စာချုပ်ကိုချိုးဖောက်မှု လုံးဝမရှိဘူးလို့ ရုရှားက ငြင်းထားပြီး အမေရိကန်ကသာ စာချုပ်ကို ချိုးဖောက်ပြီး ဒုံးကျည်ကာကွယ်ရေးစနစ် တွေကို ချထားတာဖြစ်တယ်လို့ ပြောပါတယ်။ NATO အဖွဲ့ အတွက် အန္တရာယ်ရှိတဲ့ ဒုံးကျည်စနစ်သစ်တခု ရှိထားတယ်ဆိုတာ မကြာသေးခင်ကပဲ ရုရှားက ထုတ်ဖော်ပြောဆိုထားတယ်လို့ NATO အတွင်းရေးမှူးချုပ် Jens Stoltneberg ကပြောပါတယ်။ အိမ်နီးချင်းတွေအပေါ် အင်အားသုံးတာ၊ ရွေးကောက်ပွဲတွေကို သြဇာလွှမ်းမိုးဖို့ ကြိုးစားတာနဲ့ သတင်းမှားဖြန့်တာတွေလို တခြား နိုင်ငံတကာစံနှုန်းတွေအပေါ် ရုရှားရဲ့ ချိုးဖောက်မှုတွေကိုလည်း Jens Stoltneberg က ထောက်ပြပါတယ်။

“ကမ္ဘာတဝန်းမှာ ခွဲခြားသတ်မှတ်မှုမရှိ လုပ်ဆောင်နေတဲ့ ရုရှားရဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို နယ်သာလန်နဲ့ ဗြိတိသျှအစိုးရတွေက ဖွင့်ချ ဖော်ထုတ်ထားပါတယ်။”

ရုရှားစစ်ထောက်လှမ်းရေးအဖွဲ့ GRU ဟာ The Hague မြို့အခြေစိုက် ဓာတုလက်နက်များ ပိတ်ပင် တားဆီးရေးအဖွဲ့ OPCW ကို ဆိုင်ဘာတိုက်ခိုက်မှုလုပ်ဖို့ ကြိုးစားတယ်ဆိုတာ နယ်သာလန်နိုင်ငံက ကြာသပတေးနေ့မှာ ဖွင့်ချပါတယ်။ ထိခိုက်နစ်နာစေတဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေကို ရုရှား စစ်ထောက်လှမ်းရေးအဖွဲ့က ကမ္ဘာတဝန်းမှာ လုပ်ဆောင်နေတယ်လို့ ဗြိတိန်နိုင်ငံက သူ့ရဲ့ ထောက်လှမ်းရေး မဟာမိတ် သြစတြေးလျ၊ နယူးဇီလန်တို့နဲ့အတူူ ပူးတွဲပြီး စွပ်စွဲပြောဆိုပါတယ်။ ရုရှားရဲ့ တာဝန်မဲ့ပြုမူလုပ်ဆောင် ပုံကို သည်းခံမှာမဟုတ်ဘူးလို့ မဟာမိတ်သုံးနိုင်ငံရဲ့ သတိပေးချက်ကို သြစတြေးလျဝန်ကြီးချုပ် Scott Morrison က ပြောသွားပါ တယ်။

“အားကစားမှာ တားမြစ်ဆေးသုံးစွဲတာနဲ့ စီးပွားရေးအကျိုးအမြတ်ကိစ္စတွေလို ကဏ္ဍပေါင်းစုံမှာ ဒီကိစ္စတွေ ဖြစ်ပျက်နေတာဟာ လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဒါကို ကျနော်တို့ သိပ်ကိုရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။ အစိုးရတရပ်အနေနဲ့လည်း ကျနော်တို့ ဒီအတိုင်း အတိအကျ ပြောဆိုနေတာဖြစ်ပါတယ်။”

ရုရှားအစိုးရကိုယ်တိုင်ပါဝင်တဲ့ အားကစား တားမြစ်ဆေးသုံးစွဲမှုအစီအစဉ်ကနေ အာရုံလွှဲဖို့ ကြိုးစားချက် တစိတ်တပိုင်းအနေနဲ့ အင်တာနက်ကနေ ထွင်းဖောက်ခိုးဝင်တာ၊ သတင်းနည်းပညာကို သုံးပြီး ဘဏ္ဍာငွေကြေးပိုင်း လိမ်လည်လုပ်ဆောင်တာ၊ တခြားလူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက် တွေ ကို ခိုးယူအသုံးပြုတာနဲ့ ငွေမည်းခဝါချတာတွေ ကျူးလွန်တယ်လို့ စွပ်စွဲပြီး ရုရှား ထောက် လှမ်းရေး အရာရှိ ခုနစ်ဦးကို တရားစွဲလိုက်တဲ့အကြောင်း အမေရိကန်ဘဏ္ဍာရေးဌာနက ကြာသပတေးနေ့မှာ ကြေညာပါတယ်။

အဲဒီထဲကသုံးဦးဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမတိုင်ခင်က ဒီမိုကရက်တစ် ပါတီရဲ့ အီးမေးလ်တွေကို ရုရှား က ထွင်းဖောက်ခိုးယူတယ်လို့ စွပ်စွဲထားတဲ့ပြစ်မှုအတွက် ပြီးခဲ့တဲ့ ဇူလိုင်လက တရားစွဲခံထားရတဲ့ထဲမှာလည်း ပါဝင်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG