သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် အသွင်ကူးပြောင်းရေး နေတိုး ရေရှည်ပံ့ပိုးမည်


တနင်္ဂနွေနေ့ အမေရိကန်ပြည်ထောင်စု ရှီကာဂို (Chicago) မြို့မှာ ပြုလုပ်တဲ့ NATO ထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုး (NATO) အတွင်းရေးမှူးချုပ် Anders Rasmusen တို့ ဖွင့်လှစ်ပေးပြီး၊ ကမ္ဘာ့ခေါင်းဆောင်တွေဟာ ဒီ နှစ်ရက်အတွင်း အာဖဂနစ္စတန် အသွင်ကူးပြောင်းရေးရဲ့ နောက်အဆင့်ကို ဆွေးနွေးတိုင်ပင် ပုံကြမ်းဆွဲဖို့ ရှိမယ်လို့ ခေါင်းဆောင်နှစ်ဦးက ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမားနဲ့ အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ခါဇိုင်းတို့ နှစ်ဦးဟာ အာဖဂန် လုံခြုံရေးနဲ့ တည်ငြိမ်းရေးအတွက် သူတို့နှစ်ဦးမှာ တူညီတဲ့အမြင်တွေ ရှိတယ် ဆိုတာကို ထပ်လောင်း အတည်ပြုပြောဆိုပါတယ်။ ချီကာဂိုမြို့မှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုး မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေး အပြင်ပန်းမှာ သမ္မတနှစ်ဦး သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။အာဖဂန်နစ္စတန်ကိုယ်တိုင် ဦးဆောင်တဲ့ အာဖဂန်လုံခြုံရေး အသွင်ကူးပြောင်းမှုကိစ္စ ပြီးပြတ်ရေးမှာ လုံခြုံရေး အကူအညီပေးတဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေရဲ့ ကျယ်ကျယ်ပြန့်ပြန့် တညီတည်းသဘောတူညီမှုနဲ့ နိုင်ငံတကာ အထောက်အပံ့တွေ ဆက်လက် လိုအပ်မှုတွေကို သမ္မတ အိုဘားမားက ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

သူနဲ့ သမ္မတခါဇိုင်းတို့နှစ်ဦး အခုလ အစောပိုင်းတုန်းက လက်မှတ်ရေးထိုးခဲ့တဲ့ မဟာဗျူဟာလက်တွဲဘက် သဘောတူညီမှုဟာ အာဖဂန်နစ္စတန်နိုင်ငံ အသွင်ကူးပြောင်းရေး ဆယ်စုနှစ်တခုအတွက် တူညီတဲ့ အခြေခံအမြင်တွေဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ဆယ်စုနှစ်တွေနဲ့ချီကြာနေတဲ့ အာဖဂန်နစ္စတန် စစ်ပွဲတွေကို အဆုံးသတ်ပြီး၊ ငြိမ်းချမ်း တည်ငြိမ်ပြီး ဖွွံဖြိုးတိုးတက်တဲ့ အာဖဂန်နစ္စတန်နိုင်ငံ တည်ဆောက်ရေးအတွက် အသွင်ကူးပြောင်းရေး အစီအမံတရပ်ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်မှာ အာဖဂန်က နိုင်ငံခြားတပ်ဖွဲ့တွေ အပြီးသတ်ရုပ်သိမ်းမှု မတိုင်ခင်မှာ၊ ၂၀၁၃ ခုနှစ် အာဖဂန်က လုံခြုံရေးကို ကိုယ်တိုင် တာဝန်ယူသွားဖို့ကို အစိုးရအနေနဲ့ ပိုင်းဖြတ်မှုရှိရှိ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သမ္မတ ခါဇိုင်းကလည်း ပြောပါတယ်။ ဒါမှသာ အာဖဂန်အရေး ကိစ္စဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဝန်ထုပ်ဝန်ပိုး ဆက်ပြီး မဖြစ်စေရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း အာဖဂန်အနေနဲ့ အကူအညီတွေတော့ ဆက်ပြီး လိုအပ်နေဦးမယ်လို့ မစ္စတာခါဇိုင်းက ပြောပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်း အစည်းအဝေးမှာတော့ နေတိုး အကြီးအကဲ Anders Rasmussen က အာဖဂန်ကနေ ထွက်ခွာရေးအစီအစဉ် အလျင်စလိုတော့ ဖြစ်နိုင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း ပြင်သစ်အစိုးရသစ်ကတော့ အခုနှစ်အကုန်ပိုင်းမှာ ပြင်သစ်တပ်တွေ ရုပ်သိမ်းဖို့ ဂတိပြုထားပါတယ်။ ပြင်သစ်အနေနဲ့တော့ အခြားနည်းလမ်းနဲ့ အာဖဂန်ကို အကူအညီတွေ ဆက်ပေးမှာပါလို့တော့ ပြောပါတယ်။ နိုင်ငံပေါင်း ၅၀ ကျော်က ကိုယ်စားလှယ်တွေ တာဝန်ရှိသူတွေ ပါဝင်တဲ့ နေတိုးထိပ်သီးဆွေးနွေးပွဲကို အမေရိကန်သမ္မတက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာဖြစ်ပါတယ်။ အဲဒီမှာ အာဖဂန်မှာရှိတဲ့ နေတိုးရဲ့ အနာဂတ်အရေးကို အလေးပေးဆွေးနွေးခဲ့ကြတာပါ။ အာဖဂန်လုံခြုံရေးကိစ္စ အ၀၀ကို အာဖဂန်ကိုလွဲှပေးဖို့နဲ့ ရေရှည်မှာ အကူအညီတွေ ဘယ်လိုဘယ်ပုံ ပေးသွားနိုင်မလဲဆိုတာ ဆွေးနွေး တိုင်ပင်ခဲ့ကြတာပါ။

အခုလို ထိပ်သီး ဆွေးနွေးပွဲ လုပ်နေချိန်မှာပဲ ရှီကာဂိုမြို့လမ်းတွေပေါ်မှာ ထောင်နဲ့ချီတဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားသူတွေဟာ နေတိုးခေါင်းဆောင်တွေကို မကျေမနပ် ဆန္ဒပြနေကြပါတယ်။ ရှီကာဂိုလမ်းတွေပေါ်မှာ လုံခြုံရေးတွေ အထူးကြပ်မတ် ချထားပြီး၊ ဖမ်းဆီးမှုအချို့လည်း ရှိပါတယ်။ လုံခြုံရေးရဲတွေနဲ့ ဆန္ဒပြသူတွေ ထိပ်တိုက်တွေ့ကြတာရှိပေမဲ့ အခြေအနေတွေဟာ ညနေခင်းအထိ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေခဲ့ပါတယ်။

XS
SM
MD
LG